ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ရင် ပါးပါးနပ်နပ် လုပ်ဖို့ ထရမ့်ကို ရှီကျင့်ဖျင် သတိပေး

အောက်တိုဘာလက တောင်ကိုရီးယားမှာ ကျင်းပတဲ့ အေပက်ညီလာခံ သီးသန့်ဆွေးနွေးပွဲတွေမှာ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလက တောင်ကိုရီးယားမှာ ကျင်းပတဲ့ အေပက်ညီလာခံ သီးသန့်ဆွေးနွေးပွဲတွေမှာ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့
    • ရေးသားသူ, ကယ်လီ င နဲ့ တက်ဆာ ဝေါင်း
  • ဖတ်ရန်အချိန်: မိနစ် ၇

တရုတ် အမေရိကန် ဆက်ဆံရေးမှာ ထိုင်ဝမ်အရေးဟာ အရေးကြီးဆုံး ကိစ္စ ဖြစ်တယ်ဆိုပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က သမ္မတ ထရမ့်နဲ့ ဖုန်းပြောစဉ်မှာ ပြောခဲ့ပါတယ်။

ထိုင်ဝမ်ကို လက်နက် ထောက်ပံ့ရင် ပါးပါးနပ်နပ်လုပ်ဖို့ ရှီကျင့်ဖျင်က ထရမ့်ကို ပြောခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာမှာ ဖော်ပြပါတယ်။ အမေရိကန်အစိုးရနဲ့ တရုတ် ဆက်ဆံရေးက အကြီးအကျယ် အရေးပါကြောင်း၊ နှစ်ဘက်စလုံးအနေနဲ့ သဘောကွဲလွဲနေမှုတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရှီကျင့်ဖျင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က သူတို့နှစ်ဦး ဖုန်းပြောဆိုခဲ့မှုဟာ "အရမ်းအဆင်ပြေပြီး အချိန်ကြာကြာ ထဲထဲဝင်ဝင် စကားပြောခဲ့ကြတယ်" လို့ ထရမ့်က ပြောပါတယ်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်ချက်နဲ့ လတ်တလောလပိုင်းတွေအတွင်း ယူကေ ဝန်ကြီးချုပ် ကီယာ စတာမာ အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို တဖွဲဖွဲ ရောက်လာခဲ့ကြအပြီးမှာပဲ သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ထရမ့်တို့ ဖုန်းပြောခဲ့ကြတာ ဖြစ်ပါတယ်။

ထရမ့်ကိုယ်တိုင်လည်း တရုတ်နိုင်ငံကို ဧပြီလမှာ သွားရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်က သူသိပ်ကို သွားချင်နေတဲ့ ခရီးစဉ် ဖြစ်တယ်လို့ သူကပြောပါတယ်။

"တရုတ်နဲ့ ဆက်ဆံရေး၊ သမ္မတ ရှီကျင့်ဖျင်နဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးတွေက အရမ်းကို ကောင်းပါတယ်။ ဒီအတိုင်း ဆက်အဆင်ပြေနေဖို့ ဘယ်လောက်အရေးကြီးသလဲ ဆိုတာကို ကျွန်တော်တို့နှစ်ယောက်စလုံး နားလည်ထားပါတယ်" လို့ သမ္မတထရမ့်က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။

ထိုင်ဝမ်ကိစ္စ၊ ပဲပိစပ်ပို့ကုန် ကိစ္စ စတာတွေအပြင် ယူကရိန်းစစ်ပွဲ၊ အီရန်က လက်ရှိအခြေအနေ၊ အမေရိကန်ဆီက ရေနံနဲ့ ဓာတ်ငွေ့ တရုတ်ဝယ်ယူဖို့ ကိစ္စ စတာတွေကိုလည်း ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ သမ္မတထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။

ထိုင်ဝမ်နဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်က "ကိုယ့်သဘောနဲ့ ကိုယ်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ ပိုင်နက် နယ်မြေ ဖြစ်တယ်၊ ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ နယ်မြေ တစည်းတလုံးတည်းဖြစ်ရေးကို တရုတ်အစိုးရက ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်တယ်"လို့ ပြောခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ ကိစ္စအပေါ် အမေရိကန်အနေနဲ့ ပါးပါးနပ်နပ် လုပ်ဆောင်ဖို့ လိုတယ်"လို့ သူက သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ ပြန်ပေါင်းစည်းဖို့ တရုတ်က ဟိုးကတည်းက ကြုံးဝါးထားတာ ဖြစ်ပြီး အင်အားသုံး တိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ထက်စာရင် တရုတ်နဲ့ ဆက်ဆံရေးက တရားဝင်ဆက်ဆံရေးအဖြစ် ထားရှိပေမဲ့ သံတမန် ဆက်ဆံရေးက ဆယ်စုနှစ်နဲ့ချီ အတိမ်းအစောင်းမခံတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အင်အားကြီး မဟာမိတ်နိုင်ငံအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပြီး လက်နက် အများဆုံး တင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလတုန်းက ထရမ့်အစိုးရက ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလျံဖိုး လက်နက်ရောင်းဖို့ အစီအစဉ်ကြီးကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အဲဒီအစီအစဉ်ထဲမှာ ခေတ်မီ ရော့ကက်လောင်ချာတွေ၊ ကိုယ်တိုင်ပစ်လွှတ်တဲ့ ဟောင်ဝစ်ဇာအမြောက်တွေ၊ မစ်ဆိုင်းဒုံးအမျိုးအစား အမျိုးမျိုးတွေ ပါဝင်ပါတယ်။

အဲဒီအချိန်တုန်းက တရုတ်အစိုးရက "ထိုင်ဝမ် လွတ်လပ်ရေးကို အားပေးအားမြှောက်လုပ်ဖို့ ကြိုးစားမှု" မှန်သမျှဟာ ထိုင်ဝမ်ကျွန်းဆွယ်တလျှောက်မှာ အန္တရာယ်များတဲ့ အကြမ်းဖက်မှု အခြေအနေတွေ ဖြစ်လာအောင် တွန်းပို့နေတာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"အမေရိကန်ဘက်က စိုးရိမ်မှုတွေ ရှိသလိုပဲ တရုတ်ဘက်ကလည်း စိုးရိမ်မှု ရှိနေပါတယ်"လို့ ရှီကျင့်ဖျင်က ထရမ့်ကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

"တကယ်လို့ သာတူညီမျှမှု စိတ်ဓာတ်၊ လေးစားမှု၊ အပြန်အလှန် အကျိုးပြုမှု ဆိုတဲ့ တူညီတဲ့ ဦးတည်ရာလမ်းကြောင်းအတိုင်း နှစ်ဘက်စလုံးက လုပ်ဆောင်သွားမယ်ဆိုရင် တစ်ဘက်နဲ့ တစ်ဘက်ရဲ့ စိုးရိမ်မှုတွေကို ပြေပျောက်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။"

ကြာသပတေးနေ့မှာ ထိုင်ဝမ်ခေါင်းဆောင် လိုင် ချင်းတီ က အမေရိကန်နဲ့ ဆက်ဆံရေးက "ကျောက်ဆောင်ကျောက်သားလို" ခိုင်မြဲနေဆဲ ဖြစ်ပြီး "လက်ရှိလုပ်ဆောင်နေဆဲ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ အားလုံး ဆက်လုပ်နေဆဲပဲ"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ နိုဝင်ဘာလတုန်းက နောက်ဆုံး စကားပြောခဲ့စဉ်မှာ ထရမ့်ကို တရုတ်နိုင်ငံကို လာလည်ဖို့ ရှီကျင့်ဖျင် က ဖိတ်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အခွန်နှုန်းတွေ အပြန်အလှန် တိုးမြှင့်ခဲ့ကြပြီး ချစ်ပြားတွေနဲ့ မြေရှားသတ္တုတွေကို လက်ဝါးကြီးအုပ်ဖို့ အပြိုင်အဆိုင် လုပ်ခဲ့ကြအပြီးနောက်ပိုင်း ပြီးခဲ့တဲ့ လပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး တဖြည်းဖြည်းနဲ့ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

ခုန ပြောခဲ့တဲ့ ကိစ္စနှစ်ခုက ညှိနှိုင်းမရတဲ့ အဓိကကိစ္စရပ်တွေအဖြစ် ရှိနေဆဲ ဖြစ်ပေမဲ့ အောက်တိုဘာလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင်နှစ်ဦး လူကိုယ်တိုင် တွေ့ဆုံခဲ့ကြပြီး သဘောတူချက်တစ်ခု ချုပ်ဆိုနိုင်ခဲ့အပြီးမှာတော့ တင်းမာမှုတွေ လျော့ကျသွားခဲ့ပုံ ရပါတယ်။ အဲဒီသဘောတူချက်အရ နှစ်ဘက်စလုံးက အခွန်နှုန်းတချို့ နဲ့ မြေရှားသတ္တု တင်ပို့မှု ထိန်းချုပ်ရေး ကိစ္စတွေမှာ ဖြေလျှော့ပေးခဲ့ကြပါတယ်။

အမေရိကန်ကနေ ပဲပိစပ် တင်ပို့မှု တားမြစ်ထားတာကို တရုတ်က ပြန်ရုပ်သိမ်းပေးမယ့် သဘောတူချက်တစ်ခုအတွက် မူဘောင်အချက်တွေကို နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ခ်တော့ခ် နဲ့ ပတ်သက်တဲ့ သဘောတူချက်တစ်ခုကိုလည်း ပြီးခဲ့တဲ့လက အပြီးသတ်သဘောတူခဲ့ကြပါတယ်။

ထရမ့်နဲ့ ဖုန်းမပြောခင် နာရီပိုင်းမှာပဲ ရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဗီဒီယိုကနေတဆင့် စကားပြောခဲ့ပါတယ်။ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာလာနေတာအပေါ် နှစ်ဦးစလုံးက ချီးမွမ်းခန်း ထုတ်ခဲ့ကြပါတယ်။

အခုနှစ် ပထမနှစ်ဝက်ပိုင်းမှာ တရုတ်နိုင်ငံကို လာလည်ဖို့ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကိုလည်း ပူတင်က လက်ခံခဲ့တယ်လို့ ရုရှား အစိုးရသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

ရုရှား၊ အမေရိကန် ခေါင်းဆောင် နှစ်ဦးနဲ့ ရှီကျင့်ဖျင် ဖုန်းပြောဆိုခဲ့မှုတွေဟာ တရုတ်က တာဝန်ယူစိတ်ရှိပြီး ဆင်ခြင်တုံတရားရှိတဲ့ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ဖော်ပြနေတယ်ဆိုပြီး တရုတ်အစိုးရ သတင်းမီဒီယာတွေက ဂုဏ်ဖော် ရေးသားခဲ့ကြပါတယ်။

ဇန်နဝါရီလတုန်းက ထရမ့်က ကမ္ဘာ့စင်မြင့်မှာ အခြေအတင်အငြင်းပွားစရာ လုပ်ရပ်တွေ ပြောင်ပြောင်တင်းတင်း လုပ်ပြခဲ့အပြီး တရုတ်အစိုးရက အခုလို အနေအထားပြောင်းပြလာခဲ့ပုံ တွေ့ရပါတယ်။

အမေရိကန် သမ္မတ ထရမ့်က ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မက်ဒူရိုကို ဖမ်းဆီးဖို့ သူ့စစ်တပ်ကို အမိန့်ပေးခဲ့ပြီး ဂရင်းလန်ကျွန်းကို အမေရိကန်က သိမ်းယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဥရောပနိုင်ငံခေါင်းဆောင်တွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်သွားခဲ့ရပါတယ်။

ဗင်နီဇွဲလားမှာ အမေရိကန်စစ်တပ် ဝင်စီးနင်းခဲ့တဲ့အတွက် တရုတ်ကလည်း ထိုင်ဝမ်ကို အလားတူ လုပ်ဖို့ စိတ်အားထက်သန် လာနိုင်မယ်လို့ အကဲခတ်တချို့က ပြောလာကြပါတယ်။

ဒါပေမဲ့ တချို့ကတော့ တရုတ်က ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ယူဆကြပါတယ်။ နိုင်ငံခြားရေးရာ ဆက်ဆံရေး ကောင်စီက နိုင်ငံရေးကျွမ်းကျင်သူ ဒေးဗစ် ဆက်စ် က တရုတ်အစိုးရဟာ ထိုင်ဝမ်ပြည်သူတွေ အားလျော့သွားအောင် ခြိမ်းခြောက် အကြပ်ကိုင်တဲ့ နည်းဗျူဟာကိုပဲ ဆက်သုံးသွားလိမ့်မယ် လို့ သူမျှော်လင့်ထားကြောင်း ဘီဘီစီကို အစောပိုင်းက ပြောခဲ့ပါတယ်။

ထရမ့်၊ ပူတင်တို့နဲ့ ရှီကျင့်ဖျင် ဖုန်းပြောဆိုခဲ့မှုဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ တဖက်သတ်ဝါဒတွေ ကြီးစိုး တိုးပွားလာနေချိန်မျိုးမှာ တရုတ်နိုင်ငံဟာ တည်ငြိမ်တဲ့ အင်အားစုတစ်ခုအနေနဲ့ ဆက်လက် ပြုမူသွားမယ်ဆိုတာကို ထင်ဟပ်ပြနေတယ်လို့ တရုတ်နိုင်ငံထုတ် China Daily သတင်းစာ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

"တရုတ်အစိုးရဟာ တာဝန်ယူမှုရှိတဲ့ သံတမန်နည်းလမ်းကတဆင့် ကမ္ဘာကြီး ငြိမ်းချမ်းဖို့နဲ့ တည်ငြိမ်ဖို့အတွက် အရေးပါတဲ့ အကျိုးတူနိုင်ငံကြီးတွေနဲ့အတူ လက်တွဲ ဆောင်ရွက်ရင်း သူ့ရဲ့ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေပါတယ်။"

ဒီလိုလုပ်ပြခြင်းအားဖြင့် တရုတ်အစိုးရက ထိတွေ့ဆက်ဆံမှု၊ ညှိနှိုင်း ဆောင်ရွက်မှုတွေကို ပြန်လည်အာရုံစိုက်လုပ်ဆောင်မှုရဲ့ အရေးပါပုံကို ကမ္ဘာ့စင်မြင့်ပေါ်က တခြား နိုင်ငံကြီးတွေကို ပြသနေတာ ဖြစ်ပါတယ်လို့ China Daily သတင်းစာ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။