အားသွင်းဖို့ အချိန် ၅ မိနစ်သာလိုတဲ့ လျှပ်စစ်ကားဘက်ထရီ

ဓာတ်ပုံ ရင်းမြစ်, Nyobolt
ဇိုဝီ ကလိန်းမန်း
နည်းပညာ အယ်ဒီတာ
လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရေး အစပျိုး ကုမ္ပဏီတခုဖြစ်တဲ့ ဗြိတိန်အခြေစိုက် ညိုဘော့ (Nyobolt) ကုမ္ပဏီက လျှပ်စစ်ကားဘက်ထရီအား ၁၀% သာရှိတဲ့ အခြေအနေကနေ ၈၀% အထိ အားပြည့်သွားအောင် ၄ မိနစ် ၃၇စက္ကန့်နဲ့ ပထမဆုံးအကြိမ် သရုပ်ပြခဲ့ပါတယ်။
အထူးလုပ် ပြိုင်ကားထဲထည့်ပြီး ဘက်ဖို့မြို့မှာ စမ်းသပ်ပြတဲ့ ဒီဘက်ထရီက လျှပ်စစ်ကား (electric vehicles – Evs) တွေ ဘက်ထရီအားဖြည့်ရင် အချိန်မြန်မြန်နဲ့ ဖြည့်နိုင်အောင် ကြိုးပမ်းနေကြမှုတွေထဲက ပေါ်ထွက်လာတဲ့ ထွက်ကုန်တခုပါ။
နှိုင်းယှဉ်ပြောရရင် တက်စ်လာ (Tesla) ရဲ့ စူပါ အားဖြည့်စက် (Super Charger)က ကားဘက်ထရီ ၈၀ % အထိ ရောက်အောင် အားသွင်းနိုင်ဖို့ အချိန် ၁၅ မိနစ်ကနေ ၂၀ မိနစ် အထိကြာတတ်ပါတယ်။
လျှပ်စစ်ကားတွေ အားဖြည့်ပြီးရင် ဘယ်လောက်ဝေးဝေးမောင်းနိုင်လဲ ဆိုတဲ့အပေါ်သိပ်မစိုးရိမ်ရတော့ဘဲအားမြန်မြန်ပြန်သွင်းနိုင်တဲ့ နေရာတွေ တိုးတက်အောင်လုပ်ကြဖို့က အခရာကျလာတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
"ကားကို လျှပ်စစ်ဓာတ်အား အမြန်ပြန်ဖြည့်အောင် တီထွင်ကြတဲ့နေရာမှာ ရိုးရိုးကားတွေ လောင်စာဆီဖြည့်ရင် ကြာသလောက်အချိန်လောက်ပဲ ကြာအောင် လုပ်ဖို့က သိပ်ကိုအရေးကြီးပါတယ်" လို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က Sustainable Energy Engineering ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ပေါလ်ရှီးယားရင်းက ဘီဘီစီကို ပြောပါတယ်။
လျှပ်စစ်ကားအမျိုးအစားအားလုံးအတွက် ကိုက်ညီတဲ့ အားသွင်းတဲ့နေရာတွေ လိုအပ်နေသေးတယ် လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“လူတွေက ဘယ်ကားနဲ့မဆို သုံးနိုင်တဲ့ အမြန်အားသွင်းတဲ့နေရာတွေကို လိုချင်ကြတာ“ လို့ သူက ပြောပါတယ်။
ညိုဘော့ ကုမ္ပဏီထုတ် ဘက်ထရီထည့်ထားတဲ့ ပြိုင်ကားကို ဒီသီတင်းပတ်အတွင်း စမ်းလာတာ ၂ ကြိမ် ရှိနေပြီး ၄ မိနစ် အားသွင်းပြီးတာနဲ့ မိုင် ၁၂၀ အကွာအဝေးကို မောင်းလို့ ရနိုင်ပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရင်တော့ တက်စ်လာကားက ဘက်ထရီ ၈၀% ရှိနေရင် မိုင် ၂၀၀ မောင်းနိုင်ပါတယ်။
ညိုဘော့ကို ပူးတွဲတည်ထောင်သူ ဒေါက်တာ ဆိုင် ရှီဗာရက်ဒီက ဘီဘီစီကို ပြောရာမှာ သူ့အနေနဲ့ ရလဒ်ကို ကျေနပ်ကြောင်းနဲ့ ဒီစမ်းသပ်မှုအောင်မြင်ဖို့ အရေး “စိတ်ပူခဲ့ရတယ်“ လို့ ပြောပါတယ်။
ဖိတ်ခေါ်ထားတဲ့ လျှပ်စစ်ကား ဘက်ထရီ ကျွမ်းကျင်သူတွေရဲ့ ရှေ့မှာ ဒီသရုပ်ပြပွဲကို လုပ်ခဲ့တာဖြစ်ပြီး အထစ်အငေါ့ နည်းနည်း ရှိခဲ့ပါတယ်။
ယူကေရဲ့ အပူလှိုင်း၊ ဘက်ထရီထည့်သွင်းပြီး မောင်းမယ့်ကားရဲ့ အအေးစနစ်၊ ဘက်ထရီ အားသွင်းစက်က ညိုဘော့က ထုတ်လုပ်တာ မဟုတ်တာ စတဲ့အချက်တွေက စိန်ခေါ်မှုတွေထဲ ပါဝင်ခဲ့ပါတယ်။
စက်ရုံ လက်တွေ့ခန်းမှာ စမ်းသပ်စဉ်က ဘက်ထရီ ၀% ကနေ ၁၀၀% ကို အားသွင်းတဲ့အချိန် ၆ မိနစ်သာ ကြာခဲ့တာပါ။ အဆိုပါအခက်အခဲတွေကြောင့် အဲဒီရလဒ်ကို သရုပ်ပြပွဲမှာ မရခဲ့ပါဘူး။
ဘာပဲဖြစ်စေ ဒေါက်တာ ရှီဗာရက်ဒီက “လျှပ်စစ်ဓာတ်အားဖြည့်တဲ့ နေရာမှာ မှတ်တိုင် တခုဖြစ်ခဲ့ပါပြီ“ လို့ ဆိုရင်း သရုပ်ပြပွဲနေရာကို အစောပိုင်း သူရောက်စဉ်ကတည်းက အားသွင်းထားတဲ့ သူ့ကိုယ်ပိုင်ကားက အခုထိလည်း အားသွင်းထားရဆဲပါပဲလို့ အရွှန်းဖောက်ရင်း ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyobolt
သူတို့အနေနဲ့ ကိုယ်ပိုင် လျှပ်စစ်ကားထုတ်ဖို့ မရှိသလို၊ ထွက်ပေါ်ပြီးသား လျှပ်စစ်ကားကုမ္ပဏီတွေလည်း ဖက်စပ်ဆောင်ရွက်သွားမှာ မဟုတ်ပါဘူး၊ တနှစ်အတွင်းမှာတော့ လျှပ်စစ်ကားတွေမှာ ထည့်နိုင်တဲ့ ဘက်ထရီတွေကို “ပမာဏနည်းနည်းနဲ့“ စတင်ထုတ်နိုင်အောင် အစီအစဉ်ချထားတယ်လို့ ညိုဘော့ကုမ္ပဏီက ဆိုပါတယ်။
ဒီဘက်ထရီမျိုးအတွက် လိုအပ်တဲ့ ၃၅၀ kW DC အမြန်ဖြည့် အားသွင်းစက်တွေ ယူကေမှာ ရှိပြီဖြစ်ပေမယ့် နေရာအနှံ့အပြားမှာ မရနိုင်သေးပါဘူး။
၀% ကနေ ၁၀၀% အထိ အားဖြည့်တဲ့အကြိမ် (cycle) အရေအတွက် ၄,၀၀၀ ကျော်ပြီး နောက်ပိုင်းမှာလည်း ဘက်ထရီက အားအပြည့်သွင်းထားပြီးရင် ၈၀% ထိ စွမ်းအားရှိနိုင်တယ်လို့ ညိုဘော့ ကုမ္ပဏီက ဆိုပါတယ်။
အက်ပဲလ်ကုမ္ပဏီထုတ် အိုင်ဖုန်း ၁၅ ဘက်ထရီက cycle အကြိမ် ၁,၀၀၀ ကျော်ရင် အားက ၁၀၀% ဖြည့်ထားပေမယ့် တကယ်သုံးနိုင်တာက ၈၀% သာရှိတာပါ။

ဓာတ်ပုံ ရင်းမြစ်, Nyobolt
စွမ်းအား၊ အလေးချိန်နဲ့ တာရှည်ခံမှု
စွမ်းအားပိုကောင်း၊ အလေးချိန်ပိုပေါ့ပြီး ပိုတာရှည်ခံမယ့် အမြန်အားပြန်ပြည့် ဘက်ထရီမျိုးတွေရဖို့ တကမ္ဘာလုံးမှာ အပြိုင်ကြိုးစားနေကြတာပါ။
အပြားတပြားထဲပါဝင်ပြီး ၁၀ မိနစ်အတွင်း အားပြန်ဖြည့်နိုင်ကာ ၁, ၂၀၀ ကီလိုမီတာ (၇၅၄ မိုင်) အထိ မောင်းနိုင်မယ့် ဘက်ထရီမျိုးကို သူတို့ ထုတ်လုပ်နိုင်ပြီဆိုရင် နည်းပညာဆိုင်ရာ မှတ်တိုင်တခု စိုက်နိုင်တော့မယ်လို့ တိုယိုတာကုမ္ပဏီက မနှစ်က ပြောခဲ့ပါတယ်။
အမေရိကန် အစပျိုး ကုမ္ပဏီ တခုဖြစ်တဲ့ ဂရယ်ဗီတီ (Gravity) က ထုတ်လုပ်တဲ့ (ကားထဲထည့်ကာ သယ်ယူသွားလို့ရတဲ့) ရွှေ့ပြောင်း ဘက်ထရီ အားသွင်းစက်ငယ် ဆိုရင် လျှပ်စစ်ကား ဘက်ထရီကို ၁၃ မိနစ်နဲ့ အားဖြည့်နိုင်ပြီး မိုင် ၂၀၀ မောင်းလို့ရပါတယ်။
ဒါပေမဲ့ စတရက်ကလိုက် တက္ကသိုလ် (Strathclyde University) ဓာတု အင်ဂျင်နီယာဌာနက ကထိက ဒေါက်တာ အက်ဒ်ဝပ် ဘရိုက်မန်းက ခရီးဝေးမောင်းသူတွေအတွက် အမြန်အားသွင်းတဲ့နေရာတွေက အသုံးဝင်တာမို့ လျှပ်စစ်ကားတွေ ပိုခေတ်စားလာရေးမှာ အဲဒီ အားသွင်းတဲ့နေရာတွေ တည်ဆောက်ရေးက အရေးကြီးတယ်လို့ ဆိုပါတယ်။
“လျှပ်စစ်ကားတွေ ဘက်ထရီကြောင့် အကန့်အသတ်ဖြစ်နေတဲ့ ခေတ်က ကုန်သွားပါပြီ” လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဓာတ်အားပေးလိုင်းတွေကို အဆင့်မြှင့်တင်ဖို့၊ ကားဘက်ထရီကို အမြန်အားဖြည့်နိုင်မယ့်နေရာတွေ တည်ဆောက်ဖို့ ၊ ဒါတွေကို အမြန်လုပ်ဖို့ လိုနေတာပါ။”








