အိန္ဒိယမှာ ရထား ၂ စီး တိုက်မိလို့ လူ ၂၉၀ နီးပါးသေဆုံး

ရထား ၂ စီး တိုက်မိ

ဓာတ်ပုံ ရင်းမြစ်, Reuters

အိန္ဒိယနိုင်ငံအရှေ့ပိုင်းက သြရိသပြည်နယ်မှာ ခရီးသည်တင် ရထား ၂ စီး တိုက်မိတာကြောင့် အနည်းဆုံး လူပေါင်း ၂၈၈ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၉၀၀ ဒဏ်ရာရတယ်လို့ သိရပါတယ်။

ရထားတိုက်မှုဖြစ်တဲ့ ဘလာဆောခရိုင်ထဲကို လူနာတင်ယာဥ် ၂၀၀ ပို့ခဲ့ရတယ်လို့လည်း ပြည်နယ်အတွင်းဝန်က ဘီဘီစီကို ပြောပါတယ်။

ခရီးသည်တင် ရထားတစ်စင်းရဲ့ တွဲတချို့ လမ်းချော်ပြီး ဘေးကပ်လျက် သံလမ်းပေါ်ကို ရောက်နေချိန် အဲဒီသံလမ်းကို ဖြတ်မောင်းလာတဲ့ရထားက ဝင်တိုက်မိတာလို့ အိန္ဒိယကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

တိုက်မိတဲ့ရထားတွေဟာ အိန္ဒိယ ပို့ဆောင်ရေးဝန်ကြီးဌာန အောက်က Coromandel Express နဲ့ Howrah Express အမြန်ရထားတို့ဖြစ်တယ်လို့ အိန္ဒိယမီးရထားပို့ဆောင်ရေးဌာနက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ ဒီဖြစ်ရပ်ကြောင့်ကို ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။

ရထားအပျက်အစီးတွေနဲ့အတူ သေဆုံးသူ အလောင်းထည့် ထားတဲ့ အိတ်တွေလည်း စုပြုံနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရထားအပျက်အစီးတွေနဲ့အတူ သေဆုံးသူ အလောင်းထည့် ထားတဲ့ အိတ်တွေလည်း စုပြုံနေ

''အခင်းဖြစ်တဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတုန်းဖြစ်ပါတယ်။ တတ်နိုင်တဲ့အကူအညီတွေအားလုံး ပေးနိုင်အောင် လုပ်နေပါတယ်''လို့ ဝန်ကြီးချုပ်က သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

ဆရာဝန် အယောက် ၁၀၀ ဟာ အခင်းဖြစ်တဲ့နေရာမှာ ကုသကယ်ဆယ်ရေးလုပ်နေတယ်လို့ ပြည်နယ်အတွင်းဝန်က ပြောထားပါတယ်။

ရထားတိုက်မှုကနေ အသက်ရှင်လျက် လွတ်မြောက်လာသူအမျိုးသားတစ်ဦးကတော့ '' ရထားတိုက်မှုလည်းဖြစ်ရော လူ ၁၀ ယောက်၊ ၁၅ ယောက်လောက် ကျွန်တော့် အပေါ်ကို ပုံကျလာတယ်။ အကုန် ကသောင်းကနင်းဖြစ်ကုန်တယ်။ လူပုံကြီးအောက်ကို ကျွန်တော်ရောက်သွားတယ်'' လို့ ပြောပါတယ်။

''လက်နဲ့ လည်ပင်းမှာ ဒဏ်ရာရတယ်။ ရထားတွဲထဲကနေ ကျွန်တော် ထွက်လာတော့ လူတစ်ယောက်ဆို လက်ပြတ်သွားတာတွေ့ရတယ်၊ နောက်တစ်ယောက်ဆို ခြေပြတ်နေတာတွေ့ရတယ်။ တချို့ဆို မျက်နှာထိထားတယ်'' လို့ အဲဒီအမျိုးသားက အိန္ဒိယ ANI သတင်းဌာနကို ပြောထားပါတယ်။

ကောင်းကင်ကနေ မြင်တွေ့ရတဲ့ ရထားတိုက်မှုနဲ့ အပျက်အစီးအတိုင်းအဆ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကောင်းကင်ကနေ မြင်တွေ့ရတဲ့ ရထားတိုက်မှုနဲ့ အပျက်အစီးအတိုင်းအဆ အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှာလီမာ- ချန်နိုင်းကို ပြေးဆွဲတဲ့ Coromandel Express ရထားဟာ ဒေသစံတော်ချိန် မနေ့ည ၇ နာရီမှာ လမ်းချော်ပြီး တွဲဆိုင်းအချို့ဟာ တဖက်က ရထားလမ်းပေါ် သွားတင်နေခဲ့တယ်လို့ ယူဆရပါတယ်။

အဲဒီအချိန်မှာ တဖက်ရထားလမ်းကနေ မောင်းလာပြီး Yesvantpur နဲ့ Howrah ကိုပြေးဆွဲတဲ့ Howrah Express ရထားက သူ့လမ်းကြောင်းပေါ် လမ်းချော်လာတဲ့ ရထားတွဲတွေကို ဝင်တိုက်မိခဲ့တာလို့ ယူဆရပါတယ်။

အိန္ဒိယအာဏာပိုင်တွေကတော့ ရထားတိုက်မှုဖြစ်တဲ့နေရာမှာ ရပ်နားတဲ့ တခြား ကုန်တင်ရထားတစ်စီးလည်း ဒီတိုက်မှုမှာပါဝင်နေတယ်လို့ ပြောပေမဲ့ အသေးစိတ်တော့ ပြောဆိုတာမရှိသေးပါဘူး။

အသက်ရှင်လွတ်မြောက်တဲ့ ခရီးသည်တချို့ဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူတွေကို ကူညီကယ်ဆယ်နေတာတဲ့ရုပ်သံတွေကိုလည်း တွေ့ရပါတယ်။

ဒေသန္တရဘတ်စ်ကားကုမ္ပဏီတွေကလည်း ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်တဲ့နေရာမှာ သယ်ပို့ရေးအကူအညီပေးနေပါတယ်။

ပြည်နယ်ထဲမှာတော့ ဒီရထားတိုက်မှုမှာ ဆုံးပါးခဲ့ကြရသူတွေအတွက် အောက်မေ့ဝမ်းနည်းဖွယ်ရက်တစ်ရက် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ အကြီးမားဆုံးမီးရထားလမ်းကွန်ရက်ရှိတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အစိုးရအဆက်ဆက်ဟာ မီးရထားအခြေခံအဆောက်အအုံတွေကို တိုးတက်အောင် ဒေါ်လာသန်းရာချီ အသုံးပြုနေပေမဲ့ မတော်တဆမှုတွေလည်း ဖြစ်ပွားနေဆဲလို့ တောင်အာရှဆိုင်ရာ ဘီဘီစီ ဒေသတွင်းအယ်ဒီတာက ပြောပါတယ်။