ဒူဘိုင်းမှာလုပ်မယ့် COP28 က ဘာလဲ၊ ဘာ့ကြောင့်အရေးကြီးတာလဲ
မတ်ခ် ပွန်တင်း
ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ၊ ဘီဘီစီ သတင်းဌာန

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရာသီဥတုပြောင်းလဲမှုအရေးကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင် တွေဟာ ဒူဘိုင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂ ထိပ်သီးညီလာခံကို တက်ရောက် ဆွေးနွေး ကြမှာပါ။
မနှစ်က ရာသီဥတုဖောက်ပြန်မှု စံချိန်တွေ ကျိုးသွားအောင် ပြင်းထန်တဲ့ မိုးလေဝသ အဖြစ်အပျက်တွေ ပြည့်နှက်နေခဲ့ပြီး နောက်တနှစ်ဖြစ်တဲ့ ဒီထိပ်သီး ညီလာခံကြီးကို ကျင်းပကြမှာပါ။
COP28 က ဘာလဲ၊ ဘယ်မှာ ကျင်းပမှာလဲ
COP28 ဆိုတာကတော့ ကုလသမဂ္ဂရဲ့ ၂၈ ကြိမ်မြောက် ရာသီဥတုဆိုင်ရာ ညီလာခံပါ။
နိုင်ငံအသီးသီးက အစိုးရတွေက အနာဂတ် ရာသီဥတုပြောင်းလဲမှုတွေ အတွက် ဘာတွေကို ကန့်သတ်မယ်၊ ဘာတွေကို ပြင်ဆင်စီစဉ်ကြမယ်ဆိုတာတွေကို ဆွေးနွေးကြတာပါ။
ဒီထိပ်သီးညီလာခံကို ဒီနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)က ဒူဘိုင်းမြို့မှာ ကျင်းပ ကြမှာပါ။
COP ရဲ့ အရှည်ကောက်က ပါတီတွေရဲ့ ညီလာခံ (Conference of the Parties) ဖြစ်ပြီး ပါတီတွေဆိုတာကတော့ ၁၉၉၂ ခုနှစ်၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
COP28 ကို ဒူဘိုင်းမှာ ကျင်းပတာက ဘာကြောင့် အငြင်းပွားစရာ ဖြစ်ရ တာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူအေအီး နိုင်ငံဟာ ကမ္ဘာမှာရေနံ အထုတ်လုပ်ဆုံး ၁၀ နိုင်ငံထဲက တနိုင်ငံပါ။
COP28 ညီလာခံ ဥက္ကဋ္ဌအဖြစ် ယူအေအီးက သူတို့ နိုင်ငံပိုင် ရေနံကုမ္ပဏီရဲ့ အလုပ် အမှုဆောင် အရာရှိချုပ် စော်ဘွား အယ် ဂျက်ဘာကို ခန့်အပ်ထားပါတယ်။
ရေနံဟာ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စတဲ့ အရာတွေလိုပဲ ကျောက်ဖြစ် ရုပ်ကြွင်း လောင်စာတွေပါ။ စွမ်းအင်ထုတ်နိုင်ဖို့အတွက် သူတို့ကို လောင်ကျွမ်းစေရင် ကာဗွန်ဒိုင်အောက်ဆိုဒ်လို ကမ္ဘာကြီးကို ပူလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ထုတ် လွှင့်တဲ့ အတွက် ဒါတွေက ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ အဓိက အကြောင်းရင်း တွေပါ။
ဒါပေမဲ့ မစ္စတာ အယ် ဂျက်ဘာရဲ့ ရေနံကုမ္ပဏီက ထုတ်လုပ်မှုတွေ ပိုမြှင့်တင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။
“ကင်ဆာ ကုသမှုနဲ့ ပတ်သက်တဲ့ ညီလာခံကို ကြီးကြပ်ဖို့အတွက် စီးကရက် ကုမ္ပဏီက အလုပ် အမှုဆောင်အရာရှိချုပ်ကို အလုပ်ခန့်သလို ဖြစ်နေပြီ” လို့ ကမ်ပိန်းအဖွဲ့တဖွဲ့ ဖြစ်တဲ့ 350.org က ပြောပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တွန်းနိုင်အောင် သူ့ကို ဒီနေရာမှာ တမင်သီးသန့် တာဝန်ပေးကြတာ လို့ မစ္စတာ အယ် ဂျက်ဘာက ဆိုပါတယ်။ သူဟာ ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီ မက်စ်ဒါရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့အတွက် လေအားလျှပ်စစ် နဲ့ ဆိုလာလျှပ်စစ်ထုတ်လုပ်တာလို သန့်ရှင်းစွမ်းအင်ထုတ်လုပ်မှု ချဲ့ထွင်နေမှုကိုလည်း ကြီးကြပ်နေတာလို့ ဆိုပါတယ်။
COP28 က ဘာကြောင့် အရေးကြီးတာလဲ
ကမ္ဘာ့အပူချိန်ကို (စက်မှုတော်လှန်ရေး မစတင်ခင်ကာလက အပူချိန်ထက်) ၁.၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုပြီးတက်မလာအောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို COP28 က ဆက်လက်ထိန်းသိမ်းမယ်လို့ မျှော်လင့်နေကြပါတယ်။ အဲဒီ ပန်းတိုင်ကို ၂၀၁၅ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ ညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူ ထားခဲ့ကြတာပါ။
ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံအစိုးရများအဖွဲ့ (Inter- governmental Panel on Climate Change - IPCC) ရဲ့ အဆိုအရ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့အဆိုးဆုံးသော သက်ရောက်မှုတွေကို ရှောင်လွှဲနိုင်ဖို့ အတွက် ၁.၅ ဒီဂရီ စင်တီဂရိတ် ပန်းတိုင်က အရေးကြီးကြောင်း သိရပါတယ်။
လူသားတို့ ရုပ်ကြွင်းလောင်စာတွေကို စပြီးသုံးခဲ့ကြတဲ့ စက်မှုတော်လှန်ရေး မစတင်ခင် အချိန်နဲ့ နှိုင်းစာရင် ကမ္ဘာ့ရာသီဥတုဟာ ၁.၁ ဒါမှမဟုတ် ၁.၂ စင်တီဂရိတ် ပိုပူနေပြီဆိုတာကို လောလောဆယ် ကာလမှာ တွေ့နေရပြီး ဒါဟာ အရင် ကာလ ရှည်ကြာကတည်းက ရှိနေပြီဖြစ်လို့ သတိပေးမှုတွေ ထွက်ပေါ်နေတာပါ။
ဒါပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုတွေနဲ့ ပတ်သက်လို့ အခုလောလောဆယ် ချမှတ်ထားတဲ့ ကတိပြုချက်တွေအတိုင်း လုပ်ဆောင်ကြရင်တောင် ၂၁၀၀ ခုနှစ် ကျရင် ကမ္ဘာ့အပူချိန်က ၂.၅ ဒီဂရီ စင်တီဂရိတ်ထိ တက်လာမှာလို့ တွက်ဆကြ ပါတယ်။ ၁.၅ ဒီဂရီ စင်တီဂရိတ် ပန်းတိုင်ကို ရောက်နိုင်ဖို့ အချိန်က “သိပ်ကို နည်းပါး နေပြီ” လို့ ကုလသမဂ္ဂက ပြောပါတယ်။
COP28 မှာ ဘာတွေ ဆွေးနွေးကြမှာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပဲရစ် သဘောတူညီချက်တွေကို ဆက်လက်သယ်ဆောင်ဖို့ COP28 က အာရုံစိုက် သွားမယ့်အပြင် အောက်ပါတို့ကိုလည်း အလေးဂရုထားသွားဖို့ ရှိပါတယ်။
- ၂၀၃၀ မတိုင်မီ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်ချနိုင်ဖို့ သန့်ရှင်းစွမ်းအင် ထုတ်လုပ်မှုကို အမြန်လုပ်ရေး
- ရာသီဥတုအရေး ဆောင်ရွက်နိုင်အောင် ချမ်းသာတဲ့နိုင်ငံတွေကနေ ဆင်းရဲတဲ့နိုင်ငံတွေဆီကို ရန်ပုံငွေပေးရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သဘောတူညီမှု အသစ်တွေ ချမှတ်ရေး
- သဘာဝနဲ့ ပြည်သူလူထုတို့အပေါ် အလေးဂရုပြုရေး
- COP28 မှာ “အစုံညီဆုံးပါဝင်” လာကြစေရေး
ဒါတွေအပြင် ကျန်းမာရေး၊ ဘဏ္ဍာရေး၊ အစားအစာ၊ သဘာဝဖြစ်မှု စတဲ့အရေးတွေ ကိုလည်း ဆွေးနွေးကြမှာပါ။
COP28 ကို ဘယ်သူတွေ တက်ရောက်မှာလဲ
အစိုးရပေါင်း ၂၀၀ ကျော်ကို ဖိတ်ကြားထားပါတယ်။ ဒါပေမဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ တို့အပါအဝင် နိုင်ငံအများအပြားက ခေါင်းဆောင်တွေဆီက သူတို့ လာတက် မယ်ဆိုတဲ့ အတည်ပြုချက်မျိုး ရဖို့လိုနေပါသေးတယ်။ ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်က ဒီညီလာခံကို သူ တက်ရောက်မယ်လို့ ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရဟိတအဖွဲ့တွေ၊ ရပ်ရွာအသိုင်းအဝိုင်းအဖွဲ့တွေ၊ ကျွမ်းကျင်သူတွေ စုပေါင်းထားတဲ့ အဖွဲ့တွေ၊ စီးပွားရေးနဲ့ ဘာသာရေး အဖွဲ့တွေ လည်း ဒီညီလာခံကို တက်ရောက်ကြမှာပါ။
မနှစ်တုန်းကလုပ်တဲ့ COP27 မှာ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုနဲ့ ဆက်နွှယ်နေတဲ့ ကိုယ်စားလှယ်ပေါင်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
COP28 မှာ သဘောတူညီချက်ရဖို့ ခက်ခဲမှာတွေက ဘာတွေလဲ
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ပြန်လည်သိမ်းဆည်းနိုင်တဲ့ နည်းပညာတွေ မတပ်ဆင်နိုင်သေးဘဲ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတဲ့ ရုပ်ကြွင်း လောင်စာတွေကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်တာတွေကို ဘယ်အချိန် ကာလမှာ ရပ်စဲမှာလဲဆိုတာနဲ့ ပတ်သက်လို့ သဘောမတူညီနိုင်စရာတွေ ဖြစ်လာနိုင် ပါတယ်။
မစ္စတာ အယ် ဂျက်ဘာက သူတို့အဆို ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို “တဖြည်းဖြည်း ချင်း လျှေ့ာချ” သွားမယ်၊ ဒါပေမဲ့ လုံးဝ ရပ်စဲလိုက်တာမျိုး တော့ မဟုတ်ပါဘူး။ ဥရောပသမဂ္ဂကတော့ “တချိန်မှာ လုံးဝရပ်စဲနိုင်တဲ့ အထိ တဖြည်းဖြည်း လျှော့ချ” သွားဖို့ ရည်ရွယ်ထားပြီး အဲဒီအတွက် တွန်းအားပေးသွားမယ်လို့ မှန်းကြပါတယ်။
ရုပ်ကြွင်းလောင်စာ သုံးစွဲမှု ဘယ်တော့ရပ်မှာလဲ ဆိုတဲ့အပေါ် သဘောတူညီမှု မရကြရင် တချို့သော ထုတ်လုပ်မှုတွေက ဆက်ပြီးရှိနေကြမယ်လို့ ဝေဖန်သူတွေက ထောက်ပြ ကြပါတယ်။ နောက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ပြန်သိမ်း ဆည်းကြဖို့ မှာလည်း အလုပ်ဖြစ်ရေးအတွက် ဘာအာမခံချက်မှ မရနိုင်ဘူးလို့ သူတို့က ဆိုပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငွေကလည်း အရေးကိစ္စ တခုဖြစ်နေပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် “ဆုံးရှုံးရမှုတွေ၊ ပျက်ဆီးရမှုတွေ” အတွက် ချမ်းသာတဲ့ နိုင်ငံတွေကနေ ဆင်းရဲတဲ့နိုင်ငံတွေကို ရန်ပုံငွေ ထောက်ပံ့မယ့် အကြောင်း COP27 တုန်းက သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒါကို ဘယ်လို လုပ်မှာလဲဆိုတာက မရှင်းမလင်းပါ။ ဥပမာ - အမေရိကန်နိုင်ငံ ဆိုရင် သူ့ သမိုင်းတလျောက်ထုတ်လွှင့်ခဲ့တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ တွေ အတွက် ရာသီဥတု ပြန်လည်ပြုပြင်ရေး ကုန်ကျစားရိတ်ကို ပြန်ပေးဖို့ ငြင်းဆန် ထားပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့ ရာသီဥတုပြောင်းလဲလာမယ့် အရေးနဲ့ လျော်ညီအောင် ပြင်ဆင်နိုင်ဖို့၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချနိုင်ဖို့ စတာတွေ အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ၂၀၂၀ ခုနှစ်ကစပြီး တနှစ်ကို ဒေါ်လာ ၁၀၀ ဘီလျံ ထောက်ပံ့ကြဖို့ ၂၀၀၉ ခုနှစ်တုန်းက သဘောတူခဲ့ကြပါတယ်။
အဲဒီ ချမှတ်ချက်က အကောင်အထည် မပေါ်လာပါသေးပါဘူး၊ အခု ၂၀၂၃ မှာတော့ အကောင်အထည် ဖော်နိုင်မလား မျှော်လင့်နေကြပါတယ်။
COP28 က ထူးထူးခြားခြား ဖြစ်လာနိုင်မလား
ရာသီဥတု ကမ်ပိန်းလုပ်နေတဲ့ ဂရီတာ သွန်းဘတ် အပါအဝင် COP ညီလာခံတွေကို ဝေဖန်ကြသူတွေက ဒီ ထိပ်သီး ညီလာခံတွေဟာ တကယ်လိုအပ်တဲ့ အပြောင်းအလဲ တွေကို မလုပ်ကြပဲ နိုင်ငံတွေ၊ စီးပွားရေး လုပ်ငန်းတွေက အစိမ်းရောင်အမှတ်အသားကို တလွဲအသုံးချ အမှတ်ယူနေကြတဲ့ ပွဲတွေပဲလို့ ဆိုကြ ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ဆုံကြတဲ့ ဒီလို ထိပ်သီးညီလာခံ ကနေ တနိုင်ငံချင်းစီလိုက် လုပ်ဆောင်မယ့် စီမံချက်တွေထက် သာလွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူချက်တွေကို ရလာနိုင်ပါတယ်။
ဥပမာ အားဖြင့် ပဲရစ် COP21 မှာ ချမှတ်ခဲ့တဲ့ ၁.၅ ဒီဂရီ စင်တီဂရိတ် ပန်းတိုင်ဟာ “ကမ္ဘာတလွှား အားလုံး နီးပါးက ဆောင်ရွက်ကြမယ့် ရာသီဥတုဆိုင်ရာ အရေးယူ ဆောင်ရွက်မှု” အဖြစ် သဘောတူနိုင်ခဲ့ကြတာဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါ တယ်။
(အက်စမီ စတဲလ်လတ်က ဒီဆောင်းပါးကို ပူးတွဲ ရေးသားပါတယ်။)








