အခြေခံရည်ညွှန်းစပါးစျေးက အပြင်စျေးထက်နည်းနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က သတ်မှတ်လိုက်တဲ့ စပါးစျေးနှုန်းတွေဟာ ပြင်ပပေါက်စျေးနဲ့ နှိုင်းယှဥ်ရင် စျေးနည်းနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
စိုက်ပျိုးရိတ်သိမ်းစရိတ်တွေ အဘက်ဘက်က စျေးမြင့်နေ တက်နေပြီး စပါးပေါ်ချိန် ရောင်းချရမယ့်အချိန်မှာ စပါးစျေးကို အခုလိုစျေးနှိမ်သတ်မှတ်သလိုဖြစ်နေတဲ့အတွက် အရှုံးပေါ်ဖို့ပဲရှိတယ်လို့ သူတို့ကပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန်မှာ စပါးဝယ်ယူတဲ့အချိန် သင့်တင့်မျှတတဲ့ စျေးနှုန်းတွေဖြစ်ဖို့ ဆိုပြီးတော့ အသင်းဝင်ကုမ္ပဏီတွေ၊ ဆန်စပါးကုန်သည်တွေနဲ့ အစည်းအဝေး လုပ်ပြီးတော့ စပါးတင်း တစ်ရာစျေးနှုန်းကို စပါးအမျိုးအစားပေါ်လိုက်ပြီး ကျပ် ၁၃ သိန်းကနေ အများဆုံး သိန်း ၂၀ အထိ အရောင်းအဝယ်လုပ်ကြဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
စပါးစျေးတည်ငြိမ်စေရေးအတွက် အခုလိုသတ်မှတ်တာဖြစ်ပြီးတော့ ဒီလို သတ်မှတ်ရာမှာ စားသုံးသူတွေအတွက် စျေးတက်မလာအောင် ထည့်သွင်းစဥ်းစားရတယ်လို့ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောပါတယ်။
ကုန်စျေးနှုန်းတွေ တည်ငြိမ်စေရေးအတွက် စားသုံးဆီ အပါအဝင် ဆန်တွေကို လည်း ပြီးခဲ့တဲ့ ရက်တွေက ရည်ညွှန်းစျေးဆိုပြီး သတ်မှတ်ရောင်းချဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းက ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ဆန်ဟာ ပြည်ပကို အများဆုံးတင်ပို့တဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။
စပါးအမျိုးအစားအလိုက် တစ်နှစ်ကို တစ်ကြိမ်စိုက်ပျိုးကြသလို၊ သီးထပ်အဖြစ် တစ်နှစ်ကို သုံးကြိမ်အထိ စိုက်ပျိုးကြတာတွေလည်း ရှိပါတယ်။
လာမယ့်ရက်ပိုင်းမှာ မိုးစပါးထွက်လာဖို့ရှိပြီး တောင်သူတွေကတော့ စပါးစျေးကောင်းဖို့ မျှော်လင့်နေကြတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုနှစ် မိုးစပါးပေါ်ချိန်မှာ စပါးစိုက်တောင်သူတွေ နစ်နာမှုမရှိစေဖို့နဲ့ စပါးစျေးတည်ငြိမ်စေဖို့လို့ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ စပါးအမျိုးအစားအလိုက် ရည်ညွှန်းစျေးနှုန်း သတ်မှတ်တာကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ချက်မှာပါတဲ့ စပါးတင်းတစ်ရာ စျေးနှုန်းတွေဖြစ်တဲ့ ဧည့်မထ ငစိန်စပါးအုပ်စုကို ကျပ် ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန်းအုပ်စုကတော့ ၁၆ သိန်းကနေ သိန်း ၂၀၊ ရွှေဘို စပါးအုပ်စုက ကျပ် ၁၈ သိန်းကနေ သိန်း ၂၀ နဲ့ ဧရာမင်း၊ ဧရာပဒေသာ စပါးအုပ်စုတွေကတော့ ကျပ် ၁၆ သိန်းကနေ ၁၈ သိန်းနှုန်းတွေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။
သတ်မှတ်လိုက်တဲ့ စပါးစျေးဟာ စပါးစိုက်ပျိုးတဲ့ တောင်သူတွေအတွက် ၅၀ ရာခိုင်နှုန်း အကျိုးအမြတ်ကို ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း အခြေခံစပါးစျေးတွေကို စစ်ကောင်စီက ထုတ်ပြန်လေ့ရှိပြီး အဲဒီတုန်းကလည်း စျေးကွက်ပေါက်စျေးဟာ အခြေခံရည်ညွှန်းစပါးစျေးနှုန်းရဲ့ အပေါ်တွင်ဖြစ်ပါက စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူရန်နဲ့ စျေးကွက်ပေါက်စျေးဟာ အခြေခံရည်ညွှန်းစပါး စျေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty images
လက်ရှိမှာတော့ စျေးကွက်ပေါက်စျေးဟာ စပါးအမျိုးအစားအလိုက် စပါးတင်း တစ်ရာကို အနည်းဆုံးကျပ် ၁၅ သိန်းကျော်ကနေ အများဆုံး သိန်း ၂၀ ကျော် ပေါက်နေပါတယ်။
တောင်သူတွေကတော့ ပြင်ပပေါက်စျေးအတိုင်း ဝယ်ရောင်းရမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ဆိုပေမဲ့ ဒေါ်လာငွေလဲနှုန်းမြင့်တက်ခဲ့မှုနောက်မှာ ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုတွေစျေးကြီးနေလို့ စပါးစိုက်ရတဲ့အခြေအနေကတော့ တွက်ခြေမကိုက် ဆက်ဖြစ်ရတယ်လို့ ပြောကြပါတယ်။
“လယ်တွေ မြေတွေက တစ်နေရာနဲ့ တစ်နေရာမတူကြတော့ မြေဆီထည့်ရတာ၊ ပိုးသတ်ဆေး သုံးရတာကအစ ကွာတော့ အားလုံးက မတူနိုင်ဘူး၊ နောက်တစ်ခု သူတို့တွက်ထားတဲ့ မြေဆီစျေးက အပြင်မှာ လက်တွေ့ဝယ်ဖို့ အခက်အခဲ ရှိတယ်”လို့လည်း လယ်သမား တစ်ဦးက ပြောပါတယ်။
“မရှုံးအောင်လုပ်နေရတဲ့အနေအထားပါပဲ။ မြတ်တယ်၊ ကိုက်တယ်ဆိုတာ တောင်သူဘဝမှာမရှိတာကြာပြီတောင် ပြောရမယ်။ လယ်တစ်ဧကကို တစ်သိန်းလောက်မြတ်တာ လယ်ကထွက်တဲ့အမြတ်နဲ့ရင်းရတာနဲ့ စားရရုံပဲ။ ဒါမှမလုပ်ရင်လည်း တခြားလုပ်ဖို့မတတ်တော့လုပ်ရတာပဲ'' လို့ တောင်သူတစ်ဦးကပြောပါတယ်။
ဒ့ါအပြင် စပါးကို တင်း ငါးထောင်အထက်နဲ့ ဆန်ကို အိတ် ၅၀နဲ့ အထက် သိုလှောင်ထားမယ်ဆိုရင် စာရင်းပြုစုတင်ပြရမှာဖြစ်သလို နယ်ကျော်စပါးရောင်းချခွင့်ကို ခွင့်မပြုဘဲ ကန့်သတ်ထားလို့ အခက်အခဲတွေ ရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကတော့ စပါးအခြေခံရည်ညွှန်းဈေးကို စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ကျပ် ၆ သိန်း ၃ သောင်း နဲ့ သတ်မှတ်ပေးခဲ့ပါတယ်။







