မျောက်ကျောက်ကို WHO နာမည်သစ်ပေး

monkey pox

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျောက်ကျောက်လို့ အရင်က သိခဲ့တဲ့ ဗိုင်းရပ်စ်

မျောက်ကျောက်ရောဂါကို အမ်ကျောက်( Mpox )လို့ ပြောင်းခေါ်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO )က ကြေညာလိုက်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးနာမည်မှည့်တာမှာ လူမျိုးစွဲနဲ့ မနှစ်မြို့စရာ ဖြစ်နေတယ်လို့ စောဒကတက်တာတွေ ဖြစ်ခဲ့လို့ ပြောင်းလိုက်တာပါ။

နာမည်ဟောင်းကို နာမည်သစ်နဲ့အတူ တစ်နှစ်ဆက်သုံးပြီးနောက် ဖျောက်ဖျက်ပစ်မှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေ၊ အစိုးရတွေနဲ့ လူထုအကြား ကြာရှည် ဆွေးနွေးပြီးနောက် အမ်ကျောက်လို့ ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနာမည်ကို အင်္ဂလိပ်လိုရော တခြားဘာသာစကားတွေနဲ့ပါ အလွယ်တကူခေါ်နိုင်တယ်လို့ WHO က ပြောပါတယ်။

လူမှာ ဖြစ်တဲ့ မျောက်ကျောက်ပိုးကို ၁၉၇ဝ မှာ ပထမဆုံး စတွေ့ခဲ့ပြီး အဲဒီအရင် ဆယ်နှစ်ကျော်က မျောက်တွေမှာ တွေ့ခဲ့တဲ့ ဒီဗိုင်းရပ်စ်နာမည်ကိုပဲ ပြန်ပေးခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရောဂါအမည်သစ်တွေ ပေးရာမှာ WHO က အကြံပေးတာ စတင်ခဲ့ပါတယ်။

ဒီလို နာမည်ပေးရာမှာ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ တိရစ္ဆာန်တွေ အကျိုးအတွက် မလိုအပ်တဲ့ အနုတ် လက္ခဏာ မဆောင်အောင်နဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံတွေ၊ လူမျိုးစုတွေအပေါ် မှာ စော်ကားမိသလို မဖြစ်အောင် ရှောင်ဖို့လည်း အကြံပြုပါတယ်။

ကိုဗစ် ကပ်ဘေးအတွင်းမှာတော့ အသံထွက်ရ လွယ်ကူဖို့နဲ့ လက်မခံချင်စရာတွေ မဖြစ်ဖို့ ရောဂါမျိုးကွဲတွေကို ဂရိအက္ခရာစဉ်နဲ့ ပေးဖို့ WHO က အကြံပြုခဲ့ပါတယ်။

ဒီနှစ်ထဲမှာ မျောက်ကျောက် ရောဂါပိုး ကူးစက်မှု မကြုံစဖူး များလာခဲ့ပါတယ်။ ပုံမှန်ဖြစ်နေကျ အာဖရိကတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်းရဲ့ အပြင်ဘက်က နိုင်ငံအများအပြားမှာ တွေ့ခဲ့တာပါ။ ဒီဗိုင်းရပ်ပိုးဟာ ကျောက်ကြီးရောဂါပိုးနဲ့ ပိုးအုပ်စု တခုတည်းက ဖြစ်ပါတယ်။

ဥရောပ၊ ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန် စတဲ့ ၂၉ နိုင်ငံမှာ အမ်ကျောက် ရောဂါလူနာတွေကို တွေ့ခဲ့ပြီး ရောဂါအကူးအခံရနိုင်ဆုံးသူတွေကို ကာကွယ်ဆေးထိုးပေးဖို့ တောင်းဆိုမှုတွေ များခဲ့ပါတယ်။

ဇူလိုင်လမှာတော့ ကမ္ဘာတဝှမ်း အဖျားကြီးတာ၊ အရေပြားမှာ အနီစက်တွေ ထွက်တာစတဲ့ ရောဂါလက္ခဏာပြသူတွေ များလာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အဖြစ် WHO က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာတလွှားမှာ ရောဂါကူးစက်မှု ကျဆင်းတာကတော့ လနဲ့ချီနေပြီ ဖြစ်ပါတယ်။

ဗြိတိန်မှာ မေလကစပြီး ရောဂါကူးစက်ခံရသူ ၃၅ဝဝ ကျော် ရှိပြီး ဇူလိုင်လမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ဆေးတွေ ဖြန့်ဝေနိုင်ခဲ့လို့ ကူးစက်မှု ကျဆင်းခဲ့ပါတယ်။

ဒီရောဂါကူးစက်ခံရသူတွေထဲမှာ အများဆုံးက လိင်တူဆက်ဆံသူ အမျိုးသားတွေ ဖြစ်ကြပါတယ်။