ဗာဂနာတပ်ဖွဲ့ ခေါင်းဆောင် သေဆုံးသွားတယ်လို့ ယူဆရတဲ့ လေယာဉ်ပျက်ကျမှု ရုရှား မတုံ့ပြန်သေး-သြဂုတ်လ ၂၄ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဗာဂနာ၊ ပရီဂိုဂျင်း၊ ရုရှား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ရဲ့ အပိုင်းအစတွေကို ကြာသပတေးနေ့မှာ စစ်ဆေးကြည့်ရှုနေပုံ

ရုရှား ဗာဂနာကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယက်ဗ်ဂေနီ ပရီဂေါ့ဂျင် နဲ့ ဒုတိယခေါင်းဆောင် ဒီမစ်ထရီ အုခင် တို့ သေဆုံးသွားတယ်လို့ ယူဆရတဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ ရုရှားသမ္မတဆီကရော တခြား ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တွေဆီကပါ ဘာတုံ့ပြန်ချက်မျိုးမှ ထွက်ပေါ်မလာသေးပါဘူး။

လေယာဉ်ပျက်ကျတဲ့နေရာကနေ အလောင်း ၁၀ လောင်း တွေ့ရှိထားပေမဲ့ သူတို့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ တရားဝင် ထုတ်ဖော်မပြောသေးပါဘူး။

ဗာဂနာတပ်ဖွဲ့ဝင်တချို့နဲ့ သူတို့ကို ထောက်ခံအားပေးသူတွေကတော့ မစ္စတာ ပရီဂေါ့ဂျင်အတွက် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်က မစ္စတာ ပရီဂေါ့ဂျင်းဟာ ရုရှားစစ်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ ပုန်ကန်မှုတစ်ခု လုပ်ခဲ့ပေမဲ့ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကတော့ ဒါဟာ အကြမ်းဖက်တဲ့ နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်လို့ သမ္မတပူတင်က ဖော်ညွှန်းပြောခဲ့ပြီး ဒီဆန့်ကျင်ပုန်ကန်မှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူမယ်လို့ ပြောခဲ့ပါတယ်။

အခု ဒီလေယာဉ် ပျက်ကျမှုဟာ မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ဘူးလို့ အကဲခတ် အတော်များများက ယူဆနေကြပါတယ်။

သမ္မတပူတင်ရဲ့ အကြံပေးပုဂ္ဂိုလ်ဟောင်း ဆာဂေး မာကော့ဗ် က ဒါဟာ ယူကရိန်းရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဒီလေယာဉ်ပျက်မှုဟာ ယူကရိန်းအစိုးရနဲ့ လုံးဝ မပတ်သက်ဘူးလို့ ပြောပါတယ်။

ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားဒေသထဲ ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့ပြော

ယူကရိန်း၊ ခရိုင်းမီးယား

ဓာတ်ပုံ ရင်းမြစ်, Reuters

ရုရှား သိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်ရဲ့ အနောက်စွန်းဖျားပိုင်းကို မနေ့ညက ကုန်းကြောင်း၊ ရေကြောင်း အောင်မြင်စွာ စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

ယူကရိန်း မရိန်းတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့တဲ့ ရုရှားတပ်ဖွဲ့ဘက်မှာ လက်နက်တွေ၊ စစ်သားတွေ ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းအလံကို သူတို့ လွှင့်ထူနိုင်ခဲ့ကြအပြီးမှာ မရိန်းတပ်ဖွဲ့က အဆုံးအရှုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမုဒ္ဒရာထဲ စွန့်ပစ်ခဲ့တဲ့ ရေဒီယိုသတ္တိကြွ ဓာတ်သင့် ညစ်ညမ်းရေတွေမှာ ထရစ်တီယမ် အိုင်ဆိုတုပ်ပ် စွမ်းအား နည်းတယ်လို့ IAEA ပြော

ဂျပန်၊

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရေဒီယိုသတ္တိကြွ ဓာတ်သင့် ညစ်ညမ်းရေတွေကို ကြာသပတေးနေ့ကစလို့ သမုဒ္ဒရာထဲ စတင် စွန့်ပစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျပန်နိုင်ငံရဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံကနေ စွန့်ပစ်မယ့် ရေဒီယိုသတ္တိကြွ ဓာတ်သင့်ရေတွေထဲမှာ ပါတဲ့ ထရစ်တီယမ် အိုင်ဆိုတုပ်ပ် ပမာဏဟာ စွမ်းအား အများကြီး လျော့နည်းတယ်လို့ IAEA ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲ ဒီကနေ့ စတင်စွန့်ပစ်ခဲ့တဲ့ အဲဒီရေတွေ ဘယ်လို လည်ပတ်လှုပ်ရှားနေသလဲဆိုတာကို IAEA အဖွဲ့က စောင့်ကြည့်လေ့လာနေတာပါ။

ဂျပန်က တင်ပို့တဲ့ ပင်လယ်စာအားလုံးကို တရုတ်က ဆိုင်းငံ့ထားလိုက်ပြီး အခုလို ညစ်ညမ်းရေတွေကို သမုဒ္ဒရာထဲ စွန့်ပစ်တဲ့ ဂျပန်အစိုးရရဲ့ လုပ်ရပ်ဟာ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ဒီပိတ်ပင်ထားမှုကို ချက်ချင်း ပြန်ရုပ်သိမ်းပေးဖို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက တောင်းဆိုထားပါတယ်။

ဂျပန်အစိုးရဘက်က ဒီညစ်ညမ်းရေတွေကို ပုံမှန် သောက်သုံးရေတွေထက် ရေဒီယိုသတ္တိကြွဓာတ် ပိုနည်းလာတဲ့အထိ သန့်စင်အောင် လုပ်သွားမှာဖြစ်တယ်လို့ ဟိုးကတည်းက အခိုင်အမာ ပြောထားခဲ့တာ ဖြစ်ပါတယ်။

သန့်စင်အောင် လုပ်ထားတဲ့ ညစ်ညမ်းရေ တန်ပေါင်း တစ်သန်းကျော်ကို နှစ်ပေါင်း ၃၀ အတွင်း တဖြည်းဖြည်းချင်း စွန့်ပစ်သွားဖို့ ရှိပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်း ရေပမာဏ တန် ၈၀၀၀ စွန့်ပစ်မှာ ဖြစ်ပါတယ်။

အဲဒီ ဆယ်စုနှစ်နဲ့ချီ ပြုလုပ်မယ့် ညစ်ညမ်းရေ စွန့်ပစ်မှု လုပ်ထုံးလုပ်နည်း အသေးစိတ်ကို အပြည့်အဝ ဖော်ပြပေးဖို့ ဂျပန်အစိုးရကို တောင်ကိုရီးယား အစိုးရက တိုက်တွန်းထားပါတယ်။

IAEA ရဲ့ အတည်ပြုချက် ရခဲ့အပြီး ဒီညစ်ညမ်းရေတွေကို သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ တောင်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့လက သဘောတူခဲ့တာပါ။

ဆိုးလ်မြို့တော်မှာရှိတဲ့ ဂျပန်သံရုံးထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသူ ၁၆ ဦးကို ဖမ်းဆီးထားပါတယ်။

ဂျပန်နိုင်ငံတွင်းမှာလည်း ပြည်သူလူထုအကြား အထူးသဖြင့် ဖူကူရှီးမားခရိုင်ဒေသက ငါးဖမ်းသမား အသိုင်းအဝိုင်းတွေအကြား စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဂရိနိုင်ငံ အေသင်မြို့နားမှာ တောမီးတွေ ပိုပျံ့နှံ့လာနေ

ဂရိ၊ တောမီး၊ ရွှေ့ပြောင်းဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, KOSTAS TSIRONIS/EPA-EFE/REX/SHUTTERSTOCK

ဓာတ်ပုံ ပုံစာ, အဆိုးဆုံးတောမီးလောင်မှုတချို့ဟာ အေသင်မြို့ အနောက်မြောက်ပိုင်း ရပ်ကွက်နားမှာ ဖြစ်ပွားနေ

ဂရိစ်နိုင်ငံ အေသင်မြို့မှာ ပိုပျံ့နှံ့လာနေတဲ့ တောမီးလောင်မှု အန္တရာယ်နဲ့ ဆက်လက် ရင်ဆိုင်နေရပြီး တောမီးကို ထိန်းသိမ်းနိုင်ဖို့ မီးသတ်သမားတွေ မနည်းကြိုးစားနေကြရပါတယ်။

ဒီကနေ့ အစောပိုင်းက လျှိုမြောင်တစ်ခုထဲမှာ ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့အတွက် လူနေဧရိယာတွေကို နောက်ထပ် အန္တရာယ်တွေ ရှိလာနေတယ်လို့ မီးသတ်ဌာန ပြောခွင့်ရသူက ပြောပါတယ်။

အဲဒီမှာနေထိုင်နေသူတွေကို ဘေးကင်းရာ ပြေးနိုင်အောင် အသင့်ရှိကြဖို့ သတိပေးထားပါတယ်။

မြောက်ဖျားပိုင်းမှာတော့ သီတင်းပတ်ကုန်ရက်ပိုင်းကစလို့ အပူချိန်ပြင်းထန်နေတဲ့အတွက် အလက်ဇန်းဒရိုပိုလပ်စ် ဆိပ်ကမ်းမြို့နားက တောမီးတွေ အလုံးအရင်းနဲ့ လောင်ကျွမ်းလာနေရာမှာ ၁၅ ကီလိုမီတာကျော် ပိုပျံ့နှံ့လာခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း တောမီးကြောင့် လူ ၂၀ သေဆုံးခဲ့ရပြီး ဖြစ်ပြီး သေဆုံးသူ အားလုံးနီးပါးဟာ ဂရိအာဏာပိုင်တွေရဲ့ အဖမ်းမခံရအောင် တောအုပ်တွေထဲမှာ ပုန်းအောင်းနေကြတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ဖြစ်ကြပါတယ်။