‘‘အသက် ကိုးချောင်းနဲ့ တိုက်ခိုက်ရေးသမား’’- ထင်ရှားသော ဟားမတ်စ် ခေါင်းဆောင်များ

Mohammed Deif

ဓာတ်ပုံ ရင်းမြစ်, Media sources

ဓာတ်ပုံ ပုံစာ, မိုဟာမက် ဒေ့ဖ် -ဟားမတ်စ် လက်နက်ကိုင်တွေ ဂါဇာထဲကနေ အစ္စရေးထဲကို ဖောက်ဝင်နိုင်ဖို့ မြေအောက် လှိုဏ်ခေါင်းတွေတည်ဆောက်ခဲ့သူဖြစ်
    • ရေးသားသူ, လီနာ အယ်ရှဝါဘက်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

အောက်တိုဘာလ ၇ ရက် စနေနေ့ မနက် အစောပိုင်းမှာ ဟားမတ်စ်က အစ္စရေးကို အဲလ်အာ့ခ်ဆာ ရေကြီးမှု ဆိုတဲ့ စစ်ဆင်ရေးဆင်နွှဲပြီး တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးတွေ အငိုက်မိခဲ့ရတယ်လို့ စစ်ဘက်ရေးရာ လေ့လာသူတွေနဲ့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အဲဒီနောက် ဒီစစ်ဆင်ရေးကို ဘယ်သူတွေက စီစဉ်ခဲ့သလဲ ဆိုတာလည်း သိချင်လာကြပါတယ်။

ဂါဇာကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ ဟားမတ်စ် ရဲ့ ခေါင်းဆောင်ဆိုသူ တော်တော်များများဟာ မီဒီယာပေါ်မှာလည်း မျက်နှာဖုံးနဲ့သာ တက်လာလေ့ ရှိသလို၊ တချို့ကလည်း အစ္စရေးက လုပ်ကြံလာမယ့် အရေးကို တွေးပြီး ပုန်းရှောင်နေကြရတဲ့ အချိန်က များပါတယ်။

အဲဒီခေါင်းဆောင်တွေထဲက နိုင်ငံရေးအရရော သူတို့ရဲ့ အဇ် အဲလ်ဒင် အဲလ် ကာဆမ် တပ်မဟာများမှာပါ ခေါင်းဆောင်မှု ပေးနေသူတချို့ အကြောင်းကို ကြည့်ရအောင်ပါ။

ဟားမတ်စ် ခေါင်းဆောင်များ

မိုဟာမက် ဒေ့ဖ်

၁၉၆၅ ခုနှစ်က ဂါဇာမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး အမည်ရင်းက မိုဟာမက် ဒီယပ်ဘ် အဲလ် မာစရီ ဖြစ်ပြီး အဘူ ခါလက် နဲ့ အဲလ် ဒေ့ဖ် ဆိုပြီးလည်း ခေါ်ပါတယ်။

သူဟာ ဟားမတ်စ်ရဲ့ လက်နက်ကိုင်တပ် အဇ် အဲလ်ဒင် အဲလ် ကာဆမ် တပ်မဟာများကို ခေါင်းဆောင်ပါတယ်။

သူ့ကို ပါလက်စတိုင်းတွေက ဉာဏ်ကြီးရှင် တယောက်လို့ မြင်ကြပြီး အစ္စရေးတွေကတော့ သေမင်းတမန် သို့မဟုတ် အသက် ၉ ချောင်းပါတဲ့ တိုက်ခိုက်ရေးသမား လို့ ဆိုပါတယ်။

ဂါဇာက အစ္စလာမ်မစ် တက္ကသိုလ်ကနေ ဇီဝဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး သရုပ်ဆောင်နဲ့ ပြဇာတ်တွေ စိတ်ဝင်စားသူ ဖြစ်လို့ အနုပညာ အဖွဲ့တခုတောင် ထောင်ခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ကို တည်ထောင်တော့ မဆိုင်းမတွပဲ အဖွဲ့ထဲဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အစ္စရေး အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရပြီး အချုပ်ထဲ ၁၆ လ ကြာနေခဲ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အကျဉ်းကျနေစဉ်အတွင်းမှာ ဒေ့ဖ်ဟာ ဇာခါရီးယား အဲလ် ရှော်ဘာဂီနဲ့ ဆာလာ ရှီဟတ်ဒီတို့နဲ့အတူ ဟားမတ်စ်နဲ့ မသက်ဆိုင်တဲ့ လှုပ်ရှားမှု အဖြစ် အစ္စရေး စစ်သားတွေကို ဖမ်းဆီးနိုင်ဖို့ ရည်ရွယ်ပြီး အဲလ် ကာဆမ် တပ်မဟာများကို တည်ထောင်ဖို့ သဘောတူခဲ့ပါတယ်။

ထောင်က လွတ်လာပြီးနောက်မှာ အဇ် အဲလ်ဒင် အဲလ် ကာဆမ် တပ်မဟာများဆိုပြီး တည်ထောင်ကာ စစ်ရေးလှုပ်ရှားမှု စခဲ့ပါတယ်။ ဒေ့ဖ်ဟာ ဒီ ကာဆမ် လက်နက်ကိုင်တပ်ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက် ဖြစ်လာပါတယ်။

ဒေ့ဖ်ဟာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ဂါဇာကနေ အစ္စရေးထဲ စိမ့်ဝင်နိုင်အောင် လှိုဏ်ခေါင်းတွေ ဖောက်ဖို့ စီစဉ်ခဲ့သူ ဖြစ်သလို ဒုံးကျည်တွေနဲ့ ပိုမို ပစ်ခတ်ဖို့ပါ လှုံ့ဆော်သူတွေထဲက တယောက်လည်း ဖြစ်ပါတယ်။

သူဟာ ဟားမတ်စ်ရဲ့ ဗုံးတီထွင်သူ ယယာ အာယာ့စ် လုပ်ကြံခံရတဲ့အပေါ် လက်တုံ့ပြန်တဲ့ ၁၉၉၆ ခုနှစ် အတွင်း အစ္စရေး လူမျိုး ၅၀ ကျော် သေဆုံးခဲ့ရတဲ့ ဘတ်စ်ကား ဗုံးခွဲမှုတွေကို တိုက်ခိုက်မှုတွေကို စီစဉ်ညွှန်ကြားခဲ့သူ အဖြစ်လည်း သိကြပါတယ်။

၁၉၉၀ ပြည့်နှစ်တွေအတွင်းက အစ္စရေး စစ်သား ၃ ယောက်ကို ဖမ်းပြီး သတ်ဖြတ်ခဲ့ရာမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ၂၀၀၀ ပြည့်နှစ်မှာ အစ္စရေးက သူ့ကို ဖမ်းပြီး ထောင်ဒဏ်အပြစ်ပေးခဲ့ပေမယ့် ဒုတိယမြောက် အင်တီဖာဒါလို့ ခေါ်ကြတဲ့ ဒုတိယအကြိမ် ပါလက်စတိုင်း အုံ့ကြွမှု အတွင်း လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ ခြေရာဖျောက်ပြီး နေခဲ့ပါတယ်။

ဒေ့ဖ်ရဲ့ ဓာတ်ပုံ ၃ ခု ရှိရာမှာ တခုက တော်တော် ဟောင်းနေပြီ ဖြစ်သလို ကျန်တခုက မျက်နှာဖုံးနဲ့ ဖြစ်ပြီး နောက်ဆုံးတခုက အရိပ်ထဲ မှာ ဖြစ်နေပါတယ်။

၂၀၀၂ ခုနှစ်က သူ့ကို လုပ်ကြံတာနဲ့ ကြုံခဲ့ရာမှာ မျက်စိတဖက် ဆုံးရှုံးခဲ့ရပေမယ့် လူက လွတ်မြောက်ခဲ့ပါတယ်။ အစ္စရေးကတော့ လက်တဖက်နဲ့ ခြေတဖက်လည်း ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး အကြိမ်ကြိမ် လုပ်ကြံခံရတာကြောင့် အခုဆို စကားတောင် ကောင်းကောင်း မပြောနိုင်ဘူးလို့ ပြောပါတယ်။

၂၀၁၄ အတွင်းက အစ္စရေးက ဂါဇာကမ်းမြောင်ကို ရက် ၅၀ ကြာ ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီ အတောအတွင်းမှာ ဒေ့ဖ်ကို လုပ်ကြံခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဒေ့ဖ်ရဲ့ ဇနီးနဲ့ ကလေး ၂ ယောက်တော့ သေဆုံးသွားခဲ့ပါတယ်။

သူ့ကို အဘူခါလက် လို့ခေါ်တာက လူရွှင်တော်ဆိုတဲ့ ပြဇာတ်ထဲက သူ့ဇာတ်ကောင် နာမည်ကို အစွဲပြုပြီး ခေါ်တာ ဖြစ်ပါတယ်။ ဒေ့ဖ်ဆိုတာက အာရပ်ဘာသာနဲ့ ဧည့်သည်ကို ခေါ်တာ ဖြစ်ပြီး ဘယ်နေရာမှာမှ ကြာကြာ မနေတတ်ဘဲ အစ္စရေး လုပ်ကြံမှုက လွတ်မြောက်ဖို့ တည တနေရာ ပြောင်းအိပ်တတ်တဲ့ အကျင့်ကြောင့် ခေါ်တာ ဖြစ်ပါတယ်။

မာဝန် အစ်ဆာ

Marwan Issa, circled in red, standing in a group

ဓာတ်ပုံ ရင်းမြစ်, Media sources

ဓာတ်ပုံ ပုံစာ, အစ္စရေးဘက်က မာဝန်အစ်ဆာကို အပြောထက် အလုပ်သမား ပလပ်စတစ်ကို သတ္တုဖြစ်အောင် လုပ်နိုင်တဲ့ အထိ ဉာဏ်ကောင်းတဲ့သူအဖြစ် သတ်မှတ်ထား

မိုဟာမက် ဒေ့ဖ်ရဲ့ ညာလက်ရုံး ဖြစ်ပြီး နောက်ကွယ်မှာနေသူ မာဝန်အစ်ဆာဟာ အဇ် အဲလ် ဒင် အဲလ် ကာဆမ် တပ်မဟာများရဲ့ ဒုတိယ ဦးစီးချုပ် ဖြစ်ပြီး ဟားမတ်စ် အဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ဆိုင်ရာ ဗျူရိုရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ပထမအကြိမ် ပါလက်စတိုင်း အုံကြွမှု ပထမ အင်တီဖာဒါ အတွင်း သူ့ကို အစ္စရေး တပ်တွေက ဖမ်းဆီးကာ ဟားမတ်စ် လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ထောင် ၅ နှစ် ပြစ်ဒဏ်ပေးခဲ့ပါတယ်။

အစ္စရေးက သူအသက်ရှင်နေသမျှ ဟားမတ်စ်နဲ့ ဦးနှောက်စစ်ပွဲ နွှဲနေရမှာပဲလို့ ဆိုပါတယ်။ မာဝန်အစ်ဆာကို အပြောထက် လက်တွေ့သမား၊ ပလပ်စတစ်ကို သတ္တုဖြစ်အောင် လုပ်နိုင်တဲ့ အထိ ဉာဏ်ကောင်းတဲ့သူအဖြစ် သတ်မှတ်ထားပါတယ်။

ဘတ်စကက်ဘော ကစားရာမှာ ထူးချွန်သူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ ဟားမတ်စ်လှုပ်ရှားမှုမှာ ပါဝင်လို့ အစ္စရေးရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၉၇ မှာလည်း ပါလက်စတိုင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရကာ ၂၀၀၀ ပြည့်နှစ် အဲလ် အာ့ခ်ဆာ အင်တီဖာဒါ အချိန်မှ ပြန်လွတ်ခဲ့ပါတယ်။ ပြန်လွတ်လာပြီးနောက်မှာတော့ အဲလ် ကာဆမ် တပ်မဟာများ စစ်ရေးမှာ ပိုပြီး တိုးတက်လာစေဖို့ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေမှာ သူဟာ အဓိက ကျတဲ့ နေရာက ပါဝင်မှုနေတာကြောင့် အစ္စရေးရဲ အလိုအရှိဆုံး လူစာရင်းမှာလည်း ပါနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က သူဟာ ဒေ့ဖ်နဲ့ အတူ အဲလ် ကာဆမ် တပ်မဟာများရဲ့ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်နေစဉ် အတွင်း အစ္စရေးက လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အသက်မသေဘဲ ဒဏ်ရာပဲ ရခဲ့လို့ အစ္စရေးရဲ့ လုပ်ကြံမှု မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၂၁ က ဂါဇာ စစ်ဆင်ရေးတွေ အတွင်းမှာ အစ္စရေး စစ်လေယာဉ်တွေက သူ့အိမ်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ရာမှာ သူ့ ညီဖြစ်သူ သေဆုံးခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ဟားမတ်စ်က ဖမ်းထားရတဲ့ အစ္စရေးစစ်သား ဂီလတ် ရှာလစ် ပြန်လွတ်ဖို့ အတွက် အကျဉ်းသား လဲလှယ်မှု လုပ်တုန်းက လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေအဖွဲ့လိုက် ရိုက်ထားတဲ့ ဓာတ်ပုံ ထွက်မလာခင် အထိ သူ့ မျက်နှာကို ဘယ်သူမှ မမြင်ဖူးခဲ့ကြပါဘူး။

သူ့ကို တိုက်ပွဲဝင်နာမည် အဘူ အဲလ် ဘာရာ အဖြစ်လည်း သိကြပါတယ်။ ၂၀၁၂ က ဖြစ်ခဲ့တဲ့ ရှေးလ် စတုန်းစ်ကနေ ၂၀၂၃ အဲလ် အာ့ခ်ဆာ ရေကြီးမှု တိုက်ပွဲတွေအထိ သူပါဝင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဆင်မှုတွေအတွက် မြေပြင် အခြေအနေ၊ ထောက်လှမ်းရေး နဲ့ နည်းပညာပိုင်းတွေကို တိတိကျကျ ဖြစ်အောင် စီစဉ်တာ၊ လူနေရပ်ရပ်ရွာတွေနဲ့ လုံခြုံရေး စခန်းတွေကို အဓိက အာရုံထား စီးနင်း တိုက်ခိုက်တာတွေကို ကြည့်ရင် သူ့လက်ချက်နဲ့ မကင်းတာကို ပြနေပါတယ်။

ယယာ ဆင်ဝါ

Yahya Sinwar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၁၅ စက်တင်ဘာလ အတွင်းက အမေရိကန် ပြည်ထောင်စုက ဆင်ဝါကို နိုင်ငံတကာ အကြမ်းဖက် သမားစာရင်းထဲမှာ ထည့်သွင်းဖော်ပြခဲ့

ဂါဇာကမ်းမြောင်က ဟားမတ်စ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဖြစ်ပြီး နိုင်ငံရေး ဗျူရိုရဲ့ အကြီးအကဲ ယယာ အီဘရာဟင်မ် အဲလ် ဆင်ဝါကို ၁၉၆၂ ခုနှစ်က မွေးဖွားခဲ့ပါတယ်။

ဟားမတ်စ် လုံခြုံရေးအဖွဲ့ မက်ဂျ်ကို တည်ထောင်ခဲ့ပြီး လုံခြုံရေးရာ ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအထဲမှာ အစ္စရေးရဲ့ သူလျှိုလို့ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးတာ၊ အစ္စရေး ထောက်လှမ်းရေးတွေသာမက သူတို့ လုံခြုံရေး တပ်ဖွဲ့တွေက အရာရှိတွေကိုပါ ခြေရာခံတာမျိုးတွေ လုပ်ခဲ့ပါတယ်။

ဆင်ဝါဟာ ၃ ကြိမ် အဖမ်းခံခဲ့ရပါတယ်။ ပထမဆုံး အကြိမ်အဖြစ် ၁၉၈၂ က အစ္စရေးတပ်ဖွဲ့တွေက သူ့ကို ၄ လကြာ ဖမ်းဆီးထားခဲ့ပါတယ်။။ ၁၉၈၈ ခုနှစ်မှာ တတိယမြောက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် တသက်လေးကြိမ် အပြစ်ပေးခံခဲ့ရပါတယ်။

ဆင်ဝါ အကျဉ်းကျနေစဉ်အတွင်း အစ္စရေး စစ်သား ဂီလတ်ဒ် ရှာလစ်ရဲ့ တင့်ကား ဟားမတ်စ်ရဲ့ ဒုံးကျည်မှန်ပြီး အဲဒီ စစ်သားလည်း သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရပါတယ်။

ရှာလစ်ဟာ ဘယ်လိုပဲကြည့်ကြည့် သာမန်လူတစ်ယောက်လိုပါပဲ။ သူဟာ လူတိုင်းနဲ့အဆင်ပြေလိုက်လျောညီထွေ နေတတ်သူမို့ "အားလုံးအတွက်လူသား" လို့ ခေါ်ကြပါတယ်။ အစ္စရေးလူထုက ရှာလစ်ကို သူတို့သား၊ သူတို့ရဲ့ညီ တစ်ယောက်လိုသတ်မှတ်တာမို့ သူလွတ်မြောက်ရေး အစွမ်းကုန်လုပ်ပေးဖို့ အစ္စရေးအစိုးရကို ဖိအားပေးခဲ့ကြပါတယ်။ အဲဒီနောက် အကျဉ်းသား လဲလှယ်ရေး သဘောတူညီမှုနဲ့ ၂၀၁၁ မှာ အစ္စရေးက ဖာတာနဲ့ ဟားမတ်စ် အဖွဲ့တွေက အကျဉ်းသားတွေကို လွှတ်ပေးပြီး လဲလှယ်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ယယာ ဆင်ဝါလည်း ပါဝင်ခဲ့ပါတယ်။

ဆင်ဝါဟာ ပြန်လွတ်လာပြီးနောက်မှာ ဟားမတ်စ် လှုပ်ရှားမှုရဲ့ အဓိက ခေါင်းဆောင် တယောက် ဖြစ်လာသလို နိုင်ငံရေး ဗျူရိုရဲ့ အဖွဲ့ဝင် တယောက်လည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလထဲမှာတော့ အမေရိကန် ပြည်ထောင်စုက ဆင်ဝါကို နိုင်ငံတကာ အကြမ်းဖက်သမား စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆင်ဝါကို ဂါဇာ ကမ်းမြောင် ဒေသအတွင်းက ဟားမတ်စ် ရဲ့ နိုင်ငံရေး ဗျူရို အကြီးအကဲအဖြစ် အစ္စမေးလ် ဟန်နီယာရဲ့ နေရာကို ဆက်ခံဖို့ ရွေးချယ်တင်မြှောက် ခဲ့ကြပါတယ်။

အဗ္ဗဒူလာ ဘာဂူတီ

အဗ္ဗဒူလာ ဘာဂူတီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘာဂူတီကို ဖောက်ခွဲရေး ပစ္စည်းတွေ စနက်တံတွေ ထုတ်လုပ်တာသာ မက အာလူးကနေ အဆိပ်ဖြစ်စေတဲ့ပစ္စည်းတွေကိုပါ ထုတ်လုပ်တဲ့ အင်ဂျင်နီယာအဖြစ်သိကြ

၁၉၇၂ ခုနှစ်က ကူဝိတ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၀ ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲ အပြီး ဂျော်ဒန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဂျော်ဒန် နိုင်ငံသား အဖြစ်ခံယူခဲ့ပြီး တောင်ကိုရီးယားတက္ကသိုလ်တခုမှာ အီလက်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ်ကို ၃ နှစ်ကြာ တက်ရောက် သင်ကြားခဲ့ရာက ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်လုပ်ဖို့ကိုပါ ဆက်လေ့လာခဲ့ပါတယ်။ ပါလက်စတိုင်းနယ်မြေတွေထဲကို ဝင်ထွက်ခွင့်ရလာတဲ့ အတွက် သူ ကျောင်းမပြီးခဲ့ဘူးလို့ ဆိုပါတယ်။

အစောပိုင်း ဘာဂူတီ ဖောက်ခွဲရေး ပစ္စည်း ထုတ်လုပ်ရေး ဘက်မှာ ဘာတွေလုပ်နိုင်တယ်ဆိုတာကို သူ့အနားကလူတွေ မသိခဲ့ကြပါဘူး။ တရက်မှာ သူ့ ဆွေမျိုး ဘီလားလ် အဲလ် ဘာဂူတီကို အနောက်ဘက်ကမ်းက ခေါင်တဲ့ နေရာတခုကို ခေါ်သွားပြီး သူဘာလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ရာကနေ ဘီလားလ်က သူ့ တပ်မှူးကို ပြော၊ အဲဒီကမှ တဆင့် အဗ္ဗဒူလာ ဘာဂူတီကို ကာဆမ် တပ်မဟာများ အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။

အင်ဂျင်နီယာ ဘာဂူတီဟာ ဖောက်ခွဲရေး ပစ္စည်းတွေ စနက်တံတွေ ထုတ်လုပ်တာသာ မက အာလူးကနေ အဆိပ်ဖြစ်စေတဲ့ပစ္စည်းတွေကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် သူ့မြို့က ကုန်လှောင်ရုံထဲမှာ စစ်ဘက်မှာ သုံးဖို့ ပစ္စည်းတွေထုတ်နိုင်ဖို့ အထူးစက်ရုံကို တည်ဆောက်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ အစ္စရေး တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၃ လ လောက် စစ်ဆေး မေးမြန်းခံခဲ့ရပါတယ်။ အစ္စရေး လူမျိုး ဒါဇင်နဲ့ ချီပြီး သေဆုံးမှုတွေမှာ ဘာဂူတီရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ ယူဆကြတဲ့ အတွက် သူ့ကို ဒုတိယအကြိမ် ရုံးတင်တဲ့ အခါ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဘာဂူတီကို အစ္စရေး သမိုင်းသာမက သမိုင်းတလျှောက် အရှည်ကြာဆုံးလို့ ဆိုနိုင်မယ့် တသက်တကျွန်း ပြစ်ဒဏ်ပေါင်း ၆၇ ခုနှစ် အပြင် နောက်ထပ် နှစ်ပေါင်း ၅၂၀၀ ပါ ချမှတ်ခဲ့ကြပါတယ်။

အဲဒီ အချိန်က သူ့ကို တိုက်ပိတ်ပြီး ထားခဲ့တာ အဆုံးသတ်ဖို့လည်း အစာငတ်ခံပြီးဆန္ဒပြခဲ့ပါတယ်။ ဘာဂူတီကို သူထောင်ထဲမှာ နေစဉ် အတွင်းက ရေးသားခဲ့တဲ့ စာအုပ်ကို အစွဲပြုပြီး အမှောင်ထဲက မင်းသားလို့ လည်း ခေါ်ကြပါတယ်။ အဲဒီစာအုပ်ထဲမှာ သူ့ ဘဝအကြောင်းနဲ့ သူတခြား အကျဉ်းသားတွေနဲ့ ဘာတွေ လုပ်ခဲ့တယ်၊ အစ္စရေး စစ်ဆေးရေး စခန်းတွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေလွတ်အောင် ဘယ်လို သယ်ယူခဲ့တယ်၊ အဝေးထိန်း စနစ်နဲ့ ဘယ်လို ဖောက်ခွဲခဲ့တယ် ဆိုတာမျိုးကစ ဖော်ပြထားပါတယ်။

အစ္စမေးလ် ဟာနီယာ

Ismail Haniyeh

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စမေးလ် ဟာနီယာဟာ ဟားမတ်စ် လှုပ်ရှားမှုရဲ့ နိုင်ငံရေး ဗျူရိုအကြီးအကဲ ဖြစ်သလို ဒဿမမြောက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အစိုးရမှာလည်း ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်

အဘူ အဲလ် အက်ဘ် လို့ လည်း ခေါ်ကြတဲ့ အစ္စမေးလ် အဗ္ဗဒဲလ် ဆာလမ် ဟာနီယာဟာ ပါလက်စတိုင်း ဒုက္ခသည်စခန်းမှာ မွေးဖွးခဲ့သူ ဖြစ်ပြီး ဟားမတ်စ် လှုပ်ရှားမှုရဲ့ နိုင်ငံရေး ဗျူရိုအကြီးအကဲ ဖြစ်သလို ဒဿမမြောက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အစိုးရမှာလည်း ၂၀၀၆ ခုနှစ်က စပြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အစ္စရေးက ၁၉၈၉ ခုနှစ်မှာ သူ့ကို ၃ နှစ် အကျဉ်းချခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်မှာ တခြား ဟားမတ်စ် ခေါင်းဆောင်တွေနဲ့ မာဂျ် အဲလ် ဇူဟာ လို့ခေါ်တဲ့ အစ္စရေနဲ့ လက်ဘနွန်အကြားက လူသူမနီးတဲ့ နေရာကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး တော်တော်ဆိုးဝါးတဲ့ အခြေအနေမှာ တနှစ်ကြာ နေခဲ့ရပါတယ်။ အဲဒီနောက်ဂါဇာကို ပြန်ရောက်လာပြီး ၁၉၉၇ ခုနှစ်မှာ ဟားမတ်စ် လှုပ်ရှားမှုရဲ့ ဘာသာရေးဆိုင်ရာ ခေါင်းဆောင် ရှိတခ် အာမက် ယာဆင်ရဲ့ ရုံးအဖွဲ့မှူး ဖြစ်လာခဲံပါတယ်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် ဟားမတ်စ်က သူ့ကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ အစိုးရ ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့ပြီး အဲဒီလ ၂၀ ရက်နေ့မှာ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

တနှစ်ကြာပြီးနောက်မှာ ဂါဇာကမ်းမြှောင်မှာ အဇ် အဲလ် ဒင် အဲလ် ကာဆမ် တပ်မဟာများက ထိန်းချုပ်လိုက်ပြီး ဖာတာ လှုပ်ရှားမှု အဖွဲ့က ကိုယ်စားလှယ်တွေကို နှင်ထုတ်ခဲ့ကြတဲ့ လူအများအပြားလည်း သေဆုံးခဲ့ရတဲ့ သွေးစွန်းတဲ့ သီတင်းပတ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူ့ကို ပါလက်စတိုင်း အမျိုးသား အာဏာပိုင် အဖွဲ့ရဲ့ သမ္မတဖြစ်တဲ့ မာမုဒ် အာဘတ်စ်က ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဟန်နီယာက ဒါကို ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူးဆိုပြီး လက်မခံခဲ့ဘဲ သူ့အစိုးရဟာ ပါလက်စတိုင်းလူထုကို မပစ်ပယ်ဘဲ အမျိုးသားရေး လုပ်ငန်း တာဝန်တွေကို ဆက်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဟာနီယာဟာ ဖာတာ လှုပ်ရှားမှုအဖွဲ့နဲ့ ရင်ကြားစေ့ဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလ ၆ ရက်မှာ သူ့ကို ဟားမတ်စ်ရဲ့ နိုင်ငံရေး ဗျူရိုမှာ အကြီးအကဲအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ကို အမေရိကန် နိုင်ငံခြားရေး ဌာနက အကြမ်းဖက် သမားအဖြစ် စာရင်းသွင်းခဲ့ပါတယ်။

ခါလစ် မီရှားလ်

Khaled Meshaal

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီရှားလ်ဟာ ဟားမတ်စ် လှုပ်ရှားမှုကို စတင်ခဲ့သူတွေထဲက တယောက် ဖြစ်ပြီး နိုင်ငံရေး ဗျူရို အဖွဲ့ဝင်တဦးလည်းဖြစ်

ခါလစ် မီရှားလ် အဘူ အဲလ် ဝါလစ်ကို အနောက်ဘက်ကမ်းက ဆီလ်ဗတ် ဆိုတဲ့ ရွာလေးမှာ ၁၉၅၆ က မွေးဖွားခဲ့ပါတယ်။ မူလတန်းအထိ ပညာသင်ကြားပြီးနောက် သူ့မိသားစုနဲ့ အတူ ကူဝိတ်ကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီမှာ ဆက်ပညာသင်ခဲ့ပါတယ်။

မီရှားလ်ဟာ ဟားမတ်စ် လှုပ်ရှားမှုကို စတင်ခဲ့သူတွေထဲက တယောက် ဖြစ်ပြီး အဖွဲ့စတင် တည်ထောင်စဉ်ကတည်းက နိုင်ငံရေး ဗျူရို အဖွဲ့ဝင်တဦးလည်း အဖြစ် ပါဝင်လာခဲ့သူ ဖြစ်ပါတယ်။

၁၉၉၆ ကနေ ၂၀၁၇ ခုနှစ်အထိ အဖွဲ့ရဲ့ နိုင်ငံရေး ဗျူရို အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၀၄ မှာ အဖွဲ့ခေါင်းဆောင် ရှိတ်ခ် အာမက် ယာဆင် သေဆုံးပြီးနောက်မှာ သူ့နေရာကို ဆက်ခံခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟုရဲ့ ညွှန်ကြားချက်နဲ့ အစ္စရေးရဲ့ မော့စ်ဆတ်ဒ် ထောက်လှမ်းရေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီ အချိန်က သူဟာ ဂျော်ဒန်နိုင်ငံမှာ နေထိုင်ခဲ့တာ ဖြစ်ပြီး အစ္စရေး မော့စ်ဆတ်ဒ် သူလျှို ၁၀ ယောက်က ကနေဒါ နိုင်ငံကူး လက်မှတ်အတုတွေ သုံးပြီး ဂျော်ဒန်ထဲ ဝင်ရောက်ကာ လုပ်ကြံခဲ့ကြပါတယ်။

အာမန်း မြို့တော်မှာ သူလမ်းလျှောက်နေတုန်း အဆိပ်နဲ့ ထိုးပြီး သူ့ကို လုပ်ကြံခဲ့ကြပါတယ်။ ဂျော်ဒန် အာဏာပိုင်တွေက ဒီလုပ်ကြံမှုကို ဖော်ထုတ်နိုင်ခဲ့ကြပြီး မော့စ်ဆတ်ဒ် သူလျှို ၂ ယောက်ကို ဖမ်းမိခဲ့ကြပါတယ်။

အဲဒီအချိန်က ဂျော်ဒန် ဘုရင် ဟူစိန်က အစ္စရေး ဝန်ကြီးချုပ်ကို အဆိပ်ဖြေဆေး ပေးဖို့ တောင်းခဲ့ပေမယ့် နက်တန်ညာဟုက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံရေးတွေ ပါလာပြီး အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဝင်ဖျန်ဖြေပြီး အတင်းပြောမှသာ အဆိပ်ဖြေဆေးကို ထုတ်ပေးခဲ့ပါတယ်။

၂၀၁၂ ဒီဇင်ဘာလာ ၇ ရက်နေ့မှာ မီရှားလ်ဟာ ဂါဇာကမ်းမြောင်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ ၁၁ နှစ်ထဲက ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပါလက်စတိုင်း နယ်မြေထဲကို သူပြန်ရောက်ရှိခြင်း ဖြစ်ပါတယ်။ သူ့ကို ပါလက်စတိုင်း ခေါင်းဆောင်တွေကရော ပြည်သူတွေကပါ ရာဖာလမ်းဆုံမှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

၂၀၁၇ မေလ ၆ ရက်မှာ သူ့ကို ရှုရာ ကောင်စီက နိုင်ငံရေး ဗျူရိုရဲ့ အကြီးအကဲ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။

မာမု ဇဟာ

Mahmoud Zahar

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟားမတ်စ် လှုပ်ရှားမှုအဖွဲ့ စတင်တည်ထောင်ပြီး ၆ လအကြာမှာပဲ မာမု ဇဟာကို အစ္စရေးက ဖမ်းဆီးခဲ့

မာမု ဇဟာကို ၁၉၄၅ ခုနှစ်က ဂါဇာမြို့တော်မှာ ပါလက်စတိုင်း ဖခင်နဲ့ အီဂျစ် မိခင်တို့က မွေးဖွားခဲ့ပြီး သူ့ကလေးဘဝကို အီဂျီက အစ္စမေးလ်လီယား မြို့မှာပဲ ဖြတ်သန်းခဲ့ရပါတယ်။

မူလတန်း အလယ်တန်းနဲ့ အထက်တန်း ပညာရေးတွေကို ဂါဇာမှာ သင်ယူခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ကိုင်ရိုမြို့က အိန် ရှမ်းစ် တက္ကသိုလ်ကနေ အထွေထွေကု ဆေးဘက်ဆိုင်ရာ ဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၆ ခုနှစ်မှာ ခွဲစိတ်မှုအတွက် မဟာဘွဲ့ ရခဲ့ပြီး ဂါဇာနဲ့ ခန်းယူနစ္စက ဆေးရုံတွေမှာ သူ့ရဲ့ နိုင်ငံရေး ခံယူချက်ကြောင့် အစ္စရေး အာဏာပိုင်တွေက မထုတ်ပယ်ခင် အထိ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။

ဇဟာ ကို ဟားမတ်စ်ရဲ့ နိုင်ငံရေး ဦးဆောင်မှု ပေးတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင် အဖြစ်နဲ့ သြဇာအကြီးဆုံး ခေါင်းဆောင် တယောက်အဖြစ် ရှုမြင်ကြပါတယ်။

သူ့ကို ဟားမတ်စ် လှုပ်ရှားမှု အဖွဲ့ စတင် တည်ထောင်ပြီး ၆ လ အကြာ ၁၉၈၈ ခုနှစ်မှာ အစ္စရေးက ထောင်ထဲမှာ ၆ လ ဖမ်းဆီး ထားခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးကနေ မာဂျ် အဲလ် ဇူဟာကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး အဲဒီမှာ တနှစ် နေခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်က ရွေးကောက်ပွဲမှာ ဟားမတ်စ် လှုပ်ရှားမှုအဖွဲ့က အများစု အနိုင်ရခဲ့ပြီးနောက် ဇဟာလည်း အဲဒီအချိန်က ဝန်ကြီးချုပ် အစ္စမေးလ် ဟန်နီယာ တည်ထောင်တဲ့ အစိုးရမှာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ အဲဒီနေရာမှာ ပါလက်စတိုင်း အကွဲအပြဲကြောင့် သမ္မတ မာမု အာဘတ်စ်က အစိုးရကို မဖျက်သိမ်းခင် အထိ တာဝန်ယူခဲ့ပါတယ်။

သူ့ကို ၂၀၀၃ ခုနှစ်အတွင်း အစ္စရေးက လုပ်ကြံခဲ့ပါသေးတယ်။ အက်ဖ် ၁၆ တိုက်လေယာဉ်က ဂါဇာမြို့တော်ထဲက ရီမာလ် အရပ်မှာ ရှိတဲ့ သူ့နေအိမ်ပေါ်ကို တန်ဝက် ရှိတဲ့ ဗုံးကြဲချခဲ့ပါတယ်။

သူ့သား အကြီးဆုံး ခါလစ် သေဆုံးခဲ့ရပေမယ့် သူကတော့ ဒဏ်ရာ အနည်းငယ်နဲ့ လွတ်မြောက်သွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ အစ္စရေးရဲ့ ဂါဇာ အရှေ့ဘက်ခြမ်း စီးနင်းမှုအတွင်း သေဆုံးခဲ့ရတဲ့ လူ ၁၈ ယောက်ထဲမှာ ကာဆမ် တပ်မဟာများမှာ တာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့ ဒုတိယသားဖြစ်သူ ဟော့စ်ဆမ်လည်း ပါသွားခဲ့ပါတယ်။

သူဟာ ပညာရေး၊ နိုင်ငံရေးနဲ့ စာပေဗဟုသုတပိုင်း ဆိုင်ရာ စာတွေလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ The Problem of Our Contemporary Society... A Quranic Study စာအုပ်ကို ရေးသားခဲ့သလို ဘန်ဂျမင် နက်တန်ယညာဟုရဲ့ On the Pavement ဆိုတဲ့ စာအုပ်ကို တုံ့ပြန်တဲ့ No Place Under the Sun ကိုလည်း ရေးသားခဲ့ပါတယ်။