ယီမင်ကမ်းလွန်မှာ သင်္ဘော ဒုံးကျည်ထိ- ဇန်နဝါရီ ၁၆ နိုင်ငံတကာ သတင်းများ

yemen

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပင်လယ်နီ ရေကြောင်းသွားလာမှု စိုးရိမ်နေရ

ယီမင်ကမ်းလွန်မှာ မော်လ်တာအလံ လွှင့်ထားတဲ့ ကုန်တင်သင်္ဘောတစင်း ဒုံးကျည်နဲ့ အပစ်ခံရတယ်လို့ ရေကြောင်းသွားလာရေး သတင်းတွေအရ သိရပါတယ်။ ဇိုဂရာဖီးယားသင်္ဘောမှာ အပျက်အစီး နည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ကလည်း ကုန်တင်သင်္ဘောတစင်းကို သင်္ဘောဖျက်ဒုံးကျည်နဲ့ ပစ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်တွေက ပြောပါတယ်။

ယီမင်က ဟူသီသူပုန်တွေကို အမေရိကန်နဲ့ ဗြိတိန်ရဲ့ စစ်ရေးတိုက်ခိုက်မှုနဲ့ ပင်လယ်နီထဲ သွားနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုက ရပ်မသွားဘူးဆိုပြီးလည်း ကာတာ ဝန်ကြီးချုပ် က ပြောပါတယ်။

သံတမန်ရေး ဖြေရှင်းမှု လုပ်ဖို့လိုကြောင်း သူက ဆိုပါတယ်။

ဂါဇာ ပဋိပက္ခကို ဖြေလျှော့ရေးကသာ တခြားစစ်မျက်နှာတွေမှာ စစ်ရှိန်တက်နေတာကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိုဟာမက် ဘင် အဗ္ဗဒူလာရာမန် အယ်လ်သာနီက ပြောကြားခဲ့ပါတယ်။

အချိန် ဇယားပါတဲ့ အစ္စရေး ပါလက်စတိုင်း နှစ်နိုင်ငံတည်ထောင်ရေးကို အစ္စရေးဘက်က မဖြစ်မနေ လိုက်နာမှု ရှိဖို့လိုတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါမှသာ ဒေသတွင်း အနာဂတ် တည်ငြိမ်ရေးကို တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။

မြောက်က တောင်ကိုရီးယားကို ပထမရန်သူတံဆိပ်တပ်

korea

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားက အင်ကြီးအားကြီးနဲ့ တုံ့ပြန်မယ်

မြောက်ကိုရီးယားက တောင်ကိုရီးယားကို သူ့ရဲ့ ပထမရန်သူဆိုပြီး တံဆိပ်တပ်လိုက်တဲ့အတွက် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးကလည်း အင်ကြီးအားကြီးနဲ့ တုံ့ပြန်မယ်ဆိုပြီး မြောက်ကိုရီးယားကို ပြန်လည်ခြိမ်းခြောက် ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ စစ်မဖြစ်အောင် ရှောင်နေမှာ မဟုတ်ဘူးဆိုတဲ့ ကင်ဂျုံအွန်းရဲ့ မိန့်ခွန်းကို မစ္စတာယွန် တုံ့ပြန်ခဲ့တာပါ။

မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားကို သိမ်းဖို့ ပြင်ထားသင့်တယ်လို့ လည်း မစ္စတာကင်က ပြောပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် စကားကတောက်ကဆ ပြောတာတွေ ဖြစ်လေ့ရှိပြီး မနှစ်ကစပြီးတော့ ပိုဆိုးလာပါတယ်။

တောင်မြောက် နှစ်နိုင်ငံဆက်ဆံရေး အနိမ့်ပိုင်းကို ရောက်နေပြီး နှစ်ဖက်လုံးက စစ်ရေးအင်အားကို ဖြည့်တင်းနေကြတာ ဖြစ်ပါတယ်။

ဗီယက်နမ်တိုက်ခိုက်မှု ရုံးတင်

vietnam

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူအများအပြားကို အကြမ်းဖက်မှုနဲ့ စွဲဆို

မနှစ်က ဗီယက်နမ်မှာ ဒေသန္တရ အစိုးရရုံးတွေကို ချိန်ကိုက်ပစ်ခတ် တိုက်ခိုက်မှုတွေမှာ ပါတယ်လို့ စွပ်စွဲခံရတဲ့ လူတရာလောက်ကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဒီထဲက လူအများစုကို အကြမ်းဖက်မှုနဲ့ စွဲဆိုထားပါတယ်။

နိုင်ငံအလယ်ပိုင်းက ဒက်လက်ခရိုင်မှာ ဇွန်လက ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ကိုးယောက် သေဆုံးပြီး ဒီထဲမှာ ရဲအရာရှိ လေးယောက်ပါပါတယ်။

ဒီနယ်မြေမှာ လူနည်းစု မျိုးနွယ်၀င်တွေ နေထိုင်ကြပြီး နှိပ်ကွပ်မှုတွေ ကြုံရတယ်လို့ သမိုင်းစဉ်ဆက် စောဒကတက်လာကြသူတွေ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်သူတွေဟာ ဗီယက်နမ်အစိုးရကို ဖယ်ရှားပြီး လွတ်လပ်တဲ့ နိုင်ငံ ထူထောင်ချင်သူတွေဆိုပြီး တရားရုံးက စွပ်စွဲခဲ့ပါတယ်။

မထုရာဗလီ စစ်ဆေးမှု တရားရုံးချုပ် ဆိုင်းငံ့

india

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကရစ်ရှနားမွေးတယ်လို့ ယုံတဲ့နေရာက ဗလီနဲ့ ဘုရားကျောင်း

အိန္ဒိယနိုင်ငံမြောက်ပိုင်း မထုရာမြို့က ၁၇ ရာစု ဗလီတလုံးမှာ ဟိန္ဒူဘာသာရေး အမွေအနှစ်တွေ ရှိနေသလား လေ့လာစစ်ဆေးမယ့် အစီအစဉ်ကို အိန္ဒိယတရားရုံးချုပ်က ဆိုင်းငံ့လိုက်ပါတယ်။

မွတ်ဆလင်တွေ ခုထိ ဝတ်ပြုကိုးကွယ်နေတဲ့ ဗလီမှာ စစ်ဆေးတာတွေ လုပ်ဖို့ ဥတ္တရာပရာဒက်ရှ်ပြည်နယ် တရားရုံးက ဒီဇင်ဘာလက ခွင့်ပြုခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ အယုဒ္ဓယမြို့က မွတ်ဆလင်ဗလီကို ဖျက်ဆီးပြီး ဆောက်ထားတဲ့ ဟိန္ဒူဝတ်ကျောင်းကြီး ဖွင့်ပွဲကို အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက တခမ်းတနားနဲ့ ကြီးမှူးကျင်းပဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင်က ဂျစ်ပနီသပိတ်

Philippines

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂျစ်ပနီတွေကို မောင်းမထုတ်ဖို့ ဆန္ဒပြ

ဖိလစ်ပိုင်မှာ ဂျစ်ပနီလို့ ခေါ်တဲ့ ဟောင်းအိုနေတဲ့ ဘတ်စ်ကားအသေးတွေကို ဖယ်ရှားမပစ်ဖို့ ကားဆရာတွေ မနီလာမြို့တော်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ခေတ်ပေါ် လေထုညစ်ညမ်းမှုနည်းတဲ့ ယာဉ်တွေနဲ့ ဒီကားတွေကို ဖိလစ်ပိုင် အစိုးရက အစားထိုးချင်ပါတယ်။

ဂျစ်ပနီတွေက ဖိလစ်ပိုင်မှာ လူစီးအများဆုံး လူထုသယ်ယူပို့ဆောင်ရေးယာဉ်လည်း ဖြစ်နေပါတယ်။

ဒုတိယကမ္ဘာစစ်ကျန် အမေရိကန် ဂျစ်ကားတွေကို ပုံပြောင်းထားတဲ့ ဂျစ်ပနီတွေဟာ ဖိလစ်ပိုင်ရဲ့ အမျိုးသား သင်္ကေတလိုလည်း ဖြစ်လာပါတယ်။

မနီလာမြို့တော်က လမ်းတွေပေါ်မှာ ဆူညံနေတဲ့ ဂျစ်ပနီကားတန်းကြီးနဲ့ အင်္ဂါနေ့မှာ လှည့်လည်ခဲ့ကြတာပါ။

ကားအသစ်၀ယ်ခိုင်းတာက အကြွေးတင်လိမ့်မယ်ဆိုပြီး ကားဆရာတွေက ပြောပါတယ်။

နောက် အချိန်ဇယားနဲ့ ကားဆွဲခိုင်းဖို့ စီစဉ်နေတာကိုလည်း သူတို့ စိတ်ဆိုးကြပါတယ်။