နိုဝင်ဘာ ၁၆ ရက်နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- ကျောက်ဖြူမှာ AA နဲ့ စစ်တပ်တိုက်ပွဲဖြစ်

နိုဝင်ဘာ ဒုတိယအပတ်တုန်းက မင်းပြင်ရွာ၊ ရေဒါစခန်းအနီးမှာတွေ့ရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ဒုတိယအပတ်တုန်းက မင်းပြင်ရွာ၊ ရေဒါစခန်းအနီးမှာတွေ့ရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့

ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ထဲမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ) တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ထဲက "မင်းပြင်ရွာမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာ" လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မင်းပြင်ရွာမှာရှိတဲ့ ရေဒါစခန်းအနီးမှာ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ရေဒါစခန်းအနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့က တန်းစီနေရာယူတာမျိုးလုပ်နေပြီး တပ်ဖွဲ့ဝင်တစ်ယောက်က မှတ်တမ်းဓာတ်ပုံရိုက်ဖို့ နေရာယူပြင်ဆင်နေတာတွေ့ရပါတယ်။

ရုပ်သံဖိုင်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းရှိပြီး အဲဒီထဲက ၁၀ ဦးထက်မနည်းကတော့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးနိုင်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

လက်နက်ကြီးတစ်လုံးဟာ ဓာတ်ပုံရိုက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရှိရာ နေရာကို ကျရောက်ပေါက်ကွဲပြီး နောက်တစ်လုံးကတော့ ရေဒါစခန်းရဲ့ ဘယ်ဘက်အနောက်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲတာတွေ့ရပါတယ်။

လက်နက်ကြီးကျည်ထိမှန်သွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ကို ကျည် မထိမှန်တဲ့သူတွေက အနီးနားက အဆောက်အဦတစ်ခုအောက်ထဲ ဆွဲသွင်းနေတာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

နိုဝင်ဘာ ၁၄ ရက်တုန်းက ဖြစ်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာ မင်းပြင်ရွာကို စစ်တပ်စစ်ကြောင်းထိုးလာလို့ အေအေတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီးနောက် စစ်တပ်ပြန်ဝင်ပြီး နေရာယူချိန်မှာ ဖြစ်ပွားခဲ့တာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုပြီးတဲ့နောက် သိုင်းချောင်းရွာကနေ စစ်တပ်က စစ်ကူစစ်ကြောင်းထပ်မံစေလွှတ်ခဲ့ပြီး အဲဒီစစ်ကူစစ်ကြောင်းကို အေအေနဲ့ ပူးပေါင်းတပ်တွေက မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းနဲ့ နောက်ထပ်စစ်ကူလာတဲ့ စစ်ကြောင်းလည်း ဖြတ်တိုက်ခံရပြီး စစ်ကြောင်းပျက်သွားတာကြောင့် စစ်တပ်ဘက်က သေဆုံးမှုများနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်ထဲက မင်းပြင်အပြင် ချောင်းဝနဲ့ စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ သိုင်းချောင်းရွာတွေဘက်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကော်မရှင်ကတော့ ကျောက်ဖြူမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပေါက်မြို့နယ်ထဲ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးနေချိန် စစ်တပ်လေထီးနဲ့ ၅ ကြိမ်ဗုံးကြဲ

စစ်တပ်စစ်ကြောင်းဖြတ်တိုက်မှုကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေလို့ ပေါက်ပကဖထုတ်ပြန်ထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, ပေါက်ပကဖ

ဓာတ်ပုံ ပုံစာ, စစ်တပ်စစ်ကြောင်းဖြတ်တိုက်မှုကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေလို့ ပေါက်ပကဖထုတ်ပြန်ထားတဲ့ပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်မြောက်ပိုင်းကို စစ်တပ်က ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ စစ်ကြောင်း ၂ ကြောင်းခွဲထိုးနေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်လေထီးနဲ့ ၅ ကြိမ် ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကြောင်း ၁ ကြောင်းက နိုဝင်ဘာ ၁၄ ရက်တုန်းက ပေါက်အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

နောက်တစ်ကြောင်းကတော့ ဒီနေ့ မနက် မြိုင်မြို့နယ်၊ စက်မှု ၂ ရွာ ထဲကနေ ထွက်လာတာလို့ သူက ဆက်ပြောပါတယ်။

"မြိုင်စက်မှုကနေ လာတဲ့ စစ်ကြောင်းက အင်အား ၂၀၀ ဝန်းကျင်လောက်ပါတယ်။ မြိုင်အစပ်က ဆေးပင်ကြီးရွာနား စစ်ကြောင်းရောက်နေတယ်" လို့ သူက ဆိုပါတယ်။

စစ်ကြောင်းထိုးနေချိန်အတွင်း စစ်တပ်က စက်တပ်လေထီးနဲ့ ဒီနေ့ တစ်ရက်တည်းမှာပဲ ပေါက်နယ်ထဲကို လေကြောင်းကနေ ဗုံး ၅ ကြိမ်ကြဲသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"အထိအခိုက်တော့မရှိဘူး။ ရွာတချို့‌တော့ မီးရှို့ဖျက်ဆီးခံရတာရှိတယ်"လို့ သူက ဆိုပါတယ်။

စစ်တပ်က ပေါက်နယ်ထဲမှာ စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် ပေါက်မြို့နယ်ထဲက ရွာပေါင်း ၁၀ ရွာထက်မနည်း စစ်ရှောင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စစ်တပ်စစ်ကြောင်း ထိုးနေချိန်အတွင်း ပေါက်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် ပေါက်အခြေစိုက် တပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ကတော့ ပေါက်နယ်ကို စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

အောင်လအန်ဆန် Hall of Fame ဆုယူဖို့ ဂျပန်ရောက်

အောင်လအန်ဆန်နဲ့ သူ့ရဲ့ပရိသတ်တွေ တွေ့ဆုံပြီး လက်မှတ်‌ရေးထိုး၊ ဓာတ်ပုံအတူတွဲရိုက်ခဲ့ကြတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ONE Championship

ဓာတ်ပုံ ပုံစာ, အောင်လအန်ဆန်နဲ့ သူ့ရဲ့ပရိသတ်တွေ တွေ့ဆုံပြီး လက်မှတ်‌ရေးထိုး၊ ဓာတ်ပုံအတူတွဲရိုက်ခဲ့ကြတဲ့ မြင်ကွင်းတွေ

မြန်မာ့စပါးအုံးလို့ သိကြတဲ့ MMA သိုင်းပေါင်းစုံ ကစားသမား အောင်လအန်ဆန်ဟာ Hall of Fame ဂုဏ်ပြု ဆုယူဖို့ ဂျပန်ရောက်ရှိနေပါတယ်။

Hall of Fame ဆုယူဖို့ရောက်လာတဲ့ အောင်လအန်ဆန်နဲ့ သူ့ရဲ့ပရိသတ်တွေ တွေ့ဆုံပြီး လက်မှတ်‌ရေးထိုး၊ ဓာတ်ပုံအတူတွဲရိုက်ခဲ့ကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ Hall of Fame ရဲ့ တတိယမြောက်ဖိုက်တာဆုကို ယူဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဒီဆုကို ဒီနေ့မှာပဲ ဝမ်းချန်ပီယံရှစ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပနေတဲ့ One Friday 173 ပွဲစဉ်အတွင်းမှာ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Hall of Fame ဆုဟာ ဂန္တဝင်ကစားသမားတွေထဲက အကောင်းဆုံးတွေကိုသာ အသိအမှတ်ပြုတဲ့အနေနဲ့ ဝမ်းချန်ပီယံရှစ်က ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

အောင်လအန်ဆန်က ၀မ်းချန်ပီယံရှစ်ရဲ့ မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ၂ ခု ချန်ပီယံဟောင်းဖြစ်ပါတယ်။

ဝမ်းချန်ပီယံရှစ်က ပေးတဲ့ Hall Of Fame ဆုကို ပထမဦးဆုံးအနေနဲ့ Demetrious Johnson ကရရှိခဲ့ပြီး ဒုတိတစ်ကြိမ်မှာတော့ Bibiano Fernandes က ရရှိခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ သူ့ ကစားသမားဘဝကနေ အနားယူတဲ့နောက်ဆုံးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၄ ရက်တုန်းက ဆွီဒင်ဖိုက်တာကို ထိုးသတ်ခဲ့ပြီး MMA ကစားသမားဘဝကို အောင်လအန်ဆန်က အနိုင်နဲ့ နှုတ်ဆက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်း လီယို ဟောလိဝုဒ် နာမည်ကျော်တွေနဲ့တွေ့ဆုံ

သြစတြေးလျနွယ်ဖွား ရုပ်ရှင်မင်းသမီး ကိတ် ဘလန့်ချက်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ လက်ဆွဲနှုတ်ဆက်နေကြ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သြစတြေးလျနွယ်ဖွား ရုပ်ရှင်မင်းသမီး ကိတ် ဘလန့်ချက်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ လက်ဆွဲနှုတ်ဆက်နေကြ

ပုပ်ရဟန်းမင်းကြီး လီယိုဟာ သရုပ်ဆောင်မင်းသမီး ကိတ် ဘလန့်ချက်အပါအဝင် နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ တွေ့ဆုံပြီး မျှော်လင့်ချက်ဆောင်ကျဥ်းတဲ့ ရုပ်ရှင်လက်ရာတွေကို ဆက်ပြီး ဖန်တီး ထုတ်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ အခုလို ကမ္ဘာကျော် အနုပညာရှင်တွေ တွေ့ဆုံမှုဟာ ကတ်သလစ်အသင်းတော်အနေနဲ့ ကမ္ဘာကြီးနဲ့ ပိုပြီးချိတ်ဆက်ဖို့ရာ ရဟန်းမင်းကြီးအသစ် တစ်ပါးရဲ့ အားထုတ်မှု အသစ်တစ်ခုအဖြစ် မြင်နိုင်ပါတယ်။​

တဖက်မှာလည်း ရုပ်ရှင်သွားကြည့်ကြသူတွေ လျော့ကျလာနေတယ်လို့ ရဟန်းမင်းကြီးကိုယ်တိုင် နှုတ်က ဖွင့်ပြောထားတာကြောင့် ဒါဟာ ကမ္ဘာ့ရုပ်ရှင်လောကကို ရဟန်းမင်းကြီးရဲ့ အားပေးထောက်ခံမှုကို ပြသရာလည်းရောက်နေပါတယ်။

ဒါရိုက်တာ စပိုက် လီကတော့ ဒီတွေ့ဆုံမှုကို ''ကောင်းမြတ်တဲ့နေ့'' လို့ မှတ်ချက်ပြုပါတယ်။

ပညာပေးတာနဲ့ ဖျော်ဖြေရေးလုပ်နိုင်တဲ့ ရုပ်ရှင်စွမ်းပကားကိုလည်း ပုပ်ရဟန်းမင်းကြီးက ကလင်မန်တိုင်း ခန်းမဆောင်ကြီးမှာ အနုပညာရှင်တွေနဲ့တွေ့ဆုံချိန် ချီးကျူးစကားပြောပါတယ်။

''ကမ္ဘာကြီးရဲ့ဒဏ်ရာဒဏ်ချက်တွေကို မတူးဆွပဲ မနေဖို့'' ရဟန်းမင်းကြီးက ဒါရိုက်တာတွေကို တိုက်တွန်းပါတယ်။

''အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ ပြည်ပထွက်ပြေးတိမ်းရှောင်ရမှု၊ အထီးကျန်မှု၊ စွဲလမ်းမှုနဲ့ အမေ့ပျောက်ခံစစ်ပွဲတွေကို ပြဿနာတွေကို အသိအမှတ်ပြုပြီး ပြန်ပြောင်းပြောဖို့'' ရဟန်းမင်းကြီးက ပြောပါတယ်။​

''ရုပ်ရှင်ကောင်းတို့မည်သည် နာကျင်မှုကို မမြတ်မထုတ်ပါ။ အသိအမှတ်ပြုပြီး အနုပညာနဲ့တနည်းတဖုံ ပုံဖော်ပြတာသာဖြစ်တယ်။ ဒါဟာ တကယ့်ဒါရိုက်တာကောင်းတွေ ပြသခဲ့ကြတဲ့လမ်းလည်း ဖြစ်တယ်'' လို့ ပုပ်က ပြောပါတယ်။

ရဟန်းမင်းကြီးနဲ့ အနုပညာရှင်တွေ တွေ့ဆုံဖို့ တက်ရောက်မယ့်သူ စာရင်းကို ဘယ်လို ပြုစုခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အခုတွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြတဲ့ ဒါရိုက်တာတွေထဲ ကမ္ဘာတလွှားက ဒါရိုက်တာတွေလည်း ပါဝင်နေပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ထိပ်တန်း နာမည်ကျော် အနုပညာရှင်တွေထဲ The Lord of the Rings ရုပ်ရှင်ကားအချို့ရဲ့ဒါရိုက်တာ မော်တန်ဆန်၊ သရုပ်ဆောင် မင်းသား ခရစ် ပိုင်း၊ မင်းသမီး ဒါကိုဒါ ဂျွန်ဆင်နဲ့ အီတလီ နာမည်ကျော် ဒါရိုက်တာနဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။

ကရင်ပြည်နယ်မှာ ကျားဖြန့် နှိမ်နင်းရေးလုပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

စစ်ခေါင်းဆောင်ရဲ့ ဘားအံခရီးစဉ်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ တွေ့ဆုံနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ ဘားအံခရီးစဉ်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ တွေ့ဆုံနေတဲ့မြင်ကွင်း

ကရင်ပြည်နယ်ထဲမှာ ကျားဖြန့်နှိမ်နင်းရေးလုပ်နေတယ်လို့ပြောပြီး ထိုင်း -မြန်မာ နယ်စပ်က KK Park နေရာကို ရှင်းလင်းရေးဆက်လုပ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်နယ်မြို့တော် ဘားအံကို ရောက်ချိန်ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘားအံမြို့ကို နိုဝင်ဘာ ၁၅ ရက်မှာသွားခဲ့ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေ ရပ်မိ၊ ရပ်ဖတို့ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာလို့ ဆိုပါတယ်။ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်လို မှတ်ယူပြီး လုပ်မယ်လို့လည်း သူက ပြောသွားပါတယ်။

ကရင်ပြည်နယ်တွင်းက တည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်လို့လည်း သူက ပြောခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်နေတာကို လူထုအနေနဲ့ ကာကွယ်ဖို့သူက ပြောပေမဲ့ ဘယ်လိုလုပ်ရပ်တွေ ဆိုတာကို သူက ထည့်ပြောသွားပါဘူး။ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအကြောင်း ထုတ်ပြောခဲ့ပြီး ရွေးကောက်ပွဲပြီးတဲ့အခါ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေနဲ့ပဲ နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်သွားရမယ်လို့ သူက ပြောခဲ့ပါတယ်။

ကရက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေနဲ့အတူ ဆန့်ကျင်သွားမှာဖြစ်ပြီး စစ်တပ်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်သလို နိုင်ငံတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်စေပြီး ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်စေတယ်လို့ အစောပိုင်းကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၁၅ ရက် တစ်ရက်တည်းမှာပဲ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို သွားခဲ့ပြီး ဘုရားဖူးတာ၊ ညစျေးတန်းကို လိုက်ကြည့်တာတွေ လုပ်တဲ့ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ပါတယ်။

တစ်ဖက်မှာလည်း စစ်ခေါင်းဆောင် ဘားအံခရီးမစတင်ခင် တစ်ရက်အလိုမှာပဲ စစ်တပ်ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်က မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပါတယ်။ မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ အဲဒီမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၃ ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ KNLA က ထုတ်ပြန်ထားပါတယ်။

ကျားဖြန့်ကြီးစိုးတဲ့နေရာတွေကို မြန်မာ၊ တရုတ်အပါအဝင် ၆ နိုင်ငံ ပူးပေါင်းထိန်းချုပ်ဖို့ ဆွေးနွေး

နိုဝင်ဘာ ၁၄ ရက်က တရုတ်၊ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ကျားဖြန့်နှိမ်နင်းရေးအစည်းအဝေးပွဲ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၄ ရက်က တရုတ်၊ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ကျားဖြန့်နှိမ်နင်းရေးအစည်းအဝေးပွဲ

အွန်လိုင်းငွေလိမ်(ကျားဖြန့်)နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ ၆ နိုင်ငံ ပူးတွဲလုပ်တဲ့ ကူမင်းဆွေးနွေးပွဲကနေ ရလဒ်ထွက်တယ်လို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာပါတယ်။

ဒေသတွင်းမှာ အွန်လိုင်းလိမ်လည်မှု အဓိကလုပ်နေတဲ့ နေရာတွေကို အဲဒီနိုင်ငံတွေက ပူးတွဲထိန်းချုပ်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။

အမေရိကန်ကနေ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တိုက်ဖျက်ရေးအထူးအဖွဲ့ ဖွဲ့စည်းပြီး တစ်ရက်အကြာမှာပဲ အရှေ့တောင်အာရှထဲက ၆ နိုင်ငံကလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ခြေလှမ်းစလာတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်က တရုတ်၊ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံကနေ ကျားဖြန့်အရေးအတွက် ပထမဆုံးလုပ်တဲ့ အွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ အွန်လိုင်းလိမ်လည်(ကျားဖြန့်)တွေကို တိုက်ဖျက်ဖို့ နိုင်ငံတကာမဟာမိတ်အဖွဲ့ ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေတဲ့နေရာတွေ ရှင်းလင်းဖယ်ရှားရေးနဲ့ ပြည်နှင်လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေး စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ အထူးအဖွဲ့ကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ဒီစီရှေ့နေရုံးက ပြောထားပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကော်မရှင်ကတော့ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲက ကျားဖြန်ရုံတွေရှိတဲ့ ကေကေပါ့ခ်(KK Park) ထဲက အဆောက်အအုံတွေကို ဖောက်ခွဲဖြိုချဖျက်ဆီးတာတွေ လုပ်နေပါတယ်။

လက်ရှိမှာတော့ KK Park ဝင်းထဲမှာ လုပ်ငန်းဆိုက် ၆ ခုရှိပြီး ဆိုက် ၂ က အဆောက်အအုံအများစုပဲ ဖောက်ခွဲဖျက်ဆီးခံထားရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောထားပါတယ်။