ဆင်ကြီး ဆပ်ခ်ဆူးရင်ရဲ့ အိမ်ပြန်ခရီး - ဇူလိုင် ၂ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ

ဆင်ကြီး ဆပ်ခ်ဆူးရင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနှစ် ၂၀ အကြာမှာ အိမ်ပြန်ရပြီ

ထိုင်းနိုင်ငံထံကနေ လက်ဆောင် အဖြစ် ရထားခဲ့တဲ့ ဆင်ကြီးကို သီရိလင်္ကာ ပြန်ပေးလိုက်ရပြီ ဖြစ်ပါတယ်။ အဲဒီဆင်ကြီးဟာ သီရိလင်္ကာမှာ ကောင်းကောင်းမနေရပဲ နှိပ်စက်ခံနေရတယ် ဆိုပြီး ထိုင်း အာဏာပိုင်တွေက ပြစ်တင်ထားပါတယ်။

ထိုင်းမှာ ဆပ်ခ်ဆူးရင်လို့ အသိများပြီး ၊ သီရိလင်္ကာမှာတော့ မူသူရာဂျာလို့ ခေါ်တဲ့ အဲဒီ ဆင်ကြီးဟာ အခုဆိုရင် အသက် ၂၉ နှစ်ရှိပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၉ နှစ်သား အရွယ်တုန်းက ထိုင်းတော်ဝင် မိသားစုရဲ့ လက်ဆောင် အဖြစ် သီရိလင်္ကာကို ပေးခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာ တောင်ပိုင်း ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် တစ်ခုမှာ ဆင်ကြီးဟာ ဂရုစိုက်မယ့်သူ မရှိ၊ ဒီအတိုင်း ပစ်ထားခံရပြီး၊ ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေတောင် ခံနေရယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တဲ့နောက် ထိုင်းနိုင်ငံက အဲဒီဆင်ကြီးကို ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ၄ တန် လောက်လေးတဲ့ ဆင်ကြီးကို ကိုလံဘို လေဆိပ်မှာ အထူး ကုန်တင်လေယာဉ်ပေါ် တင်ပြီး၊ ဆင်ထိန်းတွေ၊ တိရိစ္ဆာန်ဆေးကု ဆရာဝန်တွေနဲ့ အတူ အိမ်ပြန်ခရီး ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

စတော့ဟုန်းမြို့လယ်မှာ ကိုရ်အန်ကျမ်း မီးရှို့ခံရလို့ OIC အရေးပေါ် တွေ့ဆုံ

ကိုရ်အန်ကျမ်း မီးရှို့ခံရလို့ မွတ်ဆလင်မ်ကမ္ဘာမှာ အုံကြွ ပေါက်ကွဲနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုရ်အန်ကျမ်း မီးရှို့ခံရလို့ မွတ်ဆလင်မ်ကမ္ဘာမှာ အုံကြွ ပေါက်ကွဲနေ

ဆွီဒင်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အစ္စလာမ် ဘာသာရေး အထွဋ်အမြတ် ကိုရ်အန် ကျမ်းစာအုပ် မီးရှို့ခံရမှု ဖြစ်ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အီရန်အစိုးရက သူတို့ရဲ့ သံအမတ် အသစ်ကို ဆွီဒင်ကို စေလွှတ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကိုရ်အန်ကို မီးတင်ရှို့တဲ့ လုပ်ရပ်ကို ဆွီဒင်မှာ ရောက်နေတဲ့ အီရတ်နွယ်ဖွား ဒုက္ခသည်တစ်ဦးက စတော့ဟုမ်းမြို့လယ်က ပလီဝတ်ကျောင်း အပြင်ဘက်မှာ ပြီးခဲ့တဲ့ အီးဒ်နေ့တုန်းက ပြုမူခဲ့တာ ဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ကို မတားဆီးပဲ ဆွီဒင်အာဏာပိုင်တွေက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အာမဲရ် အဗ္ဗဒွလ်လာဟင်က ပြစ်တင် ပြောဆိုပါတယ်။

အဲဒီဖြစ်ရပ်အပေါ် ဘယ်လို တုံ့ပြန် ကိုင်တွယ်ကြမလဲ ဆိုပြီး အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ဝင်နိုင်ငံတွေ ဆော်ဒီအာရေဗျ မြို့တော်မှာ ဒီကနေ့ အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ အီရန်လည်း တက်ရောက် ခဲ့ပါတယ်။

ဇူလူးဘုရင် အဆိပ်ခတ်ခံရလို့ ဆေးရုံတင်ထားရ

နန်းမွေခံနိုင်ဖို့ နှစ်ရှည် အငြင်းပွားခဲ့ရတဲ့ ဇူလူးဘုရင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်းမွေခံနိုင်ဖို့ နှစ်ရှည် အငြင်းပွားခဲ့ရတဲ့ ဇူလူးဘုရင်

တောင်အာဖရိက နိုင်ငံက လာတဲ့ သတင်းတွေအရ ဇူးလူးဘုရင် နာမကျန်း ဖြစ်နေတဲ့ အတွက် ဆေးရုံတင် ကုသမှု ခံယူနေရပါတယ်။ အဆိပ်မိတာလို့ သံသယ ရှိရပါတယ်။ သူ့ရဲ့ အနီးကပ် အကြံပေးတစ်ယောက် ရုတ်တရက် သေဆုံးခဲ့ပြီး၊ ဘုရင် မီဆူဇူလူ ကာဇွီလီသီနီကိုလည်း ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။ ဘုရင် မီဆူဇူလူဟာ နန်းဆက်ခံနိုင်ဖို့ အပြင်းအထန် ပြိုင်ဆိုင်မှုတွေနဲ့ အချိန်ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရပြီး၊ ပြီးခဲ့တဲ့ နှစ်ကမှ ဇူးလူးဘုရင် ဖြစ်လာခဲ့တာပါ။ အခုလို အဆိပ်ခတ်ခံရသလား ဆိုပြီး သံသယ ရှိရတဲ့ အကြောင်းကို ဇူးလူးတော်ဝင်မိသားစုဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မလုပ်ပဲ နှုတ်ဆိတ်နေပြီး၊ ဇူးလူးရိုးရာ နန်းရင်းဝန်ချုပ်ဘက်က လူအများကို အသိပေးလာတာ ဖြစ်ပါတယ်။

ဘော်လ်တာမိုး ပစ်ခတ်မှု သေနတ်သမားကို မမိသေး

၂ ယောက် သေဆုံး၊ အယောက် ၃၀ နီးပါး ဆေးရုံပို့ဆောင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂ ယောက် သေဆုံး၊ အယောက် ၃၀ နီးပါး ဆေးရုံပို့ဆောင်ရ

အမေရိကန်တောင်ပိုင်းမြို့ ဘော်လ်တာမိုးမှာ လူအုပ်ကြားထဲ သေနတ်နဲ့ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ပြန်ပြီး၊ သေဆုံးသူ အနည်းဆုံး ၂ ယောက် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆေးရုံကို ခေါ်ဆောင် သွားရသူ အယောက် ၃၀ ဝန်းကျင်လည်း ရှိနေပါတယ်။ အဲဒီထဲမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဘရွတ်ကလင် အရပ်မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ အခမ်းအနားတစ်ခုကို သေနတ်သမားက ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဘောလ်တာမိုး မြို့တော်ဝန် ဘရင်ဒန် စကော့က အခုလို ပြောပါတယ် ….

“အင်မတန် သူရဲဘောကြောင်စွာနဲ့ အဆင်အခြင်မဲ့ ကျူးလွန်ခဲ့တာပါ။ ဒီလုပ် ရပ်ကြောင့် ဘဝများစွာဟာ ပြင်ဆင်လို့ မရနိုင်အောင် ထိခိုက် ခဲ့ရပါတယ်။ ကျူးလွန်ခဲ့သူတွေ ၊ တာဝန်ရှိသူတွေ အခုပြောနေတာတွေကို ကြားသိ စေချင်တယ်” ဆိုပြီး ပြောသွားတာပါ။

အခုထိအောင် သေနတ်သမားကို မဖမ်းမိသေးပဲ၊ ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ပြင်သစ် အဓိကရုဏ်းတွေကို ထိန်းနိုင်ပြီလို့ ပြည်ထဲရေး ဝန်ကြီးပြော

ရဲနဲ့ လက်နက်ကိုင် လုံခြုံရေး ၄ သောင်းခွဲ နေရာချ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရဲနဲ့ လက်နက်ကိုင် လုံခြုံရေး ၄ သောင်းခွဲ နေရာချ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြင်သစ်နိုင်ငံတဝန်း ည စဉ်ဆက်တိုက် ဆိုသလို ပေါ်ပေါက်နေခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေကို ထိန်းသိမ်းနိုင်ပြီလို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဂျေဟာ ဒါမန်နန် Gerald Darmanin က ပြောပါတယ်။

အယ်လ်ဂျီးရီးယားနွယ်ဖွား ဆယ်ကျော်သက် လူငယ်တစ်ဦး ရဲလက်ချက်နဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သေဆုံးခဲ့ရတာကနေ အဓိကရုဏ်းတွေ စတင် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ရဲတပ်ဖွဲ့နဲ့ တခြား လက်နက်ကိုင် လုံခြုံရေး အဖွဲ့ဝင်တွေ စုစုပေါင်း အင်အား ၄ သောင်းခွဲလောက်ထိကို နေရာချထားတယ်လို့ ပြင်သစ် အစိုးရက ဆိုပါတယ်။ အားဖြည့် အနေနဲ့ မီးသတ်သမား ထောင်ပေါင်းများစွာလည်း အရန်သင့် ရှိနေတယ်လို့ ဆိုပါတယ်။

ပဲရစ်မြို့ ဆင်ခြေဖုံး အရပ်တစ်ခုမှာ ဒေသန္တရ အုပ်ချုပ်ရေးမှူးတစ်ယောက် အိမ်ထဲ ကားတစ်စီး အတင်းတိုးတိုက် ဝင်လာခဲ့ပြီး မီးတင်ရှို့ခဲ့ကြတဲ့ အတွက်၊ အဲဒီလို ပြုလုပ်ခဲ့သူတွေဟာ သူ့ကို သတ်ဖြတ်ဖို့ လုပ်ဆောင်ခဲ့ကြတာလို့ အဲဒီ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

အစိုးရ ရှေ့နေ စတီဖန် အာဒူအန် Stephane Hardouin က လည်း အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောပါတယ် ….

“အင်မတန် ပြင်းထန် ဆိုးရွားလှတဲ့ အတိုင်းအတာထိ ကျုးလွန်ခဲ့ကြတာ ဖြစ်တာကြောင့် ကျွန်တော်တို့ အနေနဲ့ လူသတ်ရန် ကြံစည် အားထုတ်မှုနဲ့ စွဲချက်တင်သွားမှာ ဖြစ်ပါတယ်။ ကျုးလွန်ခဲ့သူတွေကို လက်ရဖမ်းပြီး ဥပဒေရှေ့မှောက် ခေါ်ဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်” လို့ ပြောသွားတာပါ။

တခါ၊ ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးမြို့မှာ တရုတ် ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စင်းရဲ့ ဘေးမှန်တွေဟာ ဆန္ဒပြသမားတွေရဲ့ လက်ချက်နဲ့ ကွဲသွားခဲ့ပြီး၊ လိုက်ပါလာသူတချို့ ဒဏ်ရာအနည်းငယ်စီ ရသွားခဲ့တယ်လို့ တရုတ် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

ပြင်သစ်နိုင်ငံထဲမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့ ပြင်သစ် အစိုးရ အနေနဲ့ တာဝန်ယူ အာမခံဖို့ လိုတယ်ဆိုပြီး မာဆေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်က တောင်းဆိုပါတယ်။ ဆန္ဒပြသမားတွေဟာ ဘတ်စ်ကားပေါ် တက်ပြီး လိုက်ပါလာသူတွေကို ဆွဲချဖို့ ကြိုးစားခဲ့ကြတယ်လို့ ကိုယ်တိုင်ကြုံရသူတစ်ယောက်က ဆိုပါတယ်။