နိုဝင်ဘာလ ၂၉ ရက် ထိပ်တန်းသတင်းများ - ကမ္ဘာ့ဖလားပွဲ လောင်းကစားလုပ်တယ်လို့ဆိုပြီး မြန်မာ ၂ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, 77kaoded
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်က မဲဆောက်မြို့မှာ ကမ္ဘာ့ဖလားဘောလုံးပွဲကို လောင်းကစားလုပ်တယ်လို့ဆိုကာ မြန်မာလူငယ် ၂ ဦးကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ြပပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပွဲကို လောင်းကစားလုပ်နေတယ်ဆိုတဲ့သတင်းတွေကြောင့် မဲဆောက်မြို့ထဲက မြန်မာအများစုရှိရာ ဝနစျေးထဲကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်မှာ အဲဒီအမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စျေးအနီးနား အခန်းတွေကို စစ်ဆေးချိန် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးငှားရမ်းနေထိုင်တဲ့ အခန်းထဲကနေ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရလာဒ်တွေကို ခန့်မှန်းထားတဲ့ ဓာတ်ပုံတွေရှိနေတဲ့ လက်ကိုင်ဖုန်း ၂ လုံးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် အနီးနားအခန်းကို စစ်ဆေးချိန် အသက် ၂၈ နှစ်အရွယ် နောက်ထပ်မြန်မာအမျိုးသားတစ်ဦးရဲ့ ဖုန်းထဲမှာလည်း အလားတူ ပွရလာဒ်ခန့်မှန်း ဓာတ်ပုံ တစ်ပုံကို ရဲတပ်ဖွဲ့က တွေ့ခဲ့တာလို့လည်း သတင်းတွေမှာဖော်ပြပါတယ်။
ဖမ်းဆီးခံရတဲ့မြန်မာ ၂ ဦးကို ဘယ်လို အမှုဖွင့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ အွန်လိုင်းဘောလုံးပွဲလောင်းကစားလုပ်တယ်လို့ ထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်နဲ့ ဘတ်ငွေ ၂ ထောင် မကျော်တဲ့ ငွေဒဏ် ချမှတ်ခံရနိုင်ချေရှိနေပါတယ်။
ကလေး PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေ ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ကလေးမြို့က ကာကွယ်ရေးတပ်ဖွဲ့စခန်း အမှတ် ၃ ကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် ဖမ်းဆီးခံခဲ့ရတဲ့ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို ကလေးမြို့ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းမှာ ကလေးမြို့ အနောက်တောင်ဘက်က ပီဒီအက်ဖ် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းချိန်မှာ သူတို့တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို အစောပိုင်းမှာ ကလေးမြို့မရဲစခန်းမှာ ရက်အနည်းငယ် စစ်ဆေးခဲ့ပြီးနောက် ကလေးအကျဥ်းထောင်ကို ပို့ခဲ့တာဖြစ်ပါတယ်။
ကလေးအကျဥ်းထောင်အတွင်းမှာ တစ်နှစ်နီးပါးကျော်ကြာအောင်နေခဲ့ရအပြီးမှာ အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာဖြစ်ပါတယ်။
စခန်းစီးနင်းခံရချိန်တုန်းက ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်ပြီး နောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အဲဒီတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာပြည်က ဖမ်းဆီးခံ အတွေ့အကြုံတွေကို ပြောပြလာတဲ့ ဂျပန်လူငယ် ဒါရိုက်တာ
ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင် သတင်းသမား တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်တုန်းက တောင်ဒဂုံဆန္ဒပြမှုအတွင်း ကင်မရာကိုင်ရင်း ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက် စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု၊ ဆူပူအောင်လှုံ့ဆော်မှုနဲ့ ထောင် ၇ နှစ်၊ ခရီးသွားဗီဇာနဲ့၀င်လို့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ထောင် ၃ နှစ် စုစုပေါင်း ၁၀ နှစ် ပြီးခဲ့တဲ့အောက်တိုဘာလလယ်မှာ ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီက သူ့ကို နို၀င်ဘာ ၂၁ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
သူ လွတ်လာတဲ့အခြေအနေ၊ ဖမ်းဆီးခံရစဥ် ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး မစ္စတာ ကူဘိုတာကို မစန္ဒာဝင်းက မေးကြည့်ထားပါတယ်။ ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
သီပေါမှာ SSPP နဲ့ စစ်ကောင်စီတိုက်ပွဲကြောင့် စစ်ရှောင်ခဲ့ရတဲ့ ဒေသခံ ၄၀၀ နေရပ်ပြန်

ဓာတ်ပုံ ရင်းမြစ်, သျှမ်းသံတော််ဆင့်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ရှမ်းမြောက်အဖွဲ့ (SSPP/SSA) တိုရဲ့ ထိတွေ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ ၄၀၀ ကျော်ဟာ မနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။
သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုထဲမှာ ရှမ်းနှစ်သစ်ကူးနေ့ပွဲ အတွက်ခြုံရေးယူနေတဲ့ SSPP တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၆၈ နဲ့ ၂၃ ခြေလျှင်တပ်ရင်းက တပ်ဖွဲ့ဝင်တို့ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။
အခုတော့ နယ်မြေတည်ငြိမ်ပြီဆိုတဲ့ ယူဆချက်နဲ့ ဒေသခံ ၄၀၀ နီးပါးဟာ ကုန်းသာရွာကို ပြန်သွားခဲ့ကြပြီလို့ သီပေါမြို့ခံကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဘီဘီစီကိုပြောပါတယ်။
‘‘ကုန်းသာကျေးရွာအုပ်စုက ရွာချင်းတွေ ဆက်နေတော့ တိုက်ပွဲက ရွာထဲမှာဖြစ်ခဲ့တာလို့ ပြောလို့ရတယ်။ လူထိခိုက်တာမရှိပေမဲ့ အိမ်တွေကို လက်နက်ကြီးအစအန မှန်လို့ ထိခိုက်တာတွေတော့ ရှိတယ်။ လောလောတယ် တည်ငြိမ်သွားလို့ ပြန်သွားကြတာလို့ ပြောလို့ရတယ်’’ လို့ စစ်ရှောင် ကူညီကယ်ဆယ်ရေးမှာပါဝင်သူ တစ်ဦးက ပြောပါတယ်။
ကုန်းသာကျေးရွာမှာဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ SSPP အာဘော်သတင်းမှာဖော်ပြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ထီးချိုင့်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, CJ
နေအိမ် ၂၀၀ နီးပါး မီးလောင်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က အင်ကြင်းကုန်းကျေးရွာနဲ့ အလယ်တောကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
‘‘ ၂၇ ရက်နဲ့ ၂၈ ရက်မှာ လေယာဥ်တွေနဲ့လာပစ်တယ်။ အိမ်ခြေ ၆၀ နဲ့ ၇၀ ရှိတဲ့ အလယ်တောမှာ အကုန် ကုန်သွားတယ်။ အင်ကြင်းကုန်းမှာလည်း ကျန်တဲ့အိမ်အချို့ မီးထပ်ရှို့ခံရလို့ အိမ် ၁၀၀ ကျော်တယ်။ လေယာဥ်ကတော့ မည်းမည်းကြီးတွေနဲ့ ၂ ရက်ဆက်တိုက်လာပစ်တာ။ ဒေသခံတွေကတော့ မဖြစ်သေးတဲ့ရွာလေးတွေမှာ ရှောင်နေရတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ်ထဲမှာ အင်အားရာချီနဲ့ စစ်ကြောင်းဖွင့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက် ထိတွေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ မြေပြင် အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် အလယ်တော၊ အင်ကြင်းကုန်း၊ အင်ပင်၊ ရေသာ စတဲ့ ရွာပေါင်း ၇ ရွာနီးပါးက ဒေသခံ ထောင်ချီဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ အင်ကြင်းကုန်းကျေးရွာထဲက နေအိမ် အလုံး ၄၀ နီးပါး မီးရှို့ခံရတာဟာ KIa/PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
KNU တပ်မဟာ ၁ ရုံး လေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ ၁ (သထုံခရိုင်) ရုံးချုပ်ကို စစ်ကောင်စီတပ်ဘက်က လေယာဥ်နဲ့ လာရောက် ဗုံးကြဲသွားတယ်လို့ ကေအဲန်ယူသထုံခရိုင်ဘက်က အတည်ပြုပြောဆိုပါတယ်။
ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ တပ်မဟာ ၁ ရုံးချုပ်ကို စစ်ကောင်စီဘက်က နိုဝင်ဘာလ ၂၆ ရက် ညပိုင်းမှာ လေယာဥ် ၂ စီးနဲ့လာရောက်ဗုံးကြဲသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ရုံးအဆောက်အအုံ ၂ ဦး ထိခိုက်ပျက်စီးပေမဲ့ လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။
‘‘ရုံးချုပ်ကို လေယာဥ်နဲ့ လာပစ်သွားတာမှန်ပါတယ်။ လေကြောင်းအန္တရာယ် သတိရှိပြီး အားလုံးက ရွှေ့ပြောင်းနေထိုင်နေကြတာကြောင့် လူထိခိုက်မှု မရှိခဲ့တာပါ’’လို့ သထုံခရိုင် ကေအဲန်ယူဘက်က ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဟာ ဘီးလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလတုန်းကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံနေအိမ် ၁၀ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
PDF ဂိမ်းကစားသူတွေ အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, NUG-MOD
စစ်အာဏာသိမ်းဆန့်ကျင်ရာကနေ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ပြီး PDF ဂိမ်းတွေကို ကစားတာဟာ အကြမ်းဖက်မှုကို ထောက်ပံ့တာဖြစ်လို့ ဥပဒေအရ အရေးယူ ခံရနိုင်တယ်လို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။
လူငယ်တွေတပ်ကို အထင်အမြင်လွဲမှားစေဖို့၊ တော်လှန်လိုစိတ်ရှိလာဖို့ ရည်ရွယ်ပြီး PDF ဂိမ်း အပလီကေးရှင်းတွေကို ရေးဆွဲ အသုံးပြုနေတာကို တွေ့ရတာကြောင့်လို့ ဆိုပြီး နိုင်ငံပိုင်ရုပ်သံတွေကနေတဆင့် စစ်ကောင်စီဘက်က ပြောလာတာပါ။

ဓာတ်ပုံ ရင်းမြစ်, End Game - Union Multiplayer
စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုး(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော(CRPH)နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကို အကြမ်းဖက်အဖြစ်ကြေညာထားပြီး အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာဖြစ်ပါတယ်။
အခုတော့ PDF ဂိမ်းကစားသူတွေကိုပါ ဥပဒေနဲ့အရေးယူနိုင်တယ်လို့ ပြောလာတာဖြစ်ပေမဲ့ ဘယ်လိုဥပဒေနဲ့အရေးယူမယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပြောထားတာ မရှိသေးပါဘူး။
လက်ရှိမှာ PDF ဂိမ်းဖန်တီးသူတွေက ဂိမ်းကို ရယူပြီး ဝင်ဆော့ကြသူတွေက ဂိမ်းဆော့ချိန်ကြည့်တဲ့ကြော်ငြာတွေနဲ့ ဂိမ်းအသုံးပြုချိန်ကြောင့် ရလာတဲ့ ငွေကြေးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတာဖြစ်ပြီး PDF ဂိမ်းတစ်ခုဆိုရင် ဂိမ်း စတိုးမှာ ရယူထားသူ ၅ သိန်းကျော်အထိရှိနေပါတယ်။








