ဆရာမတစ်ဦး သတ်သေတဲ့အထိဖြစ်ရတဲ့ ကိုရီးယားကျောင်းသားမိဘတွေရဲ့ ဖိအား

ကျောင်းဆရာတစ်ဦး မိမိကိုယ်ကို သတ်သေမှုကြောင့် ဆရာ၊ ဆရာမ တစ်သိန်း ကျော် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, COURTESY NEWS1

ဓာတ်ပုံ ပုံစာ, ကျောင်းဆရာမ တစ်ဦး မိမိကိုယ်ကို သတ်သေလိုက်တာကြောင့် ဆိုးလ်မြို့မှာ ဆရာ၊ ဆရာမ တစ်သိန်း ကျော် ဆန္ဒပြခဲ့ကြပါတယ်။

ဂျိန်းမက်ကင်ဇီး

ဘီဘီစီ သတင်းထောက်

ကိုရီးယားက မူလတန်း ဆရာမလေး လီမင်ဆို (အမည်လွှဲ) ရဲ့ ဇွန်လ ၅ ရက်နေ့ နေ့စဥ်မှတ်တမ်း ဒိုင်ယာရီမှာ စာသင်ခန်းထဲကို သူဝင်လိုက်တာနဲ့ သူကိုယ်ပေါ်မှာ စိမ့်ဝင်လာတဲ့အကြောက်တရားအကြောင်းကို အခုလိုရေးသားခဲ့ပါတယ်။

“ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတယ်၊ တစ်နေရာရာမှာ လဲကျသွားတော့မလိုဘဲ၊ လူက ဘယ်ရောက်လို့ ရောက်နေမှန်းလည်း မသိတော့ဘူး။”

အဲဒီနောက် ဇူလိုင်လ ၃ ရက်နေ့မှာတော့ အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုတွေအရမ်းများနေပြီး သူအနေနဲ့ ဒါတွေကို လွှတ်ချလိုက်ချင်ပြီလို့ သူ့ရဲ့ ဒိုင်ယာရီမှာ ရေးခဲ့ပါတယ်။

အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ ဆရာမလေးဟာ နေ့စဥ်မှတ်တမ်း ဒိုင်ယာရီမှာ အခုလိုရေးပြီး နောက်သီတင်းပတ် နှစ်ပတ်အကြာမှာတော့ သူရဲ့စာသင်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာကို လုပ်ဖော်ကိုင်ဖက်တွေက တွေ့ခဲ့ကြပါတယ်။

ဝမ်းနည်းစရာကောင်းလှတဲ့ ဒီအဖြစ်က တောင်ကိုရီးယားနိုင်ငံက မူလတန်းပြ ကျောင်းဆရာ ဆရာမအများစုရဲ့ ဒေါသတွေကို ဝုန်းကနဲ ပွင့်ထွက်လာစေခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ ထောင်ပေါင်းများစွာသော ဆရာမတွေဟာ သူတို့ရဲ့လုပ်ငန်းခွင်မှာ အခုထက် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကျောင်းသားမိဘတွေဟာ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်မရှောင် အချိန်ရှိသရွေ့ တရစပ် ဖုန်းခေါ်ကာ ဆရာတွေဆီကို မကျေမနပ် တိုင်ကြားပြောလေ့ရှိပြီး၊ ဗိုလ်ကျ ခြယ်လှယ်လွန်းလှတဲ့ ဒီ ကျောင်းသားမိဘတွေဟာ သူတို့ကို မကြာခဏ အနှောင့်အယှက်ပေးလေ့ရှိတယ်လို့ ဆရာ ဆရာမတွေက ပြောပါတယ်။

လီမင်ဆို နေခဲ့တဲ့ အခန်းငယ်လေးဟာ အခုတော့ လူသူကင်းမဲ့နေပြီး ဒီအခန်းလေးကို ရှင်းပေးနေတဲ့ သူရဲ့ အစ်ကို ဝမ်းကွဲတော်သူ ပက်က မျက်ရည်မကျအောင်ထိန်းရင်း အခန်းလေးကို ရှင်းပေးနေပါတယ်။ အခန်းထဲမှာ လီမင်ဆိုရဲ့ အလှမွေး ရွှေငါးလေး ကျန်နေခဲ့ပါသေးတယ်။ လီမင်ဆို ရဲ့ အိပ်ရာက မသိမ်းရသေးဘဲ အိပ်ရာ‌ဘေးမှာတော့ သူရဲ့ ပထမတန်းက တပည့်လေးတွေက ဆရာမကို ဘယ်လောက်ချစ်တဲ့ အကြောင်း ပြောပြနေတဲ့ ကလေးတွေဆွဲထားတဲ့ ရုပ်ပုံလေးတွေ ရှိနေပါတယ်။ အဲဒီပုံလေးတွေရဲ့အောက်မှာတော့ စိတ်ကျရောဂါကို ကိုင်တွယ်ကုစားမှုနဲ့ ပတ်သက်တဲ့ စာကြည့်တိုက်က ငှားထားတဲ့ စာအုပ်အချို့ ရှိနေပါတယ်။

လီမင်ဆိုဟာ မူလတန်းပြ ကျောင်းဆရာအလုပ်လုပ်တာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး သူရဲ့ငယ်ဘဝက ဖြစ်ချင်ခဲ့တဲ့ အိပ်မက်အတိုင်း သူအမေလုပ်ခဲ့တဲ့ဆရာမ အလုပ်ကို ရွေးချယ်ခဲ့တာလို့ သူရဲ့ အစ်ကို ဝမ်းကွဲ ပက်က ဆိုပါတယ်။

သူက ကလေးတွေကို ချစ်တတ်တယ်လို့ ပက်က ပြောပြပါတယ်။

သူရဲ့ ညီမဝမ်းကွဲ လီမင်ဆို သေဆုံးပြီးတဲ့နောက် ပက်က အခြေအနေတွေကို စတင်ပြီး စုံစမ်းကြည့်ခဲ့ပါတယ်။

လီမင်ဆိုရဲ့ ဒိုင်ယာရီမှတ်တမ်းတွေ၊ အလုပ်မှတ်တမ်းတွေ၊ သတင်းတိုစာတွေ အပါအဝင် များပြားလှစွာသော အထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကတော့ ဒီသေဆုံးမှုဟာ လီမင်ဆို၊ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ကနဦးကောက်ချက်ချထားပါတယ်။

လီမင်ဆို ကိုယ့်ကိုယ်ကိုယ် သတ်မသေမီ အစောပိုင်းလတွေ အတွင်းမှာ သူဟာ ကျောင်းသားမိဘတွေဆီကနေ မကျေမနပ် တိုင်တန်းမှုတွေ ခံခဲ့ရပါတယ်။ အဲဒီထဲမှာ ထူးခြားတာက သူရဲ့အတန်းက ကျောင်းသားတစ်ဦးကို အခြားကျောင်းသားတစ်ဦးက ခဲတံနဲ့ ခေါင်းကို ထိုးခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။

အဲဒီနောက် သူနဲ့ မိဘတွေကြား ကတောက်ကဆ ပြောဆိုထားတာတဲ့ အပြန်အလှန် စာတွေ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ ဒီပြဿနာမှာ သူ ပါဝင်ပတ်သက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဝမ်းနည်းကြောင်း လာဖော်ပြကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, NEWS1

ဓာတ်ပုံ ပုံစာ, အသက် ၂၃ နှစ်အရွယ် ဆရာမက ကိုယ့်ကိုယ်ကိုယ် သတ်ခဲ့တဲ့ မူလတန်းကျောင်းမှာ လူတွေ ဝမ်းနည်းကြောင်း လာဖော်ပြကြ။

မိဘတွေရဲ့ တိုင်ကြားနည်းမျိုးစုံ ခံနေရတဲ့ ဆရာတွေ

ပြီးခဲ့တဲ့ သီတင်းပတ်ခြောက်ပတ် တစ်လခွဲလောက်ကတော့ ဆိုးလ်မြို့မှာထောင်ပေါင်းများစွာသော ဆရာဆရာမတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေကို မဆုံးမနိုင်တဲ့အခါ ဒါမှမဟုတ် ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှာ သူတို့မဖြေရှင်းနိုင်တဲ့အခါ မိဘတွေက ဆရာ ဆရာမတွေက မတရားလုပ်သူတွေလို့ စွပ်စွဲခံရမှာကို ကြောက်တဲ့အတွက်ဖြစ်ပါတယ်။

ဒီကြောက်ရွံ့မှုက စာသင်ခန်းထဲမှာ စည်းကမ်းထိန်းသိမ်းဖို့ ဒါမှမဟုတ် ကျောင်းသားတွေ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားတဲ့အခါ ဝင်ရောက်တားမြစ်ဖို့ သူတို့အတွက် စိန်ခေါ်မှုဖြစ်စေတယ်လို့ လည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်က ကိုရီးယားမှာ ပြဋ္ဌာန်းခဲ့တဲ့ ကလေးငယ်တွေအပေါ် မတော်မတရား ပြုလုပ်တယ်လို့ စွပ်စွဲခံရရင် တာဝန်ကနေ အလိုအလျောက် ရပ်ဆိုင်းခံရနိုင်တဲ့ ကလေးသူငယ်ဆိုင်ရာဥပဒေကို မိဘတွေ အသုံးချနေတယ်လို့ ဆရာတွေက ပြောပါတယ်။

အကြမ်းဖက်တဲ့ ကျောင်းသားကို တားမြစ်ဖို့ ကြိုးပမ်းရင် ဆရာတွေက ကလေးညှဥ်းပန်းနှိပ်စက်မှုတွေနဲ့ အတိုင်ခံရနိုင်ပြီး ကျောင်းသားကို ဆူပူကြိမ်းမောင်းလုပ်ရင်တောင် စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုလို့ တံဆိပ်ကပ်ထားတာလည်း ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ စွပ်စွဲခံရရင် ဆရာဆရာမတွေကို ရာထူးကနေ ချက်ချင်း ထုတ်ပယ်ခံရနိုင်ပါတယ်။

သူ့ကလေးကို မနက်ခင်းတိုင်းမှာ ဖုန်းနဲ့လှမ်းခေါ်ပြီးနှိုးပေးဖို့ မိဘတစ်ဦးက တောင်းဆိုတာကို ငြင်းခဲ့တဲ့ ဆရာတစ်ဦးဟာ မကျေမနပ်တိုင်တန်း ခံခဲ့ရပါတယ်။ ဒါ့အပြင် အတန်းသားတစ်ယောက်ကို ရန်ပြုတိုက်ခိုက်လို့ ကျောင်းကပေးလေ့ရှိတဲ့ စတစ်ကာလေးမပေးခဲ့တဲ့ ဆရာကို စိတ်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်တယ်ဆိုပြီး အတိုင်ခံရပါတယ်။

ဆန္ဒပြမှုတစ်ခုမှာ အသက် ၂၈ နှစ်အရွယ် ဆရာမ ကင်မ်ဂျင်ဆူး က သူဟာ ကိုယ့်ယ်ကိုယ် သတ်သေဖို့ အထိ စိတ်ကူးခဲ့တာမျိုးရှိခဲ့ပြီး ပြင်းထန်တဲ့ စွပ်စွဲတိုင်ကြားချက်နှစ်ခုကြောင့် အလုပ်ကနေ သုံးလခန့် အနားယူခဲ့ရတယ်လို့ ပြောပါတယ်။ ဖြစ်ရပ်တစ်ခုကတော့ အနှောင့်အယှက်ပေးနေတဲ့ ကျောင်းသားတစ်ဦးကို အိမ်သာထဲမှာ ငါးမိနစ် ထိုင်ခိုင်းထားတာဖြစ်ပြီး နောက်တစ်ခုကတော့ ရန်ဖြစ်တဲ့ ကလေးတစ်ယောက် အကြောင်းကို သူရဲ့ မိဘကို လှမ်းပြီး တိုင်ပြောခဲ့လို့ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုစလုံးအတွက် သူ့ကို ကျောင်းက အတင်းအကျပ် တောင်းပန်ခိုင်းတယ်လို့ ဆိုပါတယ်။

ကင်မ်က သူစာသင်နေတဲ့ အတန်းထဲမှာ ဘေးကင်းလုံခြုံစွာ သင်ကြားနိုင်တယ်လို့ မထင်မိတဲ့ အနေအထားကို ရောက်နေပါပြီလို့ ဆိုပါတယ် “ကျွန်မတို့ ဆရာ ဆရာမတွေ လုံးဝ လုပ်ပိုင်ခွင့်မရှိတော့သလို ခံစားရတယ်။ ဒီလို အတွေ့အကြုံကို ကြုံဖူးတဲ့သူတွေက အတော်ကို ပြောင်းလဲသွားတာ၊ မကြုံဖူးတဲ့သူတွေလည်း တခြားဆရာတွေဖြစ်တာကို မြင်တွေ့ဘူးကြမှာပါ။ ဒီတော့ သူတို့လည်း မကြုံ ရသေးပေမယ့်လည်း စိတ်ဓာတ်ကျနေကြပါပြီ” လို့ ကင်မ်ကပြောပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လူမှုအသိုင်းအဝိုင်း

တစ်ခုခုဆို မကျေနပ်ရင်တိုင်ကြားမှုတွေ ပြုလုပ်တဲ့ ဒီယဉ်ကျေးမှုကို တောင်ကိုရီးယားက ပြိုင်ဆိုင်မှုမြင့်မားတဲ့ လူ့အဖွဲ့အစည်းက တွန်းအားပေးပါတယ်။ ကျောင်းသားတွေဟာ တစ်နေ့မှာ အကောင်းဆုံးတက္ကသိုလ်တွေ ဝင်ခွင့်ရဖို့ အတွက် ငယ်ငယ်ကတည်းက အကောင်းဆုံးအဆင့်တွေ ရဖို့ အပြင်းအထန် ပြိုင်ဆိုင်ကြရပါတယ်။

ကျောင်းချိန်ပြီးရင် တချို့ မိဘတွေကတော့ သူတို့ရဲ့ ကလေးတွေကို မနက် ၅ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်တဲ့ စျေးကြီးတဲ့ အပြင်ကျောင်းတွေကို ထပ်ပြီးလွှတ်ကြပါတယ်။ ကိုရီးယားက မိသားစုတွေဟာ အရင်က မိသားစုတစ်စုမှာ ကလေးငါးယောက် ခြောက်ယောက်ရှိပေမဲ့လည်း အခုတော့ အများစုမှာ တစ်ဦးတည်းသာ ရှိကြပြီး ဒီကလေးအောင်မြင်ဖို့အတွက် မိဘတွေမှာ ဖိအားတွေပိုများလာတာဖြစ်ပါတယ်။

ဆရာမ ကင်မ်ဂျင်ဆူး က သူဟာကိုယ့်ယ်ကိုယ် သတ်သေဖို့ အထိ စိတ်ကူးခဲ့

ဓာတ်ပုံ ရင်းမြစ်, BBC/ HOSU LEE

ဓာတ်ပုံ ပုံစာ, ဆရာမ ကင်မ်ဂျင်ဆူး က သူဟာကိုယ့်ယ်ကိုယ် သတ်သေဖို့ အထိ စိတ်ကူးခဲ့

အခုလို ဆရာနဲ့ မိဘတွေကြား မညီမျှမှုတွေဖြစ်လာတဲ့ အပေါ်ကို ဆိုးလ်အမျိုးသားပညာရေးတက္ကသိုလ်က ဆရာတွေကို လေ့ကျင့်ပေးနေတဲ့ ပါမောက္ခ ကင်မ်ဘုမ်ဂျီ က ထောက်ပြပါတယ်။

အစဥ်အလာအားဖြင့် ကိုရီးယားတွေဟာ ဆရာ ဆရာမတွေကို ရိုသေလေးစားတဲ့ ဓလေ့ထုံးတမ်း အစဥ်အလာ ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးလာမှုနဲ့ အတူ ကျောင်းသားမိဘအများစုဟာ အဆင့်မြင့်ပညာတတ်မြောက်တဲ့သူတွေ များလာခဲ့ပါတယ်။

ဒါကြောင့် သူတို့က ဆရာတွေကို အထင်အမြင်သေးပါတယ်။ သူတို့ ဟာအစိုးရကို အခွန်တွေဆောင်ထားကြလို့ ပညာသင်ကြားရေးဟာ သူတို့သားသမီးတွေအတွက် ရပိုင်ခွင့်တစ်ခုလို့ မိဘတွေက မြင်ကြတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေဆီကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကို ရင်ဆိုင်ဖို့အတွက် နာမကျန်းခွင့် နှစ်ကြိမ်ယူခဲ့ရတယ်လို့ ကျောင်းဆရာတစ်ဦးဖြစ်သူ ကွမ် ကပြောပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်ကအထိ စာသင်ခန်းထဲမှာ အနှောင့်အယှက်ပေးတဲ့ကျောင်းသားတစ်ဦးကို အခန်း အနောက်ဘက်မှာ သွားနေခိုင်းတာ၊ အခန်း အပြင်မှာ သွားနေခိုင်းတာလုပ်နိုင်ပေမယ့် နောက်ပိုင်းမှာတော့ မိဘတွေကို အဲဒီလိုလုပ်တာကို ကလေးငယ်တွေအပေါ် မတော်မတရားပြုမှုနဲ့ တရားစွဲလာကြပါတယ်။

ကွမ်က မကြာသေးမီက ငွေကြေးချို့တဲ့တဲ့ အသိုင်းအဝိုင်းကလူတွေရဲ့ သားသမီးတွေ အများစုတက်တဲ့ ကျောင်းကို ပြောင်းရွှေ့ခဲ့ပြီး ငွေကြေးပြည့်စုံတဲ့ ရပ်ကွက်တွေက မိဘတွေရဲ့ အပြုအမူတွေက ပိုဆိုးတဲ့အတွက်ဖြစ်တယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

သူတို့ရဲ့ စိတ်ထဲမှာ “'ငါ့ကလေးသာ အရေးကြီးတယ်' ဆိုတာမျိုးဖြစ်နေတယ်။ သူ့ ကလေးကို ကောလိပ်ကျောင်း ကောင်းကောင်းပို့နိုင်ဖို့အတွက် သူတို့ဟာ အရမ်းတစ်ကိုယ်ကောင်းဆန်လာကြတယ်" လို့ သူက ဆိုပါတယ်။ " ဒီမိဘတွေရဲ့ဖိအားတွေ အပြုအမူတွေက လည်း ကလေးတွေကိုလည်း ထိခိုက်စေမှာပဲ။ ဒီဖိအားတွေကို သူတို့ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့အတွက် ကလေးတွေက တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်နေကြတာ” လို့ သူက ပြောပါတယ်။

ကျောင်းသားများကြားမှာ အနိုင်ကျင့်မှုနဲ့ အကြမ်းဖက်မှုတွေဟာ တောင်ကိုရီးယားကျောင်းတွေမှာ လူသိများတဲ့ ပြဿနာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လူကြိုက်များခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ (နာမည်ကျော်မင်းသမီး အွန်စောပါဝင်တဲ့) The Glory ဇာတ်ကားမှာ အနိုင်ကျင့်မှုတွေကို လက်စားချေဖို့ ကြိုးစားတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးတာဆိုပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကြမ်းဖက်မှုအချို့ကို ပုံဖော်ထားတာကိုလည်း တွေ့ရပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ ကိုယ်တိုင်က အနိုင်ကျင့်တဲ့သူအဖြစ်စွပ်စွဲခံရပြီး တောင်းပန်ဖို့ ဖိအားပေးခံခဲ့ရသူ ဖြစ်နေပါတယ်။

ကျောင်းသားနဲ့ မိဘတွေရဲ့ လူ့အခွင့်အရေး ကာကွယ်ရေး အဖွဲ့ကို ဦးစီးတဲ့ ရှင်မင်းရှောင်က ပြီးခဲ့တဲ့လက မီးမောင်းထိုးပြခဲ့တဲ့ အပြုအမူတွေအများစုဟာ လက်မခံနိုင်စရာလို့ ဝန်ခံခဲ့ပေမဲ့ ဒီကိစ္စတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တာမျိုးတော့ မရှိပါဘူးလို့ ဆိုပါတယ်။

“မိဘအများစုက ကောင်းကောင်းမွန်မွန်ပါပဲ။ ကျွန်မတို့ စိုးရိမ်တာက ကျွန်မတို့နဲ့ဆက်သွယ်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်မှာကို ဖြစ်ပါတယ်။ မိဘတွေကို အမှားလုပ်တဲ့သူတွေ အဖြစ် ပုံဖော်ခံနေရတာကတော့ တရားမျှတမှုမရှိပါဘူးလို့" သူကပြောပါတယ်။

ကျောင်းချိန်ပြင်ပ အတန်းတွေဖွင့်လှစ်တဲ့ အဆောက်အအုံတစ်ခု

ဓာတ်ပုံ ရင်းမြစ်, BBC/ HOSU LEE

ဓာတ်ပုံ ပုံစာ, ကိုရီးယားက ကျောင်းချိန်ပြင်ပ အတန်းတွေဖွင့်လှစ်တဲ့ အဆောက်အအုံတစ်ခု

ဒါပေမဲ့ သူလည်း အရင်တုန်းက သူ့ကလေးအပေါ် သွန်သင်ဆုံးမမှုနဲ့ စည်းကမ်းလိုက်နာဖို့ကို ဒီထက် ဖိဖိစီးစီးလုပ်ပေးဖို့ ဆရာတွေကို သူက မကျေမနပ်ပြောခဲ့ဖူးကြောင်း ရှင်မင်းရှောင်က ဝန်ခံပါတယ်။

အမည်မဖော်လိုသူ မိဘတစ်ဦးက မိဘတွေထံက တိုင်ကြားမှုတွေ အလွန်အကျွံဖြစ်လာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

အုပ်စုလိုက် မိဘတွေ စကားပြောထားကြတဲ့ မှတ်တမ်းတစ်ခုကို ပြပြီး အဲဒီထဲမှာ မိဘတွေဟာ ဆရာ တစ်ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တိုင်တောဖို့ကို အချင်းချင်းအားပေးခဲ့ကြတာကို တွေ့ရပါတယ်။ ကိုယ့်နာမည်နဲ့ ဖုန်းနံပါတ်ကို အုပ်စုထဲမှာ အပိတ်ခံထားရရင် မိသားစုဝင် နဲ့ သူငယ်ချင်းဖုန်းနံပါတ်ကို သုံးဖို့ မိဘတစ်ယောက်က အကြံပေးထားတာကိုလည်း တွေ့ရပါတယ်။

”ဆရာမတွေမှာ ပြဿနာရှိတဲ့ ကျောင်းသားတွေကို စွက်ဖက်ဖို့ အခွင့်အာဏာမရှိရင် တခြားကလေးတွေပါ အပျက်သဘော ဆောင်လာလိမ့်မယ်” လို့ အမည်မဖော်လိုတဲ့ မိဘက ပြောပါတယ်။

နောင်မှာတော့ ဆရာအရေအတွက် အခုထက်နည်းလာနိုင်ပြီးတော့ ၂၀၂၃ ခုနှစ် လေ့လာမှုစစ်တမ်းအရ ဆရာတွေရဲ့ ၂၄ ရာခိုင်နှုန်းကပဲ သူတို့ရဲ့ အလုပ်ပေါ်မှာ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၀၆ ခုနှစ်က ၆၈ ရာခိုင်နှုန်းကနေ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ စစ်တမ်းမှာ ဝင်‌ဖြေကြတဲ့ ဆရာအများစုကတော့ သူတို့ဟာ ပြီးခဲ့တဲ့နှစ်တွေက အလုပ်ကနေ ထွက်ဖို့ စဥ်းစားခဲ့ဖူးကြတယ်လို့ ဆိုပါတယ်။

အစိုးရကတော့ ကျောင်းသား ဆရာနဲ့ မိဘတွေကြားမှာ ပြဿနာတစ်ခုရှိနေတယ်ဆိုတာကို အသိအမှတ်ပြု ပြောခဲ့ပါတယ်။ ဆရာ ဆရာမတွေကို အနှောင့်အယှက်ဖြစ်ပေးတဲ့ ကျောင်းသားတွေကို စာသင်ခန်းတွင်းက ဖယ်ရှားနိုင်ပြီး လိုအပ်ရင် တားမြစ်နိုင်တယ်ဆိုတဲ့ ဆရာတွေအတွက် လမ်းညွှန်ချက်အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

မိဘတွေဟာ ဆရာတွေနဲ့ တွေ့ရမယ့်ရက်တွေ ကြိုတင်သဘောတူရမှာဖြစ်ပြီး ဆရာတွေဟာ အလုပ်ချိန်နောက်ပိုင်း တွေ့ဖို့ကို ငြင်းနိုင်တယ်လို့ လည်း ဒီလမ်းညွှန်ချက်က ဆိုပါတယ်။

တောင်ကိုရီးယား ပညာရေးဝန်ကြီး လီဂျိုဟို က ဒီ ဆောင်ရွက်ချက်က တောင်ကိုရီးယားက ကျောင်းတွေကို ဖြစ်သင့်တဲ့ပုံစံအတိုင်း ပြန်လည်ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကိုရီးယားမှာ အခုလိုပျက်သုဥ်းသွားတာဟာ စာသင်ခန်းတွေချည်းပဲ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘွဲ့လက်မှတ်တွေ ပညာရေးအဆင့်တန်းတွေကသာ လူတွေရဲ့ဘဝအောင်မြင်မှုလို့ထင်ကြတဲ့ ကိုရီးယားလူအဖွဲ့အစည်းရဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့အတူ တောင်ကိုရီးယားရဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံးကိုပါ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ လူအတော်များများက ပြောဆိုနေကြပါတယ်။

ဒီဆောင်းပါးမှာ မိသားစုဝင်တွေရဲ့တောင်းဆိုမှုအရ သေဆုံးသူရဲ့ အမည်ကို ပြောင်းလဲထားပါတယ်။