ကမ္ဘာလှည့်ပြီး နိုင်ငံရေးအားစမ်းနေတဲ့ ရုရှားဇိမ်ခံသင်္ဘောကြီး

ဘောလုံးကွင်းတကွင်းစာထက်ပိုကျယ်ပြီး ရဟတ်ယာဉ်ကွင်း၊ ရေကူးကန်၊ ရုပ်ရှင်ရုံတွေပါဝင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ အလွန်နီးစပ်သူဘီလျံနာသူဌေးကြီး အလက္ကဇီမောဒါရှော့ဗ်ရဲ့ ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဇိမ်ခံသင်္ဘောကြီးဟာ ဟောင်ကောင်ဆိပ်ကမ်းကနေထွက်ခွာပြီး တောင်အာဖရိကနိုင်ငံ ရေပိုင်နက်ထဲ ရောက်လာပါပြီ။

၄၆၅ ပေရှည်လျားပြီး သည်နော့ဒ်လို့ နာမည်ပေးထားတဲ့ အဲဒီအပျော်စီးဇိမ်ခံသင်္ဘောကြီးကို ဖမ်းဆီးထိန်းသိမ်းဖို့ တောင်အာဖရိက အတိုက်အခံခေါင်းဆောင်တွေက တိုက်တွန်းကြပေမဲ့ သမ္မတဆီရဲ ရာမာဖိုဆာကတော့ သင်္ဘောကို ကမ်းကပ်ခွင့်ပြုလိုက်ပါတယ်။ ဒီသင်္ဘောကြီးဟာ အခုသီတင်းပတ် အစောပိုင်းတုန်းကမှ ဟောင်ကောင်ကနေ ထွက်ခွာလာတာလည်း ဖြစ်ပါတယ်။

သမ္မတဆီရဲရာမာဖိုဆာရဲ့ ပြောရေးဆိုခွင့်ရှိသူက အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဆန်ရှင်ကို တောင်အာဖရိကက လိုက်နာစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်။

“အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့အရေးယူမှုကို တောင်အာဖရိကနိုင်ငံက ဥပဒေကြောင်းအရ လိုက်နာဖို့ ဝတ္တရားမရှိဘူး” လို့ သမ္မတရဲ့ပြောခွင့်ရ ဗင်းဆင့်မဂ္ဂါဝင်ယာက အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂကချမှတ်တဲ့ ပိတ်ဆို့အရေးယူမှုဆန်ရှင်တွေကိုသာ တောင်အာဖရိကက လိုက်နာဖို့ ဝတ္တရားရှိတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းကျူးကျော်မှုအတွက် ရုရှားနိုင်ငံသားနဲ့ စီးပွားရေးလုပ်ငန်း ၁၀၀၀ ကျော်ကို အနောက်နိုင်ငံတွေနဲ့ မဟာမိတ်တွေက အရေးယူပိတ်ဆို့ထားခဲ့ပါတယ်။

ရုရှားကို တိုက်ရိုက်ဝေဖန်တာမျိုးကို မစ္စတာရာမာဖိုဆာရဲ့ တောင်အာဖရိကအစိုးရဟာ တခြားအာဖရိကနိုင်ငံ အများအပြားနည်းတူ ရှောင်ရှားပါတယ်။ ယူကရိန်းကျူးကျော်စစ်ကို ထုတ်ဖော်ရှုတ်ချတဲ့ ကုလသမဂ္ဂအဆိုတွေကိုလည်း မဲမပေးဘဲကြားနေလေ့ရှိပါတယ်။ စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့လည်း တောင်အာဖရိကအစိုးရက တောင်းဆိုခဲ့ပါတယ်။

ရုရှားသူဌေးကြီးရဲ့သင်္ဘောကြီးကို ဝင်ခွင့်မပေးဘဲ ပိတ်ဆို့တားမြစ်ဖို့ ကိတ်တောင်းမြို့ရဲ့ မြို့ဝန် ဂျော်ဒင်ဟေးလ်လူးဝစ္စက တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ပူတင်ရဲ့ကျူးကျော်စစ်ပွဲကြံရာပါတွေ အတွက် ငါတို့မြို့မှာနေရာမရှိဘူး” လို့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအရ ရုရှားနဲ့ဆက်ဆံတာဟာ တရားမဝင်ဘူး။ နယ်ချဲ့စစ်ပွဲဟာ ရှက်စရာဖြစ်တယ်။ အခုအချိန်ဟာ သုံးသပ်ချက်အမှားတွေကို ပြန်ပြင်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်သွားရမဲ့ အခွင့်အရေးပဲ” လို့လည်း မစ္စတာဟေ့လ်လူးဝစ္စက ဆိုပါတယ်။

သင်္ဘောပေါ်မှာ သူဌေး မစ္စတာမောဒါရှော့ဗ်ကိုယ်တိုင်ပါမပါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မစ္စတာဟေးလ်လူးဝစ္စကတော့ ဘီလျံနာသူဌေးမစ္စတာမောဒါရှော့ဗ်ဟာ ရွက်သင်္ဘောနဲ့လိုက်ပါလာတယ်လို့ တနင်္ဂနွေနေ့က ဒေသတွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့သူဌေးမောဒါရှော့ဗ်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က သူဟာ မော်စကိုမှာရှိနေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် ဟောင်ကောင်မှာ သင်္ဘောဆိုက်စဉ်က ဘလွန်းဘာ့သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

ဟောင်ကောင်အစိုးရကလည်း အလားတူအကြောင်းပြချက်မျိုးကိုပဲပေးပြီး ရွက်သင်္ဘောကို တားဆီးရေး ငြင်းဆန်ခဲ့ပါတယ်။ ဟောင်ကောင်ဟာ ကုလသမဂ္ဂဆန်ရှင်ကိုသာ လိုက်နာဖို့ ဝတ္တရားရှိပြီး တဖက်သတ်ချမှတ်ထားတဲ့ တသီးပုဂ္ဂလဆန်ရှင်တွေကို လိုက်နာဖို့တာဝန်မရှိဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီကပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမတိုင်ခင်ကတည်းက မစ္စတာမောဒါရှော့ဗ်ဟာ ရုရှားမှာ အချမ်းသာဆုံးလူဖြစ်ပါတယ်။ သံမဏိနဲ့ သတ္တုတွင်းလုပ်ငန်းကနေ ရရှိတဲ့သူ့ရဲ့ ဥစ္စာဓနဟာ အမေရိကန်ဒေါ်လာ ၂၉.၁ ဘီလျံရှိပါတယ်။

သူနဲ့သမ္မတပူတင်ရဲ့ အဆက်အစပ်ကြောင့် အနောက်နိုင်ငံတွေက သူ့ကို စစ်ပွဲ အစပိုင်းကတည်းက ပစ်မှတ်ထားပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဒါပေမဲ့မစ္စတာမောဒါရှော့ဗ်ကတော့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ သူဟာ ရုရှားနိုင်ငံရေးနဲ့ ပတ်သက်မှုမရှိသလို ရုရှားအစိုးရအပေါ်မှာလည်း သြဇာအနည်းငယ်သာရှိတယ်လို့ သူက ဆိုပါတယ်။

၂၁၅ ပေရှည်လျားတဲ့ သူပိုင် တခြားသင်္ဘောတစီးဟာ မတ်လမှာ အီတလီရဲအဖွဲ့က အနောက်တိုင်းဆန်ရှင်စည်းကမ်းအရ သိမ်းယူထားလို့ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

အခု သည်နော့ဒ်သင်္ဘောကတော့ သူပိုင်ရွက်သင်္ဘောတွေထဲမှာ အကြီးဆုံးလို့ ယူဆကြပါတယ်။ အခုသင်္ဘောဟာ ဘောလုံးကွင်းတကွင်းစာပမာဏထက်တောင် ကြီးမားပါတယ်။ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး ဇိမ်ခံသင်္ဘောကြီးလို့ ဖော့ဘ်မဂ္ဂဇင်းက သတ်မှတ်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ရဟတ်ယာဉ်ဆင်းသက်ဖို့ ကွင်း ၂ ကွင်း၊ ရေကူးကန် ၁ ခု၊ ရုပ်ရှင်ရုံ ၁ ရုံ ပါဝင်ပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး မကြာမီမှာ သင်္ဘောဟာ ဆေးရှဲလ်ကထွက်ခွာပြီး ရုရှားနိုင်ငံဗလာဒီဗော့စ်တော့ဆိပ်ကမ်းဆီဦးတည်ခဲ့ပါတယ်။ ဒါဟာ တခြားသင်္ဘောတစီးလို အသိမ်းမခံရအောင် ရှောင်ရှားတဲ့သဘောလို့လည်း တချို့ကယူဆကြပါတယ်။

ဒါပေမဲ့ မစ္စတာမောဒါရှော့ဗ်လို ပိတ်ဆို့အရေးယူခံထားရတဲ့သူမျိုးဟာ နိုင်ငံတကာဆိပ်ကမ်းတွေမှာ သင်္ဘောဆိုက်ကပ်ဖို့အတွက် အခက်အခဲ အများအပြားရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အထူးသဖြင့် ဥရောပမှာ သင်္ဘောတွေဟာ အများဆုံးဖမ်းဆီးသိမ်းဆည်းခံနေရပါတယ်။