မလေးရှားမှာကိုယ်ပိုင်ဂျက်လေယာဥ်ငယ်ပျက်ကျ၊ ၁၀ ဦးသေဆုံး

ဂျက်လေယာဥ်ငယ်ပျက်ကျခဲ့တဲ့ အဝေးပြေးလမ်းမကြီး

ဓာတ်ပုံ ရင်းမြစ်, AFP

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ပြင်က အဝေးပြေးလမ်းမပေါ်ကို ကိုယ်ပိုင်ဂျက်လေယာဉ်ငယ်တစ်စင်း မနေ့ သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းကပျက်ကျခဲ့ပါတယ်။ လမ်းမကြီးပေါ်ရှိနေတဲ့ကား နဲ့ ဆိုင်ကယ်ပေါ်ကိုပျက်ကျခဲ့တဲ့ ဒီဖြစ်စဥ်ကြောင့်အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ က ပြောပါတယ်။

လေယာဉ်ငယ်ပေါ်မှာပါတဲ့ ခရီးသည် ၆ ဦး၊ လေယာဥ်မောင်း ၂ ဦး အပါ ၈ ဦးနဲ့ မြေပြင်ပေါ်က ကားနဲ့ဆိုင်ကယ်က ယာဥ်မောင်း ၂ ဦး၊ စုစုပေါင်း ‌၁၀ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ပျက်ကျမှုအပြီးထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာတော့ အဝေးပြေးလမ်းမကြီးပေါ်ကို လေယာဥ်ပျက်ကျပေါက်ကွဲခဲ့ပြီးနောက် မီးလောင်မှုနဲ့ အတူ မီးခိုးလုံးကြီးက လမ်းအပြည့်ဖြစ်သွားတာ တွေ့ရပါတယ်။

ဒီလေယာဥ်ငယ်ဟာ လန်ကာဝီအပန်းဖြေကျွန်းကနေ ဆီလန်ဂေါကို သွားဖို့မောင်းနှင်လာချိန် မှာ ပျက်ကျခဲ့တာပါ။ Beechcraft Model 390 အမျိုးအစား ဒီလေယာဉ်ငယ်ဟာ မပျက်ကျခင်လေကြောင်းထိန်းချုပ်ရေးမျှော်စင် နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေကိုကယ်ဆယ်ရေးလုပ်သားတွေသယ်ဆောင်နေမှု

ဓာတ်ပုံ ရင်းမြစ်, AFP

"အရေးပေါ်ဖုန်းခေါ်ဆိုတာမျိုး မရှိပါဘူး။ လေယာဉ်ဆင်းသက်ဖို့ လမ်းရှင်းလင်းပေးထားခဲ့ပါတယ်" လို့ ဆီလန်ဂေါ ရဲတပ်ဖွဲ့မှူး ဟူစိန်အိုမာခန်ကပြောပါတယ်။

အဲဒီပျက်ကျခဲ့တဲ့ လေယာဥ်ငယ်ထဲမှာ ဒေသခံနိုင်ငံရေးသမားတစ်ဦး ပါသွားတာကို ပျံသန်းမှုဆိုင်ရာမှတ်တမ်းက ဖော်ပြနေပါတယ်။ မလေးရှားဒေသတွင်းသတင်းတွေမှာတော့ လေယာဥ်ပျက်မှုအတွင်းသေဆုံးခဲ့တဲ့ ဒေသခံနိုင်ငံရေးသမားဟာ ပါဟန်းပြည်နယ်အမှုဆောင်ကောင်စီဝင် ဂျိုဟာရီဟာရန်လို့ ဖော်ပြနေပြီး သူ့ရဲ့မိတ်ဆွေနိုင်ငံရေးသမားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဝမ်းနည်းကြောင်းရေးသားဖော်ပြနေကြပါတယ်။

ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီကတော့ ဒေသတွင်းဆေးရုံက ဆေးမှုခင်းရလဒ်ကိုထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။

လေယာဥ်ပျက်ကျသူတွေထဲမှာ လေယာဥ်မှူး ရှာရူကာမယ်ရို့စ်လန် လည်းပါပြီး သူ့မှာဇနီးနဲ့သားလေးဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

ဆေးရုံအပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ မစ္စတာရှာရူကာရဲ့ အသက် ၆၇ နှစ်အရွယ် မိခင်က သူတို့နောက်ဆုံးစကားပြောခဲ့ပြီး သူ့သားက "ချစ်တယ် အမေ" လို့ ပြောခဲ့တဲ့အကြောင်း မျက်ရည်ဝဲပြီး မီဒီယာတွေကိုပြောပြခဲ့ပါတယ်။

လေယာဥ်ပျက်ကျမှုမှာသေဆုံးခဲ့သူတွေ ရဲ့မိသားစုဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မလေးရှားအရပ်ဘက်လေကြောင်းအာဏာပိုင်ကတော့ ကနဦးစုံစမ်းစစ်ဆေးမှုအရ လေယာဥ်ဆင်းသက်ဖို့ လမ်းကြောင်းရှင်းလင်းခဲ့ပြီး လေယာဉ်မှူးနှစ်ဦးကလည်း အတွေ့အကြုံ ရှိတဲ့သူတွေလို့ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ လေယာဉ်ရဲ့ black box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု ဒေတာမှတ်တမ်းတင်စက်ကို ရှာဖွေဖို့လုပ်‌ဆောင်နေပါတယ်။

“စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို အခုလောလောဆယ် မပြောနိုင်သေးပါဘူး” လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးကပြောပါတယ်။

မျက်မြင်တစ်ဦးကတော့ ပေါက်ကွဲသံအကျယ်ကြီးကြားခဲ့ပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာကိုရောက်သွားခဲ့ချိန်မှာ ဒဏ်ရာရနေသူတွေကိုတွေ့ခဲ့တယ်လို့ ပြောပါတယ်။

မလေးရှားလေတပ်က တပ်ဖွဲ့ဝင်ဟောင်း မိုဟာမက်ရှာမီ ကတော့ လေယာဥ်ပျံသန်းပုံ မူမမှန်တာကို တွေ့ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ‌ပေါက်ကွဲသံကိုကြားခဲ့ရတာလို့ ဆိုပါတယ်။

'' ကျွန်တော် ပျက်ကျတဲ့နေရာကို အမြန်ပြေးပြီးသွားကြည့်ချိန်မှာ လေယာဥ်ရဲ့အကြွင်းအကျန်အစိတ်အပိုင်းတွေကိုပဲ တွေ့ရတယ်'' လို့ ပြောပါတယ်။

အခု ကိုယ်ပိုင်‌‌လေယာဥ်ငယ် ခရီးစဉ်ကို မလေးရှားပုဂ္ဂလိက ဂျက်လေယာဉ် ဝန်ဆောင်မှု ကုမ္ပဏီ Jet Valet က ဆောင်ရွက်ပေးခဲ့တာလို့ သိရကြောင်း မလေးရှားကလာတဲ့သတင်းတွေကဖော်ပြပါတယ်။