တရုတ်နဲ့ကနေဒါတို့ သံတမန်တွေ အပြန်အလှန် နှင်ထုတ်

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လနီ ဂျိုလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လနီ ဂျိုလီ

ကနေဒါလွှတ်တော်အမတ်တစ်ယောက်ကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းတယ်ဆိုပြီး စွပ်စွဲခံရတဲ့ တရုတ်သံတမန်တစ်ဦးကို ကနေဒါဘက်က နိုင်ငံထဲကနေ နှင်ထုတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ကလည်း ရှန်ဟိုင်းမြို့မှာရှိတဲ့ကနေဒါကောင်စစ်ဝန်ရုံးက သံတမန်တစ်ဦးကို ပြန်လည်နှင်ထုတ်လိုက်ပါတယ်။

ကနေဒါဟာ တရုတ်သံတမန် ကျောင်းဝေကို ''နိုင်ငံထဲမှာအလိုမရှိသူ''လို့ကြေညာပြီး တနင်္လာနေ့တုန်းက နှင်ထုတ်လိုက်တာဖြစ်ပါတယ်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ရှန်ဟိုင်းမြို့မှာရှိတဲ့ ကနေဒါကောင်စစ်ဝန်ရုံးက ကနေဒါ သံတမန် ဂျနီဖာ လင်း လာ့လွန်ဒ်ကို ဖယ်ရှားမိန့်ကို အင်္ဂါနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

''တရုတ်နိုင်ငံအနေနဲ့ နောက်ထပ်တုံ့ပြန်မှုတွေကို လုပ်ပိုင်ခွင့်ရှိတယ်''လို့ တရုတ်ဘက်ကြေညာချက်မှာဖော်ပြပါတယ်။

အခုနှစ် နှစ်ဖက်စလုံးက သံတမန်တွေဟာ ၅ ရက်အတွင်း သက်ဆိုင်ရာနိုင်ငံတွေကနေ ထွက်ခွာရတော့မှာဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာ ကနေဒါနိုင်ငံထဲမှာ တရုတ်က နိုင်ငံရေးအရ ပါဝင်စွက်ဖက်ဖို့ကြိုးစားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဘေကျင်းအစိုးရနဲ့ အိုတာဝါ အစိုးရကြား ဆက်ဆံရေး သိသိသာသာယိုယွင်းလာတာကိုလည်း ပြသနေပါတယ်။

ကနေဒါလွှတ်တော်အမတ် မိုက်ကယ်ချောင်က တရုတ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် အမတ်ကိုရော၊ ဟောင်ကောင်မှာရှိတဲ့ သူ့ရဲ့ဆွေမျိုးတွေကိုပါ တရုတ်ဘက်က ပစ်မှတ်ထားဖို့လုပ်နေတယ်လို့ ကနေဒါဘက်က စွပ်စွဲပါတယ်။

ကနေဒါနိုင်ငံရေးထဲ ဝင်စွက်ဖက်ဖို့ကြိုးပမ်းမှုကို သည်းခံမှာမဟုတ်ဘူးဆိုတဲ့အကြောင်း ကနေဒါက တရုတ်သံအမတ်ကို ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်သံတမန် မစ္စတာကျောင်းကို နှင်းထုတ်တဲ့အကြောင်းစာကိုတော့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး မဲလနီ ဂျိုလီက တနင်္လာနေ့က ထုတ်ပြန်ခဲ့တာပါ။

ကနေဒါလွှတ်‌တော်အမတ်တစ်ဦးကို ခြိမ်းခြောက်ဖို့ ကြံစည်တယ်မှုမှာ ပါဝင်တယ်ဆိုတဲ့သံသယနဲ့ တိုရွန်တိုမြို့အခြေစိုက် တရုတ်သံတမန်တစ်ဦးကို ကနေဒါနိုင်ငံက နိုင်ငံထဲကနေ နှင်ထုတ်လိုက်ပါတယ်။

တရုတ်ဘက်ကတော့ ကနေဒါရဲ့အခုလုပ်ရပ်ကို မသမာတဲ့လုပ်ရပ်လိုပြောပြီး မစ္စ လာ့လွန်ဒ် ကိုလည်း အလားတူကြေညာပြီး အပြန်အလှန်လုပ်ဆောင်တဲ့တုံ့ပြန်ချက်လို့ ပြောပါတယ်။

ဝီဂါမွတ်စလင်တွေကို တရုတ်နိုင်ငံရဲ့ ဆက်ဆံပုံတွေနဲ့ပတ်သက်ပြီး အသက် ၅၁ နှစ်အရွယ် လွှတ်တော်အမတ် မစ္စတာ ချောင်က ဝေဖန်တာတွေလုပ်ပြီးတဲ့နောက် မစ္စတာချောင်ရဲ့ အချက်အလက်တွေကို စုဆောင်းမှုမှာ မစ္စတာကျောင်းပါဝင်တယ်ဆိုတဲ့ ကနေဒါစုံစမ်းရေး အစီရင်ခံစာတစ်စောင်ကို အခြေခံပြီး Globe and Mail သတင်းစာမှာ စွပ်စွဲသတင်းဖော်ပြခဲ့အပြီးမှာ ကနေဒါဘက်က ကြေညာချက် ထွက်လာတာပါ။

တရုတ်ဆန့်ကျင်ရေးရပ်တည်ချက်တွေကို ဟန့်တားရေး အားထုတ်တဲ့အနေနဲ့ ဟောင်ကောင်မှာရှိတဲ့ မစ္စတာချောင်ရဲ့ ဆွေမျိုးတွေရဲ့ အချက်အလက်ကို တရုတ်ဘက်က ရှာဖွေခဲ့တယ်ဆိုပြီး ကနေဒါ ထောက်လှမ်းရေး အေဂျင်စီဘက်က ယုံကြည်ထားတယ်လို့ အဲဒီသတင်းမှာဖော်ပြပါတယ်။

လွှတ်တော်အမတ် မစ္စတာ ချောင်ဟာ ဝီဂါမွတ်စလင်တွေအပေါ် တရုတ်နိုင်ငံရဲ့ဆက်ဆံမှုဟာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ ကနေဒါလွှတ်တော်က ကြေညာအောင် ၂၀၂၁ ခုနှစ်မှာ လွှတ်တော်ထဲ အဆိုတင်ခဲ့သူဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး မစ္စတာချောင်ကို အရေးယူပိတ်ဆို့မှုတွေ မကြာခင်မှာပဲ လုပ်ခဲ့ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မစ္စဂျိုလီကတော့ ပြည်တွင်းရေးမှာ ဘယ်လိုစွက်ဖက်မှုတွေကိုမဆို ကနေဒါနိုင်ငံက သည်းခံသွားမှာမဟုတ်ဘူး'' လို့ တနင်္လာနေ့မှာပြောသလို သံတမန်ကို ပြည်တွင်းက နှင်ထုတ်တဲ့ကိစ္စကိုလည်း ''ဘက်စုံထောင့်စုံသုံးသပ်ပြီးမှ အခုလိုဆုံးဖြတ်လိုက်ရတာ''လို့ ပြောပါတယ်။

ဒါ့အပြင် ကနေဒါထောက်လှမ်းရေးအဖွဲ့အနေနဲ့ လွှတ်တော်အမတ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအပေါ် ခြိမ်းခြောက်မှုအချက်အလက်တွေကိုလည်း ချက်ချင်းလွှဲပြောင်း မျှဝေဖို့ ညွှန်ကြားချက်လည်း ထွက်လာပါတယ်။

''တရုတ်နိုင်ငံဟာ ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချသလို ကနေဒါနိုင်ငံကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ဘေကျင်းဟာ မစ္စတာ ချောင်ရဲ့မိသားစုကို ပစ်မှတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ကနေဒါဘက်က အသရေဖျက်မှုဆိုပြီး တရုတ်ဘက်က စွပ်စွဲပြောဆိုပါတယ်။

လွှတ်တော်အမတ် မစ္စတာ ချောင်ကတော့ အာဏာရ လစ်ဘရယ်ပါတီ အစိုးရဟာ ဒီဆုံးဖြတ်ချက်ချဖို့ ၂ နှစ်နီးပါးကြာအောင် အချိန်ဆွဲခဲ့တာ မဖြစ်သင့်ဘူးလို့ဆိုပြီး အခုဖြစ်ရပ်ကို ကိုင်တွယ်ပုံအလွဲအမှားကို ထောက်ပြပြောဆိုပါတယ်။

တရုတ်ဟာ ကနေဒါရွေးကောက်ပွဲတွေမှာ ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ကနေဒါမီဒီယာတွေဆီ ပေါက်ကြားခဲ့အပြီးမှာ အခုစွပ်စွဲချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကြားဝင်စွက်ဖက်မှုရှိတယ်ဆိုတဲ့ပြောဆိုချက်တွေကို စုံစမ်းဖို့ လွတ်လပ်တဲ့အထူးအစီရင်ခံစာတင်သွင်းသူတစ်ယောက်ကို ခန့်အပ်တဲ့အကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက မတ်လတုန်းက ကြေညာခဲ့ပါတယ်။