ယူကရိန်း က စျာပန ရုရှားရဲ့ လေကြောင်းတိုက်ခိုက်ခံရလို့ ၅၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံ ကာကစ်ဗ်မြို့ အရှေ့တောင်ပိုင်းက ဟရိုဇာကျေးရွာကို ရုရှားက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အသက်ရှစ်နှစ်ရွယ် ကလေးတစ်ဦးအပါအ၀င် အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။
ကျေးရွာသားတွေဟာ ဒေသခံတစ်ဦးရဲ့ ဈာပနမှာ ရှိနေချိန် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ကျော်မှာ ဒုံးကျည်ကျရောက်လာတာ ဖြစ်ပါတယ်။
ယူကရိန်းစစ်သည်တစ်ဦးရဲ့ ဈာပနမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျန်ရစ်သူ ဇနီး၊ စစ်သားတစ်ဦးဖြစ်တဲ့ သားဖြစ်သူ နဲ့ ချွေးမတို့ပါ သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာဥပဒေအရာရှိ ဒမိုင်ထရို ချူဘန်ကို က ပြောခဲ့တဲ့အကြောင်း အင်တာဖက်စ် ယူကရိန်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာ၀န်းကျင်မှာ စစ်ရေးပစ်မှတ်မရှိဘဲ အရပ်သားတွေပဲရှိတယ်လို့ ယူကရိန်းကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာ ‘’သွေးမြေကျမှု အများဆုံးဖြစ်ရပ်ပဲ’’ လို့ ကာကစ်ဗ်ဒေသအကြီးအကဲ အိုလာ ဆင်ယဲဟူဘော့က ပြောပါတယ်။
‘’ဒီတိုက်ခိုက်မှု တစ်ခုတည်းမှာပဲ ရွာရဲ့ လူဦးရေ ငါးပုံတစ်ပုံ သေဆုံးခဲ့တယ်’’ လို့ သူက နိုင်ငံပိုင် ရုပ်သံကတစ်ဆင့် ပြောပါတယ်။
သေဆုံးသူတွေဟာ ဒေသခံတွေပဲဖြစ်ပြီး ရွာမှာရှိတဲ့ အိမ်ထောင်စုတိုင်းထိခိုက်နစ်နာခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေး၀န်ကြီး အီဟော် ကလိုင်မန်ဟိုက ပြောဆိုခဲ့ပါတယ်။
"မိသားစုတိုင်း၊ အိမ်ထောင်စုတိုင်း၊ ရွာမှာနေတဲ့လူတိုင်း ထိခိုက်ခဲ့ရပါတယ်" လို့ သူက ပြောပါတယ်။
ကျဆုံးစစ်သည်ကို ဒနီပရိုမှာ မြှုပ်နှံပြီးဖြစ်ပေမယ့် ဆွေမျိုးတွေက မွေးရပ်ကျေးရွာ ဟရိုဇာကျေးရွာ မှာပဲ ခေါင်းချစေချင်ခဲ့တာကြောင့် နာရေးအခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။
‘’ဒီလုပ်ရပ်ကို တိရစ္ဆာန် နဲ့တောင် မနှိုင်းချင်ပါဘူး။ သားရဲတိရစ္ဆာန်တွေကို စော်ကားသလိုဖြစ်မစိုးလို့ပါ’’လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ဒါက ရမ်းသန်းပစ်ခတ်လိုက်တာ မဟုတ်ဘူး။ ရွာသားတွေ ဈာပနာတက်ရောက်နေချိန်မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်"လို့ သူက ရုရှားကို စွပ်စွဲ ပြောဆိုပါတယ်။
" သူတို့ကို ဘယ်သူကများ ပစ်ခတ်ရက်တာလဲ၊ ဘယ်သူဖြစ်မလဲ၊ ကောက်ကျစ်စဥ်းပေါ့ဗျာ" လို့ ဇလန်းစကီးက ဆက်ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့ကျေးရွာတည်ရှိတဲ့ ကူပြန်စ် ခရိုင်ဟာ ရုရှားနဲ့ ယူကရိန်းစစ်တပ်တွေကြားက ရှေ့တန်းစစ်မျက်နှာ ဖြစ်ခဲ့ပါတယ်။
ဒီဒေသဟာ ရုရှားရဲ့ အဓိက ထောက်ပို့နေရာဖြစ်ခဲ့ပေမယ့် လပေါင်းများစွာ တိုက်ခိုက်ပြီးနောက်မှာ ယူကရိန်းတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အစ္စကန်ဒါ ဒုံးကျည်ကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ယူကရိန်းပြည်ထဲရေး၀န်ကြီးက ပြောခဲ့ပေမယ့် ဘီဘီစီက အတည်မပြုနိုင်သေးပါဘူး။
စပိန်နိုင်ငံ ဂရာနာဒါမြို့မှာ ပြုလုပ်တဲ့ ဥရောပခေါင်းဆောင်အစည်းအဝေးကို ဇလန်းစကီးတက်ရောက်နေချိန်မှာ အခုတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။
ယူကရိန်းစစ်တပ်ကို အမေရိကန်က ဆက်လက်ထောက်ပံ့နိုင်ရေးဟာ အမေရိကန်ပါတီတွေတွင်း နိုင်ငံရေးတင်းမာမှုကြောင့် အန္တရာယ်ရှိနေပြီလို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က ပြောခဲ့ပါတယ်။
အမေရိကန်ကွန်ဂရက်မှာ မကြာသေးခင်က သဘောတူခဲ့တဲ့ အသုံးစရိတ်ကိစ္စမှာ ယူကရိန်းကို ကူညီရေးမပါခဲ့ပါဘူး။
အမေရိကန်က ရပ်ဆိုင်းလိုက်တဲ့ အကူအညီလစ်ဟာချက်ကို ဘယ်ဥရောပနိုင်ငံကမှ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဘော်ရယ် က ပြောခဲ့ပါတယ်။
"အမေရိကန်ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဥရောပက ဖြည့်နိုင်မှာလားဆိုရင် ၊ သေချာတာကတော့
ဥရောပဟာ အမေရိကန်နေရာ ကို အစားထိုးယူလို့ မရပါဘူး " လို့ သူက ပြောပါတယ်။
ဥရောပခေါင်းဆောင်တွေအနေနဲ့ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေထောက်ပံ့ပေးသင့်ပြီး ရုရှားရဲ့ ကျူးကျော်မှုကို ကြံ့ကြံ့ခံပေးနေတဲ့ ယူကရိန်းကို တခြားနိုင်ငံတွေက ကျေးဇူးတင်သင့်တယ်’’ လို့ ဇလန်းစကီးက အောက်တိုဘာ ၅ ရက်မှာ ပြောခဲ့ပါတယ်။








