ရင်သားကင်ဆာကိုအေအိုင်နဲ့ ဘယ်လိုစစ်ဆေးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေနိုင်ငံ စကော့တလန်ဒေသက အဘာဒင်း တော်ဝင်ဆေးရုံဟာ အေအိုင်ကို အသုံးပြုပြီး ရင်သားကင်ဆာ ရှိမရှိ သိနိုင်မလား ဆိုတာကို လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
ဒီဆေးရုံက ဓာတ်မှန် ပညာရှင်တွေက တနှစ်တနှစ်ကို ထောင်နဲ့ချီတဲ့ ရင်သားဓာတ်မှန်တွေကို လေ့လာပြီး ကင်ဆာရှိမရှိ ဆုံးဖြတ်ရရာမှာ အေအိုင်က ကူညီ ဆုံးဖြတ်ပေးနိုင်ခြင်း ရှိမရှိ လေ့လာနေတာ ဖြစ်ပါတယ်။
ရင်သားဓာတ်မှန်ဆိုတာကတော့ ရင်သားအတွင်း ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိ မျက်စိနဲ့ ဒါမှမဟုတ် စမ်းသပ်ကြည့်ခြင်းနဲ့ အလွယ်တကူမသိနိုင်တဲ့ အသေးစိတ် အခြေအနေကို သိနိုင်ဖို့အတွက် အားပျော့တဲ့ ဓာတ်မှန်ရောင်ခြည်နဲ့ ရိုက်ထားတဲ့ ဓာတ်မှန်ကို ဆိုလိုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အေအိုင်ရဲ့ အသုံးဝင်မှု
အေအိုင် နည်းပညာဆိုတာကတော့ အတိုချုံးပြောရရင် လူသားအသိဉာဏ် ပုံစံအတိုင်း ကွန်ပျူတာက တာဝန်ထမ်းဆောင်နိုင်တာမျိုးဖြစ်ပြီး ဒီနည်းပညာကို နယ်ပယ်အမျိုးစုံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အေအိုင်ရဲ့ တိုးတက်မှုကနေ လူသားမျိုးနွယ် ပျက်သုဉ်းတဲ့အထိ ဖြစ်နိုင်တယ်လို့ စိုးရိမ်ကြတဲ့ လူသိများတဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ရှိနေတာကို သတင်းစာမျက်နှာတွေပေါ်မှာ တွေ့မြင်နေရပါတယ်။
ဒီလို စိုးရိမ်မှုတွေ ရှိတဲ့ကြားကပဲ လက်ရှိ အေအိုင်နည်းပညာ တိုးတက်သလောက်ဟာ ကျန်းမာရေးနယ်ပယ်မှာ လက်တွေ့ အသုံးဝင်လာနေတာကိုလည်း တွေ့နေရပါတယ်။
ဆေးဝါးအသစ် ပေါင်းစပ်ထုတ်လုပ်မှု ဖြစ်စဉ်ကို လျင်လျင်မြန်မြန် ဖြစ်အောင် လုပ်တဲ့နေရာမှာ အေအိုင်က လက်တွေ့ အသုံးဝင်လာခဲ့သလို ရောဂါရှာဖွေ တွေ့ရှိမှုအပိုင်းမှာလည်း အသုံးဝင်လာတဲ့အတွက် အေအိုင်ဟာ ဆရာဝန်နဲ့ သိပ္ပံပညာရှင်တွေ အသုံးချစရာ ကိရိယာတခု ဖြစ်လာနေပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စကော့တလန် ရင်သားကင်ဆာ အခြေအနေ
ယူကေ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရ ဆိုရင် အခုလို ဓာတ်မှန်ရိုက် ရှာဖွေမှုကြောင့် ယူကေမှာ တနှစ်ကို လူ့အသက်ပေါင်း ၁၃၀ဝ လောက် ကူညီ ကယ်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
စကော့တလန်ဒေသမှာ ၂၀၁၉ ခုနှစ်ကစပြီး ရင်သားကင်ဆာ စမ်းသပ်ဖို့ စာပို့အသိပေးအပြီးနောက်ပိုင်း လာရောက် စမ်းသပ်ကြသူ အရေအတွက်ကလည်း တိုးပွားလာနေပါတယ်။
ဒါပေမဲ့ ဒီအမျိုးသမီးတွေရဲ့ ရင်သားဓာတ်မှန်တွေကို ကြည့်ရှု ဆုံးဖြတ်ပေးနိုင်တဲ့ ဓာတ်မှန်ပညာရှင်တွေကတော့ အရေအတွက် နည်းပါးလာနေတယ်လို့ ဆိုပါတယ်။
စကော့တလန်မှာ ကင်ဆာရှိနေကြောင်း တွေ့ရှိရသူ အရွယ်စုံ အမျိုးသမီး အရေအတွက်က ၂၀၂၁ ကနေ ၂၀၂၂ အတွင်း ၁၈၃၀ ဦး အထိ များလာတယ်လို့ စကော့တလန် လူထုကျန်းမာရေး အချက်အလက်တွေ အရ သိရပါတယ်။
နှစ်စဉ် ရင်သားကင်ဆာ ဓာတ်မှန်ပေါင်း ပျမ်းမျှ ၅၀ဝ၀ လောက်ကို ဓါတ်မှန်ပညာရှင်တွေက စိစစ်နေရာမှာ ၂၅၀ ကနေ ၃၀ဝ လောက်ကို ထပ်စမ်းသပ်ဖို့ အသိပေးရပြီး အယောက် ၃၀ ကနေ ၄၀ လောက်ကတော့ ပိုပြီး သေသေချာချာ စစ်ဆေးဖို့ လိုကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီလို ကိန်းဂဏန်း အနေအထားတွေအရ ကင်ဆာတကယ်ရှိသူကို မသိလိုက်ပဲ ဖြစ်သွားနိုင်စရာရှိတယ်လို့ စကော့တလန် အရှေ့မြောက်ပိုင်း ရင်သားကင်ဆာစမ်းသပ်ရေး စီမံချက် ဆေးဘက် ဒါရိုက်တာ ဒေါက်တာ ဂျရယ်လစ်ပ်က ဆိုပါတယ်။

အေအိုင် အသုံးပြု ရင်သားကင်ဆာ လေ့လာမှု
ဂျမနိုင်း စီမံချက်လို့ ခေါ်တဲ့ ဒီစမ်းသပ်မှုကို ယူကေ ကျန်းမာရေးစောင့်ရှောက်မှု Grampian ဌာနခွဲက အဘာဒင်းတက္ကသိုလ်၊ ပုဂ္ဂလိကဘက်က Kheiron Medical Technologies တို့ ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
စကော့တလန်က ၂၀၂၁ ခုနှစ်ကစပြီး အေအိုင် နည်းဗျူဟာ မူဝါဒကို စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီ ဂျမနိုင်း စီမံချက်ကလည်း အဲဒီအထဲမှာ အပါအဝင်အဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။
Kheiron Medical Technologies ဟာ ဒီရင်သားကင်ဆာ စမ်းသပ်မှုမှာ Mia လို့ခေါ်တဲ့ အေအိုင် ကို ဖန်တီးထားပြီး မိုက်ခရိုဆော့ဖ်ကုမ္ပဏီကလည်း ဒီစီမံချက်အတွင်းမှာ cloud computing ဝန်ဆောင်မှုပေးပြီး ပါဝင်ထောက်ပံ့နေပါတယ်။
လောလောဆယ်မှာ ယူကေနိုင်ငံလုံးဆိုင်ရာ ရောဂါ ကြိုတင်စစ်ဆေးရေး ကောင်စီကတော့ အေအိုင် အလိုအလျောက် စမ်းသပ် အသုံးပြုမှုကို တားမြစ်ထားပါတယ်။
ဒါ့ကြောင့် ဒီ ဂျမနိုင်း စမ်းသပ်မှုမှာ ဒေါက်တာ လစ်ပ်နဲ့တကွ တခြား ဓာတ်မှန် ပညာရှင်တွေက လူသားပညာရှင်တွေနဲ့ ရင်သားဓာတ်မှန်ကို စိစစ်ပြီးမှ အေအိုင်နဲ့ ထပ်ဆောင်း စိစစ်ခြင်းအားဖြင့် စမ်းသပ်ကြတာ ဖြစ်ပါတယ်။
အဲဒီ စမ်းသပ်မှုကနေ ပါဝင်အစမ်းသပ်ခံသူ ကျန်းမာရေးဝန်ထမ်း ဂျူးန် မှာ ရင်သားကင်ဆာ အစောပိုင်း အဆင့်ရှိနေတာကို တွေ့ခဲ့ပြီး အဲဒီတွေ့ရှိမှုအရ သူက ခွဲစိတ်ကုသမှု ခံယူတော့မှာ ဖြစ်ပါတယ်။
သူဟာ ယခင်ကလည်း အလားတူ ရင်သားကင်ဆာဆိုင်ရာ ခွဲစိတ်မှုလုပ်ဖူးသူဖြစ်ပြီး ယခုတကြိမ်မှာတော့ အေအိုင်အကူအညီနဲ့ အသားစ စစ်ဆေးမှုကနေ စိုးရိမ်စရာရှိတဲ့ ရင်သားတနေရာကို တွေ့ရှိခဲ့ရတယ်လို့ ဒေါက်တာလစ်ပ်က ဆိုပါတယ်။
ဒီအေအိုင်ဟာ ယခင် အမည်မဖော်ထားတဲ့ ရင်သားဓာတ်မှန်တွေနဲ့ စစ်ဆေးချက် ရလဒ်တွေကို စုပေါင်းအသုံးပြုပြီး ရင်သားဓာတ်မှန် အသစ်တွေအပေါ် အဆုံးအဖြတ်ပေးတာလို့ ဆိုပါတယ်။
ဒီအေအိုင်အနေနဲ့ ဓာတ်မှန်ပညာရှင်တွေကို သိသာကွာခြားတဲ့ ရင်သားအနေအထားတွေကိုလည်း ထောက်ပြပေးနိုင်တယ်လို့ ဒေါက်တာ လစ်ပ်က ဘီဘီစီကို ပြောပါတယ်။
ဂျူးန်က လည်း လူတွေက သူ့ရင်သားကို ကြည့်ကြတယ်ဆိုတာထက် အေအိုင်က ကြည့်ပေးတယ် ဆိုတာက သူ့အတွက် ပုဂ္ဂိုလ်ရေး အရ ခံစားရ သက်သာတယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီတကြိမ်မှာ ယခင်ခွဲခဲ့တဲ့ တကြိမ်ထက်စောပြီး ကင်ဆာအဆင့်ရောက်နေတာကို အေအိုင်ကြောင့် ကြိုသိခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
သူ့မှာ အခုလို ကင်ဆာကနဦးအဆင့် ရောက်ဖူးပြီးသား ဖြစ်တဲ့အတွက် ရင်သားတခုလုံး ဖယ်ရှားတဲ့ ကုသမှု လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NHS GRAMPIAN
ကျွမ်းကျင်ပညာရှင် ရှားပါးလာမှုကို အေအိုင်က ဘယ်လိုကူညီနိုင်မလဲ
စကော့တလန်ရဲ့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးမှု စီမံချက်ကို ပြန်လည်သုံးသပ်တဲ့ အစီအရင်ခံစာ မနှစ်က ထွက်လာခဲ့ရာမှာ ဓာတ်မှန် ကျွမ်းကျင် ပညာရှင်နဲ့ ဆက်စပ် အတွေ့အကြုံရင့် ဆရာဝန်အများစုဟာ အငြိမ်းစားယူတော့မယ့် အသက်အရွယ် နီးနေတာကို တွေ့ရှိခဲ့ရပါတယ်။
အထူးသဖြင့် အထူးကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင်တဲ့ ဓာတ်မှန်ပညာရှင် နည်းပါးလာမှုကြောင့် ရင်သားဓါတ်မှန် ပိုစစ်ဆေးလာရတဲ့ ကျန်းမာရေးဌာနပိုင်းကို ဝန်ပိလာစေတာကို တွေ့ခဲ့ရပါတယ်။
ယူကေဟာ ကျွမ်းကျင်ဝန်ထမ်း မလုံလောက်တဲ့ အခြေအနေကို ရေရှည် ရင်ဆိုင်နေရတယ်လို့လည်း တော်ဝင် ဓာတ်မှန်ပညာ ကောလိပ်က သတိပေးခဲ့ပြီး ကင်ဆာနဲ့တကွ တခြား ဓာတ်မှန် အခြေပြု စမ်းသပ်မှုအတွက် အဖြေတွေက လူနာတွေက အချိန်အကြာကြီး စောင့်နေရတယ်လို့ ဆိုပါတယ်။
လောလောဆယ် စကော့တလန်မှာကတော့ ပုံမှန်အားဖြင့် ဓာတ်မှန်ဖတ်ပြီး အတည်ပြုဖို့ ဓာတ်မှန်ပညာရှင် နှစ်ဦးလိုအပ်တဲ့အထဲက တဦးကို အေအိုင်နဲ့ အစားထိုးဖို့ စကော့တလန် အစိုးရက စဉ်းစားနေပါတယ်။
အခုလို အစားထိုးခြင်းအားဖြင့် တနှစ်ကို ဓာတ်မှန်အချပ်ပေါင်း ၁.၇၁ သန်းလောက် ဖတ်နေရတဲ့ တာဝန်ထဲက တဝက်လောက်ကို အေအိုင်က လွှဲပြောင်းယူနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
ဒေါက်တာလစ်ပ် ကတော့ အေအိုင်ကို ဆရာဝန်တွေက ဘယ်လို လက်တွဲ လုပ်နိုင်မလဲ ဆိုတာ လေ့လာသုံးသပ်ဖို့ လိုနေပြီး ပညာရှင်နေရာမှာ အစားထိုးမလား၊ တစိတ်တပိုင်း ဖတ်ပေးနိုင်အောင် လုပ်မလား၊ ကင်ဆာရှိမရှိ စစ်ဆေးမှု တိုးတက်အောင် လုပ်မလားဆိုတာတွေ စောင့်ကြည့် သုံးသပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Kheiron ပူးတွဲ ထူထောင်သူ ပီတာ ကက်စမက်သီ ကတော့ သူတို့ရဲ့ နည်းပညာကို ယူကေ နိုင်ငံအနှံ့က နိုင်ငံတော် ကျန်းမာရေး ဌာနခွဲ အရေအတွက် ၃၀ ကျော် က အသုံးပြုလာမှာ ဖြစ်ပြီး သန်းနဲ့ချီတဲ့လူတွေ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
အင်္ဂလန်နယ်က နိုင်ငံတော် ကျန်းမာရေးဌာနခွဲတွေကလည်း အေအိုင် အသုံးပြု ရင်သားကင်ဆာ စမ်းသပ်မှု လုပ်ဖို့ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်နေတဲ့အတွက် အေအိုင် နည်းပညာရဲ့ အခန်းကဏ္ဍက ဆက်လက် တွင်ကျယ်ဦးမယ့် အနေအထား ရှိနေပါတယ်။








