စက်တင်ဘာ ၃၀ ရက်ထိပ်တန်းသတင်းများ - CRSH နဲ့ သပိတ်ကော်မတီဝင်တွေ ဘာကြောင့်တွေ့ဆုံတာလဲ

CRSH နဲ့ သပိတ်ကော်မတီဝင်တွေ ဘာကြောင့်တွေ့ဆုံတာလဲ

ဓာတ်ပုံ ရင်းမြစ်, မုံရွာလူထုသပိတ်တိုက်ပွဲဦး‌ဆောင်ကော်မတီ

စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ CRSH ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း တို့နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲဦး‌ဆောင်ကော်မတီ၊ ယင်းမာပင် - ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့က ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး စစ်ကိုင်းတိုင်းကြားကာလ အစီအမံပေါ်ထွက်လာဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ စစ်ကိုင်းထဲက NUG ရဲ့ စိုးမိုးနယ်မြေတွေမှာ တိုင်းအဆင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ဖို့အပါအဝင် တိုင်းအဆင့် ကြားကာလ အစီအမံရေးဆွဲနိုင်အောင် စတင်ပြင်ဆင်တာဖြစ်ပြီး CRSH အနေနဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။

"စစ်ကိုင်းထဲက ရှမ်းနီ၊ နာဂ စတဲ့ အင်အားစုတွေပါ ပါဝင်ဖို့၊ နိုင်ငံရေးသဘောတူညီချက်တွေ ရဖို့ ကနဦး အဆင့်ပဲ ဖြစ်ပါတယ်။ကရင်နီပြည်လို ကြားကာလအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာဖို့တော့ အများကြီးလိုအပ်ပါသေးတယ်" လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦး‌ဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲ မြေပြင်မှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်းလည်း CRSH ကိုယ်စားလှယ်တွေဆီ ပွင့်ပွင့်လင်းလင်း တင်ပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ဒီဆွေးနွေးမှုကို စစ်ကိုင်းတိုင်းက မြေပြင်တနေရာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး CRSH အနေနဲ့ အခြားအင်အားစုတွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ၂၉ မြို့နယ်မှာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က မနှစ်ကတည်းက သတင်းထုတ်ပြန်ထားပါတယ်။

KNU ဥက္ကဋ္ဌဟောင်းနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံ

KNU ဥက္ကဋ္ဌဟောင်းနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

KNU ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ စောမူးတူးစေးဖိုးနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့‌ နေပြည်တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဒီကနေ့မှာ ဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

တွေ့ဆုံမှုကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲလို့ ‌ညွှန်းဆိုပြီး စောမူးတူးစေးဖိုးကို ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားပြုအနေနဲ့ မဖော်ပြဘဲ ကရင်တိုင်းရင်းသားခေါင်းဆောင် အဖြစ်သာ စစ်ကောင်စီက သုံးနှုန်းဖော်ပြထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတွေ့ဆုံမှုမှာ KNU ဗဟိုကော်မတီဝင်ဟောင်း‌ဖြစ်တဲ့ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေ‌‌မောင်းတို့ ပါဝင်ပြီး စစ်တပ်ဘက်ကတော့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်ပါတယ်။

လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုမှု ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို အဓိပ္ပါယ်လေးလေးနက်နက်နဲ့ ကျင်းပမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဖွင့်ပြောပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်တိုက် တွေ့ဆုံမှုတွေ လုပ်နေပါတယ်။

စစ်ရေးအခြေအနေမှာလည်း KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆက်တိုက်တင်းမာနေပါတယ်။ ဒါပေမဲ့ KNU တပ်မဟာ(၇) ဘားအံခရိုင်က NCA ကိုအခြေခံပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ့်အကြောင်း အခုလထဲမှာပဲ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်မှာကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ညီလာခံကနေ KNU ရဲ့ ဥက္ကဋ္ဌ အဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရပြီးနောက် KNU အတွင်း‌ ခေါင်းဆောင်အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ပြီးနောက် ရက်ပေါင်းတစ်ရာ အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာတော့ NCA အပစ်ရပ် စာချုပ် မရှိတော့ဘူးလို့ သဘောထား ထုတ်ပြောခဲ့ပါတယ်။

ငွေစက္ကူဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတွေ စစ်ကောင်စီ ဘယ်လိုတုံ့ပြန်လဲ

၅၀ ကျပ် တန် နဲ့ ၁၀၀ ကျပ် တန် တွေကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့မနက်မှာ ထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၅၀ ကျပ် တန် နဲ့ ၁၀၀ ကျပ် တန် တွေကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့မနက်မှာ ထွက်ပေါ်

၅၀ ကျပ် တန် နဲ့ ၁၀၀ ကျပ် တန် တွေကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ဒီကနေ့မနက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက် ဒီသတင်းတွေက အမှားတွေလို့ စစ်ကောင်စီက နာရီပိုင်းအတွင်း တုံ့ပြန်ပါတယ်။

‘’ဒီထုတ်ပြန်ချက်အတုတွေ ကျွန်တော်တို့လည်းတွေ့ပါတယ်။ မမှန်ပါဘူး။ အတုတွေပဲ ဖြစ်ပါတယ်။’’ လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

ငွေစက္ကူတွေကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပုဒ်မ ၃၆ (င) ကို ကိုးကားပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပုဒ်မ ၃၆ (င) ဟာ တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု လို့ ပြဋ္ဌာန်းထားပါတယ်။

တဆက်ထဲမှာပဲ ပုဒ်မ ၃၆ (ဃ) မှာ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုလို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီ အနေနဲ့ ဒီပြဋ္ဌာန်းချက် အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ကို လေးစားလိုက်နာသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းကာလမှာ ငွေစက္ကူဖျက်သိမ်းတာ နဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းယူတာတွေ ပြုလုပ်ခဲ့ဖူးတဲ့ သမိုင်းရှိခဲ့ဖူးလို့ ငွေစက္ကူဖျက်သိမ်းမယ့် သတင်းတွေ ထွက်တိုင်း အများပြည်တွေကြားမှာ အထိတ်တလန့် နဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။

ခြံအမှတ် ၅၄ နေအိမ် ကိစ္စ NUG သတိပေးစာထုတ်

ခြံအမှတ် ၅၄ နေအိမ် ကိစ္စ NUG သတိပေးစာထုတ်

ဓာတ်ပုံ ရင်းမြစ်, MC TRESSIN

ဓာတ်ပုံ ပုံစာ, နေအိမ်ရှေ့က စာရေးစားပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နေထိုင်ခဲ့ရတဲ့ ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံနံပါတ် ၅၄ နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သတိပေးချက် ထပ်မံထုတ်ပြန်လာပါတယ်။

ခြံနံပါတ် ၅၄ နေအိမ်နဲ့ မြေကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG က မနှစ်က သတ်မှတ်ခဲ့ပြီး ဒါတွေကို ရောင်းချ၊ ပိုင်ဆိုင်၊ ဖျက်ဆီးတာ မျိုးတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ဖို့ ကြိုးစားနေတာကို အချက်အလက်ခိုင်ခိုင်မာမာ ရရှိထားတယ်လို့ NUG က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဒါကြောင့် တားမြစ်ချက်တွေကို ဖောက်ဖျက်ဖို့ အားထုတ်သူအပါအဝင် အကြံပြုသူ၊ ခွင့်ပြုသူ၊ ကူညီအားပေးသူ၊ ပြင်ဆင်သူစတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ဥပဒေနဲ့ အရေးယူမယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကပါဝင် အတည်ပြုထားတဲ့ ယဉ်ကျေးမှု၊ သဘာဝအမွေအနှစ်တွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာကွန်ဗင်းရှင်းတွေ၊ အမွေ အနှစ်ဆိုင်ရာတည်ဆဲဥပဒေတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ဆက်စပ်ဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူမယ်လို့ NUG က ထုတ်ပြန်လာတာဖြစ်ပါတယ်။

ခြံအမှတ် ၅၄ ဟာ ‌ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးတွေဖြစ်တဲ့ ဦးအောင်ဆန်းဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ‌အမွေအမှု နှစ်ရှည် ဖြစ်ပွားခဲ့တဲ့နေအိမ်ဖြစ်ပါတယ်။

ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချမယ်ဆိုတဲ့ သတင်းကြောင့် အခုလိုကြေညာချက်ထုတ်တာလို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က လူထုနွေဦးကို ဖြေကြားထားပါတယ်။

ခြံအမှတ် ၅၄ နဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ အဆက်အသွယ်မရသေးပါဘူး။