တေလာဆွစ်ဖ်၊ အညှဉ်းပန်းခံ ကဗျာဆရာများ ဌာန အခွေ စပိုတီဖိုင်းမှာ စံချိန်တင်

music

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် တေးသံရှင် တေလာဆွစ်ဖ်
    • ရေးသားသူ, နူးနန်ဂျီး
    • ရာထူးတာဝန်, ယဉ်ကျေးမှု သတင်းထောက်

တေလာဆွစ်ဖ်ရဲ့ သီချင်းခွေသစ် အညှဉ်းပန်းခံ ကဗျာဆရာများ ဌာနဟာ စပိုတီဖိုင်း ဂီတဝက်ဆိုက်မှာ တရက်ထဲနဲ့ လူအများဆုံး နားဆင်တဲ့ စံချိန်ကျိုးသွားကြောင်း ဝက်ဆိုက်ဘက်က ပြောပါတယ်။

စပိုတီဖိုင်းမှာ တရက်ထဲ သီချင်းအများဆုံး နားဆင်ခံရတဲ့ အဆိုတော်လည်း ဖြစ်ခဲ့ပါတယ်။

သောကြာနေ့က ဖြန့်ချိတဲ့ ဒီခွေသစ်ကြောင့် ကမ္ဘာတလွှားက တေလာဆွစ်ဖ် ပရိသတ်တွေ အရူးအမူး ဖြစ်ခဲ့ကြပါတယ်။

ဒီမှာ သီချင်း ၃၁ ပုဒ်ပါပြီး တေလာဆွစ်ဖ်ရဲ့ အသည်းကွဲတဲ့အကြောင်းတွေ ပါကာ ရည်းစားဟောင်းတွေကို ဒေါသထွက်ကြောင်း ပြပုံရပါတယ်။

music

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တေလာဆွစ်ဖ်ရဲ့ သီချင်းခွေသစ် စပိုတီဖိုင်းမှာ စံချိန်ကျိုး

ဗြိတိန် စံတော်ချိန် မနက် ၅ နာရီ ပထမ သီချင်း ၁၆ ပုဒ်ကို ထုတ်လွှင့်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ နောက်ထပ် ၁၅ ပုဒ် ထွက်လာလို့ သူ့ပရိသတ်တွေ နားဆင်စရာ အများကြီး ရခဲ့သလို ဂီတ သတင်းထောက်တွေအတွက်လည်း အလုပ်ရှုပ်ခဲ့ရပါတယ်။

ဒီအခွေဟာ မရှောင်လွှဲနိုင်တဲ့ ခဏတာ ဖြစ်ရပ်တွေ၊ အထင်အမြင်တွေနဲ့ စိတ်ခံစားမှုတွေကို ထင်ဟပ်တဲ့ လက်ရာသစ်တွေ စုစည်းထားတာ ဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းသလို လွမ်းဆွေးစရာလည်း ဖြစ်တယ်လို့ တေလာဆွစ်ဖ်က ပြောပါတယ်။

သူ့ဘဝ တခန်း အပြီးသတ်ခဲ့ပြီလို့လည်း ကြေညာခဲ့ပါတယ်။

တခန်းရပ်ခဲ့ပါပြီ၊ ဘာမှ လက်စားချေစရာ မရှိသလို ဒဏ်ရာတွေ ကျက်တာနဲ့ ဘာမှ ဖြေရှင်းစရာလည်း မရှိပါဘူး၊ ဆွေးစရာ အကောင်းဆုံး အကြောင်းပြောပြီးတာနဲ့ ကျွန်မတို့ လွတ်မြောက်နိုင်ကြပါပြီလို့ ဆွစ်ဖ်က ပြောပါတယ်။

တေလာဆွစ်ဖ်က သူ့ရဲ့ ၁၁ ချပ်မြောက် သီချင်းခွေသစ် ထွက်မယ့်အကြောင်း ဖေဖော်ဝါရီလက ဂရမ်မီ ဆုပေးပွဲမှာ ကြေညာခဲ့ပါတယ်။

ဒီအခွေမှာ လန်ဒန်မှာ ရှည်ကြာ သီချင်းပါဝင်ပြီး သူ့ အရင်ရည်းစား ဗြိတိသျှသရုပ်ဆောင် မင်းသား ဂျိုးအယ်လ်ဝင်အကြောင်း ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အယ်လ်ဝင်နဲ့ ခြောက်နှစ်တွဲခဲ့တဲ့ ဆွစ်ဖ်က အယ်လ်ဝင်ရှိတဲ့ လန်ဒန်ကို ရွှေ့နေခဲ့ဖူးပါတယ်။

ဖေဖေ၊ သူ့ကို သမီး ချစ်တယ် ဆိုတဲ့ သီချင်းကလည်း ၁၉၇၅ အဖွဲ့က ဦးဆောင် အဆိုတော် မတ်တီ ဟီလီနဲ့ ဆွစ်ဖ်တို့ရဲ့ အတည်မပြုတဲ့ မနှစ်က အချစ်ဇာတ်လမ်းကို ဖော်ကျူးတယ်လို့ ယူဆကြပါတယ်။

music, women

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာတလွှားက တေလာဆွတ်ဖ် ပရိသတ်တချို့

အရင် ၂ နှစ်က အမေရိကန်မှာ ပထမသီတင်းပတ်မှာတင် ဓာတ်ပြား ၁.၆ သန်း ရောင်းခဲ့ရတဲ့ သန်းခေါင်ယံညများ အခွေနောက်မှာ ဒီအခွေသစ်ကို ထုတ်ဝေခဲ့တာပါ။

ဒီအခွေမှာ ပဋိ-သူရဲကောင်း၊ ရတနာစီခြယ်နဲ့ ကံတရားသီချင်းတွေ ပါဝင်ပြီး အဲဒီနှစ် ဂရမ်မီ ဆုပေးပွဲမှာ အခွေဆု ရခဲ့ပါတယ်။ ဒါကြောင့် တေလာဆွစ်ဖ်လည်း ဒီဆုကို လေးခါရတဲ့ ပထမဆုံးသူ ဖြစ်လာပါတယ်။

ဒီသီချင်းခွေ ထွက်လာတာဟာ ဆွစ်ဖ်ပရိသတ်တွေကြားမှာ ရိုက်ခတ်ခဲ့ပြီး ဒီနွေ ဥရောပမှာ ဆိုမယ့် သူ့ရဲ့ ခေတ်ကာလများ ရှိုးပွဲမှာလည်း သီချင်းသစ်တွေ ပါလာမှာ ဖြစ်ပါတယ်။

တေလာဆွစ်ဖ် ဆိုခဲ့တဲ့ အရင်သီချင်းခွေ ဆယ်ခွေက တေးတွေကိုလည်း ဖျော်ဖြေပွဲတွေမှာ သီဆိုခဲ့ပြီး သုံးနာရီကျော် ကြာခဲ့ပါတယ်။

တေလာဆွစ်ဖ်ကို ဘီလျံနာ သူဌေးအဖြစ်ဖို့ဘ်မဂ္ဂဇင်းက ဒီလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

music

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူထောင်ချီ ကြည့်တဲ့ ကပွဲရုံကြီးတွေမှာ ဖျော်ဖြေခဲ့