NLD အမာခံတချို့ ထုတ်ပယ်ခံရမှုနဲ့ ပါတီတွင်း အကွဲအပြဲများ

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးဖြိုးမင်းသိန်းအပါအဝင် NLD ဗဟိုကော်မတီဝင် သုံးဦးကို ပါတီက ထုတ်ပယ်တယ်ဆိုပြီး ကြေညာတာ တရားမဝင်ဘူးလို့ တုံ့ပြန်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင် သုံးဦးကို ပါတီက ထုတ်ပယ်လိုက်တယ်ဆိုတာဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ တရားမဝင်ဘူးလို့ ပါတီကနေ ထုတ်ပယ်ခံလိုက်ရသူတစ်ဦးဖြစ်တတဲ့ ဦးတိုးလွင်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာတာမရှိတဲ့အပြင် ပါတီရဲ့ ရပ်တည်ချက်တွေကို ဆန့်ကျင်နေတယ်လို့ဆိုပြီး NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းအပါအဝင် ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

ပါတီရဲ့ ထုတ်ပယ်ခံထားရသူတွေထဲမှာ ပါတဲ့ ဦးတိုးလွင်ကတော့ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဟာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါအဝင် ဗဟိုအလုပ်အမှုဆောင် အားလုံးနီးပါး ဖမ်းဆီးခံထားရချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့အတွက် ပါတီ စည်းမျဥ်းအရ တရားမဝင်သလို သူတို့ကို ပါတီကနေ ထုတ်ပယ်တာဟာလည်း တရားမဝင်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တုံ့ပြန်ရေးသားထားပါတယ်။

ဒီကော်မတီဖွဲ့စည်းတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်မခံသလို တာဝန်လည်း မယူဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က ရှေ့နေတွေကတဆင့် ပြောထားဖူးတဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

လူထုထောက်ခံမှု အများဆုံး ရထားတဲ့ NLD ပါတီဝင်တွေကြား စစ်အာဏာသိမ်းပြီးတဲ့နောက် သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ကြားက အခုလိုအပြန်အလှန် တုံ့ပြန်နေကြတာကြောင့် ပါတီထောက်ခံသူတွေကြားဒီကိစ္စဟာ အငြင်းပွားစရာတစ်ခု ဖြစ်လာပါတယ်။

လက်ရှိ NLD ပါတီပြောခွင့်ရ ဦးကျော်ထွေး‌ကတော့ ပါတီရဲ့ ရပ်တည်ချက်နဲ့အညီ အခုလို လုပ်တာလို့ ဘီဘီစီကို ပြောပါတယ်။

“ဒီလေးယောက်ကို ထုတ်လိုက်လို့ ပါတီတွင်း စည်းလုံးညီညွတ်မှုဟာ ထိခိုက်စရာ ဘာမှမရှိပါဘူး။ အဖွဲ့အစည်းတိုင်းမှာတော့ သဘောထား ကွဲလွဲမှုက ရှိနိုင်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ပါတီရဲ့ စတင်ဖွဲ့စည်းကတည်းက မူလရည်ရွယ်ချက် ၅ ရပ်မှာလည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အညီပဲ ဖြစ်ရမယ်။ ပြည်သူတွေရဲ့ ညီညွတ်မှုကိုပဲ အခြေခံရမယ်ဆိုတာ အတိအလင်း ဖော်ပြထားပြီးသားပါ။ ပါတီရဲ့ ရည်ရွယ်ချက်တွေကို ဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် ပါတီဝင်အဖြစ်ကို မထားသင့်တော့လို့ ဆောင်ရွက်ရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။

NLD ပါတီ အလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပါတီဝင်တချို့ဟာ စစ်ကောင်စီရဲ့ အလိုအတိုင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေပြီး ပါတီရဲ့ နာမည်ကို အလွဲသုံးစားလုပ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ ရေးသားထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက်ဆိုမှုတွေနဲ့ ပါတီရဲ့ မူဝါဒတွေကို ဆန့်ကျင်လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပါတီဝင်တွေရဲ့ တောင်းဆိုချက်အရ အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပါတီက ပေးအပ်ထားတဲ့ တာဝန်တွေ ရပ်ဆိုင်းခံရတဲ့အပြင် ပါတီဝင်အဖြစ်ကနေ အပြီးအပိုင် ထုတ်ပယ်ခံရတယ်ဆိုတဲ့ လေးဦးနဲ့ တုံ့ပြန်မှုကို ရဖို့ ဘီဘီစီက ဆက်လက်ကြိုးစားနေပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ ပါတီတွင်းလက်ရှိအခြေအနေဟာ ပါတီအကွဲအပြဲကို ဦးတည်နိုင်တာမျိုး မတွေ့ရသေးဘူးလို့ သုံးသပ်ကြပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံ‌ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ မှတ်ပုံတင်၊ မတင်ပေါ် မူတည်ပြီး ပါတီဖျက်သိမ်းခံရနိုင်ကြောင်းကို လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ ဦးရဲထွန်းက အခုလို ထောက်ပြပါတယ်။

“ထွက်လာတဲ့ ကြေညာချက်ဟာ ဘယ်သူက တာဝန်ယူပြီး ရေးတာလဲ။ ခေါင်းဆောင်မှု ဘယ်နှယောက်ကို ကိုယ်စားပြုသလဲဆိုတာ မရှင်းဘူး။ ထူးထူးခြားခြား မှတ်ချက်တော့ မပေးချင်ဘူး။ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပါတီအဟောင်းတွေက ပြန်မှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ပေါ့နော်။ ပြန်ပြီးတော့ မှတ်ပုံမတင်ဘူးဆိုရင် အလိုလို ဖျက်သိမ်းပြီးသား ဖြစ်တယ်လို့ မှတ်ယူရမယ်လို့ အဲဒီလို သတ်မှတ်ထားတာ ရှိတယ်” လို့ ဆိုပါတယ်။

NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၈၀ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့ပေမဲ့ စစ်အာဏာအသိမ်းခံခဲ့ရပြီး ပါတီဝင် ၆၄၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အားလုံး ဖမ်းဆီးခံထားရစဥ်အတွင်း ပါတီရဲ့ အခြေခံ မူဝါဒတွေ၊ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်အလက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့၊ ပါတီတွင်း လုပ်ငန်းစဥ်တွေကို ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်တွင်း ပြည်ပ ဆက်ဆံရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုအလုပ်ကော်မတီကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးအောင်ကြည်ညွှန့်၊ ဦးတင်ထွဋ်ဦးတို့က ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီကော်မတီဖွဲ့စည်းပြီးနောက်ပိုင်း NLD ပါတီနဲ့ သက်ဆိုင်တဲ့ ထုတ်ပြန်ချက်တွေ၊ သဘောထား သ၀ဏ်လွှာတွေကို ပါတီရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေ ဆက်တိုက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပါတီက အထုတ်ပယ်ခံလိိုက်ရတဲ့ ဦးတိုးလွင်

ဓာတ်ပုံ ရင်းမြစ်, Toe Lwin Fb

ဓာတ်ပုံ ပုံစာ, ထုတ်ပယ်ခံရတယ်ဆိုတာကို တုံ့ပြန်ဖြေရှင်းလာတဲ့ ဦးတိုးလွင်

ဒါပေမဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို မကျင်းပနိုင်ဘဲ ပြည်ပအခြေစိုက် ဗဟိုအလုပ်ကော်မတီကနေ အခုလို လုပ်ပိုင်ခွင့်မရှိသလို ဒါဟာ ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဥ်းနဲ့ လုပ်ထုံးလုပ်နည်းမှာ မရှိဘူးလို့ ဦးတိုးလွင်က ဆိုပါတယ်။

ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်ဆိုတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သက်သေထွက်ဆိုခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာသုံးခဲ့မှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) နဲ့ သူ့အပေါ် စွဲဆိုထားတဲ့ အမှုအတွက် စစ်ကောင်စီက ငွေဒဏ် တသိန်းသာ ဒဏ်တပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့လို့ NLD အစိုးရလက်ထက် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတွေထဲမှာ ထောင်ကျမခံရတဲ့ တဦးတည်းသော ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ဖူးသူ ဒေါ်စန္ဒာမင်းကတော့ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရမှု မရှိခဲ့ဘဲ ရန်ကုန်က ပါတီဌာနချုပ်ရုံးရဲ့ ရုံးပိုင်းဆိုင်ရာ ထိန်းသိမ်းဆောင်ရွက်မှုတချို့ကို လုပ်ဆောင်ခဲ့တာတွေ ရှိပြီး စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်တယ်ဆိုတဲ့ သတင်းတွေ၊ ပါတီရုံး ပြန်ဖွင့်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ဖူးပြီး ဒါတွေ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲ မဲမသမာမှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းဖို့ ကြိုးစားနေပေမဲ့ NLD ပါတီကို အာဏာတွေ၊ အမိန့်တွေနဲ့ ပယ်ဖျက်လို့ မရဘူးလို့ ဦးအောင်ကြည်ညွန့်က ဘီဘီစီကို တုံ့ပြန်ပြောဆိုထားဖူးပါတယ်။

NLD ပါတီ ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, NLD FB

ဓာတ်ပုံ ပုံစာ, NLD ပါတီ ထုတ်ပြန်ချက်
NLD ပါတီ ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, NLD FB

ဓာတ်ပုံ ပုံစာ, NLD ပါတီ ထုတ်ပြန်ချက်