ဧပြီ ၆ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်
မိုးမောက်မြို့က စစ်တပ်စခန်းတစ်ခုကို KIA/PDF သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ ဧပြီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဘီဘီစီကို ပေးပို့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မြေပြင်မှာ လဲကျသေဆုံးနေတာကို တွေ့ရပြီး KIA တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနေတာကို တွေ့ရပါတယ်။
တိုက်ပွဲပြီးတဲ့နောက် ကျောက်စခန်းရွာအနီးက ဒေသအခေါ် ဆုတောင်းတောင်ကုန်းပေါ်က စစ်တပ်စခန်းကို ထပ်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့ ဟန်ထက်ရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း ဧပြီ ၅ ရက်မှာပဲ KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။
စစ်ကောင်စီကတော့ ကချင်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြဝတီမြို့ အခြေအနေ ဘယ်လိုရှိနေလဲ

ဓာတ်ပုံ ရင်းမြစ်, ကရင်အမျိုးသားမီဒီယာ
မြဝတီရဲ့ မြို့စောင့်တပ်စခန်းတွေဖြစ်တဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း (ခလရ-၂၇၅) နဲ့ လေးကေကော်အမြောက်ကုန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ ပြည့်သူကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ဧပြီ ၆ ရက် နေ့လည်ပိုင်းမှာ ဝိုင်းရံပိတ်ဆို့ထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီတပ်စခန်း ၂ ခုကို KNLA/PDF က ပိတ်ဆို့ထားပြီး လက်နက်ချဖို့ ညှိနှိုင်းနေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
သင်္ဃန်းညီနောင်မြို့နယ်ထဲက စစ်ကောင်စီတပ်ဗျူဟာကုန်းအပါအဝင် ခြေမြန်တပ်ရင်း (ခလရ-၃၅၇) ကို KNLA/PDF ပူးပေါင်းအဖွဲ့တွေ ဧပြီ ၅ ရက်ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မြဝတီမြို့ပေါ်ကနေ ၃ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတဲ့ ခလရ-၂၇၅ ကို ဝန်းရံပိတ်ဆို့လိုက်တာပဲဖြစ်ပါတယ်။
ခလရ-၂၇၉ ကို သိမ်းပိုက်လိုက်ပြီလို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ဘီဘီစီ က KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက မေးမြန်းခဲ့ပေမယ့် သတင်းမထုတ်ပြန်သေးဘူးလို့ အဖြေပေးပါတယ်။
ဒီနေ့မနက်ပိုင်းကစလို့ မြဝတီမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး တစ်မြို့လုံးနီးပါးအဆက်အသွယ်ပြတ်တောက်နေတာဖြစ်ပါတယ်။
မြဝတီက အင်တာနက်လိုင်း ရှားရှားပါးပါးရနေသူတချို့ နဲ့ ဘီဘီစီက အဆက်အသွယ်ရခဲ့ပြီး မြို့ထဲမှာလူအသွားအလာ နည်းပါးနေတယ် လို့ ပြောပါတယ်။
မန္တလေးလဝကရုံး လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CINCDS
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနရုံး လက်လုပ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီက မနေ့ ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ရုံးအတွင်းမှာရှိတဲ့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးပြီး ဝန်ထမ်း ၄ ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဗုံးစထိမှန်ဒဏ်ရာရတဲ့သူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။
ကျွဲဆည်ကန် ၁ လမ်းနဲ့ ရန်ကုန်-မန္တလေး လမ်းမကြီးထောင့်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး ပစ်ခတ်ခံရမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ဆိုင်ကယ်တစ်စီးပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
မံစီမြို့က စစ်တပ်စခန်းတစ်ခုကို KIA/PDF သိမ်း

ဓာတ်ပုံ ရင်းမြစ်, Myu Tsaw Kasa
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗန်းမော်-မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့တို့ ဧပြီ ၅ ရက်မှာ သိမ်းပိုက်ခဲ့တယ်လို့ PDF ဘက်က ဘီဘီစီကို ပြောပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့ ဟန်ထက်ရွာမှာအခြေစိုက်တဲ့ အဲဒီစခန်းကို ဧပြီ ၃ ရက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၂ ရက်ကျော်ကြာတိုက်ခိုက်ပြီးမှ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
မံစီမြို့နယ်၊ မံဝိန်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဂိတ်တွေအပါအဝင် ပလောင်ဒိန်ဆာ တပ်စခန်းကုန်းနဲ့ စီခမ်းကြီးရွာအခြေစိုက် တပ်စခန်းတွေကို KIA/PDF အဖွဲ့တွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကစပြီး တစ်ပြိုင်တည်းထိုးစစ် စတင်ခဲ့တဲ့ ဗန်းမော်-မြစ်ကြီးနားကားလမ်းတစ်လျှောက်က စစ်တပ်စခန်းပေါင်း ၅၀ ကျော်ကိုလည်း သိမ်းထားနိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောထားပါတယ်။
တစ်ဖက်မှာလည်း စစ်ရေးအရအရေးပါတဲ့ ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်က စိန်လုံတောင်တပ်စခန်းကို ဧပြီ ၁ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နဲ့နယ်စပ်ကုန်သွယ်မှုရှိတဲ့ မိုးမောက်မြို့နယ်ထဲက လွယ်ဂျယ်မြို့မှာလည်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးတွေကို KIA က ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီကတော့ ကချင်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဘူးသီးတောင်တပ်ရင်းဌာနချုပ်ကို အေအေသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းဌာနချုပ် (ခမရ-၅၆၄) ကို ဧပြီ ၅ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရအရေးပါတဲ့ အဲဒီတပ်ရင်းဌာနချုပ်ကို အေအေက ဧပြီ ၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်မြောက်ေန့မှာ သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ အေအေက ပြောပါတယ်။
စခန်းသိမ်းပိုက်ပြီးနောက် အေအေဘက်က လက်နက်ခဲယမ်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘူးသီးတောင်မြို့အေခြစိုက် ခြေမြန်တပ်ရင်း(ခမရ-၅၅၂) နဲ့ တောင်ဘဇာ စခန်းတွေကို အေအေက ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ခမရ-၅၂၂ ကို တစ်လကျော်ကြာ တိုက်ယူခဲ့ရပါတယ်။
စစ်ကောင်စီကတော့ ဘူးသီးတောင်မြို့က တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အေအေကတော့ မောင်တော၊ကြိမ်ချောင်းစခန်းကို အပြီးသတ်သိမ်းယူဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။








