ဒုတိယမြောက်အဲလစ်ဇဘက် ဘုရင်မကြီး- စက်တင်ဘာ ၁၉ ရက်နိုင်ငံတော် စျာပနနဲ့ နေ့အလိုက် အစီအစဥ်များ

 ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

 ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ နိဗ္ဗာန်ယာဉ်ဟာ သူ ပြီးခဲတဲ့ ကြာသပတေးနေ့က နတ်ရွာစံခဲ့တဲ့ ဘယ်မော်ရယ်ရဲတိုက်ကြီးရဲ့ ဂိတ်ပေါက် တံခါးတွေကနေ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ စတင်ထွက်ခွာလာပြီဖြစ်ပါတယ်။

အဲဒီကနေ စကော့တလန်မြို့တော် အီဒင်ဘာရာကို မိုင် ၁၇၀ ကျော် ၆ နာရီကြာခရီး စတင်ထွက်ခွာလာတာလည်း ဖြစ်ပါတယ်။

နိဗ္ဗာန်ယာဉ် မှန်တံခါးက တစ်ဆင့်မြင်ရတာကတော့ ဘုရင်မကြီးနှစ်သက်တဲ့ အဖြူရောင်ဟက်သာပန်း ဒေလီယာပန်းတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းခွေတစ်ခုကို ခေါင်းတလားပေါ်မှာ တင်ထားတာကို တွေ့မြင်ရပါတယ်။

ဘုရင့်မကြီးရုပ်အလောင်းကို သယ်လာတဲ့ နိဗ္ဗာယာဥ် ယာဉ်တန်း ဒုတိယကားမှာတော့ ဘုရင်မကြီးရဲ့သမီးတော် အန်းမင်းသမီးနဲ့ သူရဲ့ ခင်ပွန်းဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဆာတင်လောရန့် တို့လိုက်ပါလာကြတာဖြစ်ပါတယ်။

နိဗ္ဗာန်ယာဉ်တန်းဖြတ်သန်းလာခဲ့တဲ့ မြို့ရွာတွေမှာတော့ ရာနဲ့ချီတဲ့လူတွေဟာ ယာဉ်တန်းလာချိန်ကို စောင့်ဆိုင်းပြီးဂါရဝပြုကြတာကို တွေ့ရပါတယ်။

ဘုရင်မကြီးရဲ့ စျာပနကို လာမယ့် စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး စျာပနမတိုင်ခင်အထိ ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝက်မင်န်စတာ ခန်းမမှာ လေးရက်ကြာ ထားရှိမှာဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာ ပြည်သူတွေအနေနဲ့ ဘုရင်မကြီးရုပ်အလောင်းကို လာရောက် ဂါရဝပြုနိုင်မှာဖြစ်ပါတယ်။

အဲဒီမတိုင်ခင်မှာတော့ ဘုရင်မကြီး ခေါင်းတလားကို လာမယ့် တနင်္လာနေ့၊ စက်တင်ဘာလ ၁၂ ရက်မှာ စကော့တလန်မြို့တော် အီဒင်ဘာရာမှာရှိတဲ့ စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းကြီးမှာ ၂၄ နာရီကြာထားမှာဖြစ်လို့ လူထုအနေနဲ့ လာရောက် ဂါရဝပြုနိုင်မှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၁ရက်

no tag

ဒုတိယမြောက်အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းတင်ထားတဲ့ နိဗ္ဗာယာဉ်တန်းဟာ အစောင့်အရှောက် အခြံအရံတွေနဲ့ ဘယ်မော်ရယ်ရဲတိုက်ကြီးကနေ မနက် ၁၀ နာရီမှာ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

လမ်းတလျှောက်ဂါရဝပြုနိုင်ဖို့အတွက် ၁၇၅ မိုင်အကွာမှာရှိတဲ့ စကော့တလန်မြို့တော် အီဒင်ဘာရာကို ရောက်အောင် ခပ်ဖြည်းဖြည်းမောင်းနှင်လာမှာဖြစ်ပါတယ်။

အီဒင်ဘာရာ မရောက်ခင် အယ်ဘာဒင်း ၊ ဒန်ဒီ ၊ ပါသ့် စတဲ့မြို့တွေကိုဖြတ်သန်းသွားမှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ‌ရုပ်အလောင်းကို သယ်လာတဲ့နိဗ္ဗာန်ယာဥ်ဟာ အီဒင်ဘာရာမြို့တော်ကို ရောက်မလာမီဗြိတိသျှဘုရင်တွေ စံမြန်းလေ့ရှိတဲ့ ဟိုလီရော့ဟောက်စ် နန်းတော်မှာ ညအိပ် ရပ်နားမှာဖြစ်ပါတယ်။

လန်ဒန်မြို့မှာတော့ တတိယမြောက်ချားလ်စ်ဘုရင်ဟာ ဘက်ကင်ဟမ် နန်းတော်မှာ ဓနသဟာယ နိုင်ငံများအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဖို့ရှိပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ သူ့အကြီးအကဲ နိုင်ငံဥသျှောင်အဖြစ်တာဝန်ယူနေတဲ့ ဓနသဟာယနိုင်ငံတွေက ကော်မရှင်နာမင်းကြီးတွေနဲ့ကိုလည်း လက်ခံတွေ့ဆုံဖို့ရှိနေပါတယ်။

စက်တင်ဘာလ ၁၂ ရက်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တတိယမြောက် ချားလ်စ် ဘုရင်ဟာ လန်ဒန်မြို့ ဝက်စမင်န်စတာ ခန်းမကြီးကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ ယူကေ ပါလီမန်နှစ်ရပ်စလုံးက တာဝန်ရှိသူတွေက ဝမ်းနည်းကြေကွဲပြီးစာနာထောက်ထားကြောင်း လာရောက်တွေ့ဆုံ ပြောကြားကြတာကို လက်ခံတွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက် ချားလ်စ် ဘုရင်ဟာ ကြင်ရာတော် မိဖုရား ကမီလာနဲ့ အတူ စကော့တလန်နိုင်ငံမြို့တော် အီဒင်ဘာရာကို လေယာဉ်နဲ့သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဥ်ဟာ ယူကေမှာပါဝင်နေတဲ့ နိုင်ငံလေးနိုင်ကို သူ့အနေအနဲ့ ဘုရင်အဖြစ် ပထမဆုံးအကြိမ် ခရီးထွက်တာလည်းဖြစ်ပါတယ်။

မွန်းလွဲပိုင်းမှာ ဒုတိယမြောက်အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို ဘုရင်နဲ့ တော်ဝင်မိသားစုဝင်တွေက လိုက်ပါခြံရံပြီး စိန့်ဂျိုင်းလ်စ်ဘုရားရှိခိုးကျောင်း ကို စီတန်းလှည့်လည်ပြီး ပို့ဆောင်ကြမှာ ဖြစ်ပါတယ်။

ဘုရင်မကြီးရုပ်အလောင်းကို အဲဒီဘုရားကျောင်းမှာ ၂၄ နာရီထားရှိမှာဖြစ်ပြီးတော့ လူထုအနေနဲ့လာရောက်ဂါဝရပြုနိုင်မှာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘုရင်မကြီးအတွက် ဘုရားကျောင်းအတွင်း အောက်မေ့ဖွယ် အခမ်းအနား တွေလည်း ပြုလုပ်နေမှာဖြစ်ပါတယ်။

အဲဒီနောက် ချားလ်စ် ဘုရင်ဟာ စကော့တလန်က ဟိုလီရော့ဟောက်စ် နန်းတော်ကို ရောက်ရှိလာမှာဖြစ်ပြီးတော့ အဲဒီမှာ စကော့တလန်ဝန်ကြီးချုပ် နီကိုလပ်စ် စတာဂျင်နဲ့ အတူ ဧည့်ပရိတ်သတ်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

စကော့တလန်နိုင်ငံ ဒန်ဒီမြို့မှာ ဘုရင်မကြီး ရုပ်အလောင်းသယ်လာတဲ့နိဗ္ဗာန်ယာဉ်တန်း ကိုစောင့်နေကြသူများ
ဓာတ်ပုံ ပုံစာ, စကော့တလန်နိုင်ငံ ဒန်ဒီမြို့မှာ ဘုရင်မကြီး ရုပ်အလောင်းသယ်လာတဲ့နိဗ္ဗာန်ယာဉ်တန်း ကိုစောင့်နေကြသူများ

စက်တင်ဘာလ ၁၃ ရက်

 ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ တစ်ဦးတည်းသော သမီးတော်ဖြစ်သူ အန်းမင်းသမီးဟာ တော်ဝင်မင်းသမီးတွေနဲ့အတူ ဘုရင်မကြီးရုပ်အလောင်းထည့်ထားတဲ့ ခေါင်းတလားကို စိန့်ဂျိုင်းလ်စ် ဘုရားရှိခိုးကျောင်းကနေ အီဒင်ဘာရာလေဆိပ်ကို ပို့ဆောင်မှာဖြစ်ပြီး အဲဒီကနေ လေယာဉ်နဲ နော့ဟိုးလေတပ်အခြေစိုက် စခန်းကို သယ်ဆောင်မှာဖြစ်ပါတယ်။

ဘုရင်မကြီး ရုပ်အလောင်းရဲ့ စကော့တလန်ကနေ လန်ဒန်နောက် ခရီးကတော့ ဒေသစံတော်ချိန် ည ၇ နာရီမှာ လန်ဒန်မြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

အဲ့ဒီကနေ လန်ဒန်မြို့ ဘက်ကင်ဟမ် နန်းတော်ကို သယ်ဆောင်လာမှာဖြစ်ပြီးတော့ ဘက်ကင်ဟမ်နန်းတော်ကို ရုပ်အလောင်းရောက်ရှိလာချိန်မှာ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော်တို့က အသင့်ရောက်ရှိနေကြမှာဖြစ်ပြီး အဲ့နောက် ဂါရဝါပြုတဲ့ခန်းမမှာ ရုပ်အလောင်းကို ထားရှိမှာဖြစ်ပါတယ်။

အဲဒီမတိုင်မီ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ မြောက်ပိုင်းအိုင်ယာလန် ဘဲလ်ဖတ်စ် မြို့ကိုသွားရောက်ကြမှာဖြစ်ပြီး အဲ့ဒီက ဟေးဘရော့ ရဲတိုက် မှာ ခင်းကျင်းပြသမယ့် ဘုရင်မကြီးနဲ့ မြောက်ပိုင်းအိုင်ယာလန် တို့ကြား နှစ်ပေါင်းရှည်ကြာယှဥ်တွဲနေထိုင်ခဲ့ကြတဲ့ မှတ်တမ်းပြပွဲကိုကြည့်ရှုကြမှာလည်း ဖြစ်ပါတယ်။

ဒါအပြင် ချားလ်စ်ဘုရင်ဟာ မြောက်ပိုင်းအိုင်ယာလန်ဝန်ကြီးချုပ်နဲ့ အတူ ပါတီခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။ တစ်ဆက်တည်းမှာ မြောက်ပိုင်းအိုင်ယာလန် လွှတ်တော်ဥက္ကဋ္ဌ ရဲ့ ဝမ်းနည်းပြီး စာနာထောက်ထားကြောင်း သဝဏ်လွှာကို လက်ခံမှာလည်းဖြစ်ပါတယ်။

အဲဒီနောက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် လန်ဒန်ကို မပြန်မီ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် ကမီလာတို့ဟာ စိန့်အန်း ဘုရားကျောင်းမှာ ကျင်းပမယ့် ဆုတောင်းပွဲကို တက်ရောက်ကြမှာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၁၄ ရက်

ဒုတိယမြောက်အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းဟာ စီတန်းလှည့်လည်ပြီး ဘက်ကင်ဟမ်နန်းတော်ကနေ ဝက်စမင်န်စတာ ခန်းမကြီးကို နေ့လယ် ၂ နာရီမှာ ရောက်ရှိမှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ရုပ်အလောင်းကို ဘုရင့် တော်ဝင်မြင်းတပ် နဲ့အမြောက်ရထားပေါ်မှာ သယ်ဆောင်သွားမှာဖြစ်ပြီးတော့ တော်ဝင်မိသားစုတွေနဲ့ အရာရှိ အရာခံ တပ်သားတွေက စစ်ရေးပြအခမ်းအနားပုံစံ ခြံရံပြီးလိုက်ပါကြမှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ရုပ်အလောင်းနောက်မှာ ချားလ်စ်ဘုရင်ကလိုက်ပါမှာဖြစ်ပြီးတော့ အဲဒီနောက်တော်ဝင်မိသားစုတွေက တော်ဝင်အစီအစဥ် အဆင့်လိုက် လိုက်ပါကြမှာဖြစ်ပါတယ်။

အခုလို စီတန်းလှည့်လည်ပြီး သယ်ဆောင်လာမှုကို Queen's Gardens၊ The Mall၊ Horse Guards and Horse Guards Arch၊ Whitehall၊ ပါလီမန်လမ်း၊ ပါလီမန်ရင်ပြင် တို့တစ်လျှောက် ကနေပြီး လူအများကကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီခရီးစဥ်က မိနစ် ၄၀ ကြာမြင့်မှာဖြစ်ပြီးတော့ ကြည့်ရှုနိုင်ဖို့အတွက် တီဗီ စခရင်ကြီးတွေကို တော်ဝင်ပန်းခြံတွေမှာ တပ်ဆင်ထားမှာလည်းဖြစ်ပါတယ်။

ရုပ်အလောင်းဟာ ဝက်စမင်န်စတာ ခန်းမကို ရောက်ရှိလာချိန်မှာ ကျောက်မျက်စီခြယ်စက်လုံး ရွေသားအတိပြီးတောင်ဝှေး Imperial state သရဖူတို့ကို ခေါင်းတလားပေါ်မှာ ထားရှိသွားမှာလည်းဖြစ်ပါတယ်။

ဒါအပြင် နန်းတော် အစောင့်တပ်ဖွဲ့က အစောင့်စစ်သားတွေကလည်း ၂၄ နာရီပတ်လုံးစောင့်ကြပ်သွားမှာ ဖြစ်ပါတယ်။

ဒီခန်းမမှာ ထားတဲ့ ဘုရင်မကြီး ရုပ်အလောင်းကို အများပြည်သူလာရောက် ဂါရဝပြုခွင့် မပေးမီမှာ ကန်တာဘူရီ ဂိုဏ်းချုပ်ဆရာတော်နဲ့ ချားလ်စ်ဘုရင်အပါအဝင် တော်ဝင်မိသားစုတွေဟာ ဝတ်ပြုဆုတောင်းမှုပြုလုပ်ဖို့လည်း ရှိပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Reuters

 စက်တင်ဘာလ ၁၅ ရက်

ဝက်စမင်န်စတာ ခန်းမကြီးမှာ နိုင်ငံတော်စျပနာ အခမ်းအနားမကျင်းပမီ ဘုရင်မကြီး ရုပ်အလောင်း ထားရှိမယ့် ၄ ရက်မြောက်နေရဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။

ပိတ်ထားတဲ့ ရုပ်အလောင်းခေါင်းတလားကို အများပြည်သူတွေ ဂါရဝပြုနိုင်ဖို့အတွက် ထားရှိမှာဖြစ်ပါတယ်။

ဝက်စမင်န်စတာ ခန်းမကြီးကို လာပြီး ဂါရဝပြုဖို့ လူတွေဘယ်လို လာရောက်လို့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာထုတ်ပြန်သွားဖို့ရှိပြီး ဗြိတိသျှတို့အထွတ်အမြတ်ထားရာ ၁၁ ရာစုခေတ်က ရှေးအကျဆုံးအဆောက်အအုံ ဖြစ်တဲ့ ဝက်စမင်န်စတာနန်းတော်ရဲ့ ခန်းမမှာ ဘုရင်မကြီးကို သိန်းနဲ့ချီတဲ့လူတွေ ဂါရဝပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

စက်တင်ဘာလ ၁၆ ရက်

ဒုတိမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ရုပ်အလောင်းဟာ ဝက်စမင်န်စတာခန်းမကြီးမှာ ဂါရဝပြုသူတွေအတွက် ဒုတိယမြောက်နေ့အဖြစ်ထားရှိမှာ ဖြစ်ပါတယ်။

ချားလ်စ်ဘုရင်နဲ့ ကြင်ရာတော် ကမီလာတို့ဟာ ဝေလနယ်ကို ခရီးထွက်မှာဖြစ်ပြီးတော့ ဘုရင်အဖြစ်ထီးနန်းဆက်ခံပြီး ယူကေ လေးနိုင်ငံ ပထမဆုံးခရီးစဥ်ရဲ့ အဆုံးသတ်ခရီးစဥ်လည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်

ဒုတိမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ရုပ်အလောင်းဟာ ဝက်စမင်န်စတာခန်းမကြီးမှာ ဂါရဝပြုသူတွေအတွက် တတိယမြောက်နေ့အဖြစ် ထားရှိမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်

ဒုတိမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ရုပ်အလောင်းဟာ ဝက်စမင်န်စတာခန်းမကြီးမှာ ဂါရဝပြုသူတွေအတွက် စတုတ္တမြောက်နေ့အဖြစ် ထားရှိမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၉ ရက်

အများပြည်သူ ရုံးပိတ်ရက်ဖြစ် သတ်မှတ်ထားပါတယ်။

မနက်ပိုင်းမှာ ဒုတိမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ရုပ်အလောင်းဟာ ဝက်စမင်န်စတာခန်းမကြီးကနေ ဝက်စမင်န်စတာ ဘုရားကျောင်းကို သယ်ဆောင်ပြီး နိုင်ငံတော်စျာပန ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။

 ဒီအခမ်းနားကို တော်ဝင်မိသားစုဝင်တွေ ယူကေက ဝါရင့်နိုင်ငံရေးသမားတွေ နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

အခမ်းအနား အပြီးမှာတော့ ဒုတိယမြောက် အဲလစ်ဇဘတ်ဘုရင်မကြီး ရုပ်အလောင်းဟာ ဝက်စမင်န်စတာ ဘုရားရှိခိုးကျောင်းကနေ ဝယ်လင်တန် မုခ်ဦးကို စီတန်းလှည့်လည်မှာဖြစ်ပြီး အဲဒီကနေ ဝင်ဆာရဲတိုက်ကို သယ်ယူမှာလည်းဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ခေါင်းတလားကို သူ့ရဲ့ နောက်ဆုံးခရီးစဥ်ဖြစ်တဲ့ ဝင်ဆာရဲတိုက်ထဲက စိန့်ဂျော့ချ် ဘုရားကျောင်းကို သယ်ဆောင်မှာ ဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ခေါင်းတလားကို စိန့်ဂျော့်ချ်ဘုရားကျောင်းထဲက ဆဋ္ဌမမြောက် ဂျော့်ချ်ဘုရင် အောက်မေ့ဖွယ် ကျောင်းဆောင်ထဲမှာ မမြှုပ်နှံခင်မှာ မြှုပ်နှံထားရှိမယ့် ခန်းဆောင်ထဲကို ရွှေ့ပြောင်းချထားမှာ ဖြစ်ပါတယ်။