မန်ချက်စတာယူနိုက်တက်က သူ့ကို 'သစ္စာဖောက်' ခဲ့တယ်လို့ ရော်နယ်ဒိုပြော

ရော်နယ်ဒိုနဲ့ အင်တာဗျူးသမား ပီးယာ့စ်မော်ဂန်

ဓာတ်ပုံ ရင်းမြစ်, BBC Sport

ဓာတ်ပုံ ပုံစာ, သူပြောချင်တာတွေကို သီးသန့်အင်တာဗျူးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက သူ့အပေါ် ကလပ်က သစ္စာဖောက်တယ်လို့ ခံစားရကြောင်းပြောပါတယ်။ မန်နေဂျာ အဲရစ် တန်ဟတ်ဂ်ကိုလည်း သူမလေးစားကြောင်းနဲ့ သူ့ကို အသင်းက ထွက်ခွာအောင် အတင်းအကျပ်လုပ်နေကြတယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ချန်ပီယံလိဂ်ကစားနေရတဲ့ အသင်းတစ်သင်းသင်းဆီကို သူ ရွှေ့ပြောင်းဖို့ ကြိုးစားချက် မအောင်မမြင်ဖြစ်ခဲ့ရပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်နဲ့ သူ့ အနေအထားကို သူ ဖွင့်ဟပြောပြမယ်လို့ သြဂုတ်လတုန်းက ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

အခုတော့ သူဟာ ယူကေက နာမည်ကျော်အင်တာဗျူးသမား ပီးယာ့စ်မော်ဂန်နဲ့ TalkTV ချန်နယ်မှာ သူ့ဘက်က ပြောစရာတွေကို ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ကလပ်ဘက်က တုံ့ပြန်ချက်တွေကို တောင်းထားပေမဲ့ မရသေးပါဘူး။

ရော်နယ်ဒိုပြောသွားချက်တွေအတော်များများထဲက The Sun သတင်းစာထဲမှာ ဖော်ပြချက်တွေထဲက ကောက်နုတ်ချက်တချို့ကတော့ -

- ကလပ်ထဲက လူတွေက သူ့ကို အသင်းကထွက်အောင်ဖိအားပေးနေကြတယ်

- ၂၀၁၃ ခုနှစ်မှာ မန်နေဂျာကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားချိန်ကတည်းက ကလပ်အသင်းမှာ တိုးတက်ပြောင်းလဲမှုဆိုတာ မတွေ့ခဲ့ရဘူး၊ ယူနိုက်တက်ဟာ ‘သူတို့ရှိသင့်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိမနေဘူး’ ဆိုတာကို ဆာအဲလက်စ်ကလည်း သဘောတူတယ်။

- ဇူလိုင်လတုန်းက သူ့သမီးငယ်လေး ဆေးရုံတက်ရချိန်မှာ ကလပ်က စာနာနားလည်မှု မပြခဲ့ဘူး။

- အရှေ့က မန်နေဂျာ ရဖ်ရန်းနစ်က် ကို သူ အရင်က ‘ကြားတောင်မကြားခဲ့ဖူးဘူး’။

- သူ့ အသင်းဖော်ဟောင်း ဝိန်းရူနီက သူ့ကို ဘာလို့ ဝေဖန်တာလည်းဆိုတာ သူနားမလည်ဘူး။ ဖြစ်နိုင်တာကတော့ ‘ရူနီရဲ့ ဘောလုံးသမားဘဝ အဆုံးသတ်သွားချိန်မှာ သူကတော့ ဆက်ကစားနေနိုင်တုန်းမို့ဖြစ်လိမ့်မယ်’။

နည်းပြ တင်ဟတ်ဂ်နဲ့ ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နည်းပြ တန်ဟတ်ဂ်ကို မလေးစားဘူးလို့ ရော်နယ်ဒိုကပြော

ရော်နယ်ဒိုက သူ့မန်နေဂျာကို မလေးစားနိုင်ဘူးလို့ ပြော

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုဝင်ဘာလ ၆ ရက်နေ့က အက်စတန်ဗီလာနဲ့ပွဲမှာ ကပ္ပတိန်အဖြစ်ကွင်းထွက်ကစားခဲ့ပြီးတဲ့နောက်မှာ ရော်နယ်ဒိုဟာ နောက်ပွဲမှာတော့ အသင်းလူစာရင်းထဲတောင် မပါတော့ပါဘူး။ နေမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်ပဲ အသင်းဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လက တော့တင်ဟမ်နဲ့ပွဲမှာ လူစားလဲပြီး ဝင်ကစားဖို့ပြောတာကို ရော်နယ်ဒိုက ငြင်းခဲ့ပြီးတဲ့နောက် နောက်သုံးရက်အကြာမှာ ကစားတဲ့ ချယ်လ်ဆီးနဲ့ပွဲမှာတော့ မန်နေဂျာ တန်ဟတ်ဂ်က သူ့ကို ပွဲထွက်စာရင်းမှာ မထည့်ခဲ့ပါဘူး။

“သူက ကျွန်တော့်ကို လေးစားမှုမပြခဲ့တဲ့အတွက် သူ့ကိုလည်း ကျွန်တော်မလေးစားဘူး” လို့ ရော်နယ်ဒိုက ပြောပါတယ်။ “ကျွန်တော့်ကို မလေးစားတဲ့သူမျိုးကို ကျွန်တော်ကလည်း ဘယ်တော့မှ လေးစားမှာ မဟုတ်ဘူး။”

ရော်နယ်ဒိုက ဧပြီလတုန်းက မွေးခဲ့တဲ့ သူ့ကလေးအမြွာထဲက သားကလေး ဆုံးပါးသွားတဲ့အကြောင်းကို ပြောရင်း အဲဒီအဖြစ်အပျက်ဖြစ်ပြီး ရက်ပိုင်းအတွင်း လီဗာပူးလ်ကွင်းမှာ ကစားရတဲ့ပွဲမှာ လီဗာပူးလ် ပရိသတ်တွေက သူ့ကို အားပေးနှစ်သိမ့်ကြတာကိုလည်း အမှတ်တရ ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အခုအင်တာဗျူးတစ်ခုလုံးက မိနစ် ၉၀ ကြာပြီး ပီးယာ့စ်မော်ဂန်က ဒီအထဲက တစ်စိတ်တစ်ပိုင်းကို The Sun သတင်းစာထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ရော်နယ်ဒိုက ၂၀၂၁ သြဂုတ်လမှာ သူ ယူနိုက်တက်ကို ပြန်ရောက်လာချိန်ကစလို့ ကလပ်မှာ တွေ့မြင်ရသမျှတွေကို စိတ်ပျက်ကြောင်း ပြောထားတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေက အမှန်တရားကို သိသင့်တယ်လို့ သူကပြောပြီး “ကျွန်တော်ကတော့ အသင်းကို အကောင်းဆုံးဖြစ်စေချင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာခဲ့တာ” လို့ ဆိုပါတယ်။ ၂၀၁၃ မှာ မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်အနားယူသွားချိန်ကစပြီး ကလပ်မှာ ဘာမှ ပြောင်းလဲတိုးတက်လာတာ မတွေ့ရဘူးလို့ ရော်နယ်ဒိုက ပြောပါတယ်။

“ဘာမှ မပြောင်းလဲဘူး။ ကျွန်တော်က မန်ချက်စတာယူနိုက်တက်ကို ချစ်တယ်။ ပရိသတ်တွေကို ချစ်တယ်၊ သူတို့ကလည်း ကျွန်တော့်ဘက်မှာ အမြဲရှိကြတယ်။ ဒါပေမဲ့ သူတို့ အပြောင်းအလဲကို တွေ့ချင်ရင် ပြောင်းပစ်ရမှာတွေက အများကြီး အများကြီးပဲ။”

ရော်နယ်ဒိုက သူ့ရဲ့ အမြင်ကို ဆာအဲလက်စ်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။ ဆာအဲလက်စ်ကြောင့်ပဲ သူက ယူဗင်းတပ်စ်ကနေ မန်ချက်စတာစီးတီးကို သွားမယ်လို့ အသံထွက်နေရာက အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့တာပါ။

“ကလပ်ဟာ သူနဲ့ ထိုက်တန်တဲ့လမ်းကြောင်းပေါ်မှာ ရှိမနေဘူးဆိုတာ သူ (ဆာအဲလက်စ်) က အားလုံးထက်ပိုသိပါတယ်” လို့ ရော်နယ်ဒိုက ဆက်ပြောပါတယ်။

“သူသိတယ်၊ လူတိုင်းလည်း သိတယ်၊ မမြင်ဘူးဆိုတဲ့ လူတွေကတော့ သူတို့ အဲဒါကို မမြင်ချင်လို့ပဲ၊ သူတို့ မျက်လုံးတွေကန်းနေလို့ပဲ။”

ပေါ်တူဂီ အသင်းမှာ ပါမယ့် ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီနှစ်ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ပေါ်တူဂီအသင်းက ကစားဖို့ရွေးချယ်ခံထားရပါတယ်။

အရင်မန်နေဂျာ ရန်းနစ်က်ကို မကြားဖူးဘူးလို့ ရော်နယ်ဒိုပြော

ရော်နယ်ဒို မနှစ်က မန်ယူကို ပြန်ရောက်လာချိန်မှာ အသင်းကို ကိုင်နေတာက သူ့ အသင်းဖော်ဟောင်း အိုလေး ဂန်နာ ဆိုးလ်ရှားပါ။ ဆိုးလ်ရှားထွက်သွားပြီးတော့ ရောက်လာသူက ရာ့ဖ်ရန်းနစ်က်ဖြစ်ပြီး အခုလက်ရှိမှာတော့ တန်ဟတ်ဂ်က မန်နေဂျာဖြစ်ပါတယ်။

ရန်းနစ်က်ဟာ မန်ယူကို ရောက်မလာခင်က လိုကိုမိုးတစ်မော်စကို အသင်းရဲ့ အားကစားနဲ့ဖွံ့ဖြိုးရေးဒါရိုက်တာ လုပ်ခဲ့သူဖြစ်ပါတယ်။ အဲဒီအရင်ကတော့ ဂျာမနီမှာ အသင်းတွေကိုင်ခဲ့ပါတယ်။ သူ့လိုပဲ ဂျာမန်ဘောလုံးနည်းပြတွေဖြစ်တဲ့ လစ်ဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ ချယ်လ်ဆီးမန်နေဂျာဟောင်း တောမတ်စ် တူကယ်တို့က ရန်းနစ်က်အကြောင်းကို ချီးကျူးပြောကြားခဲ့ကြပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ ရန်းနစ်က်နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပြုပါတယ်။ “ဘောလုံးအသင်းရဲ့ နည်းပြတစ်ယောက်တောင်မဟုတ်ရင်တော့ မန်ချက်စတာယူနိုက်တက်လို အသင်းရဲ့ မန်နေဂျာဘယ်လို လုပ်မှာလဲ၊ ကျွန်တော်တော့ သူ့ကို အရင်က ကြားတောင် မကြားခဲ့ဖူးဘူး။”

ရော်နယ်ဒိုက သူ့ရဲ့ ဒီဘောလုံးရာသီမှာ အပြုအမူတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ အသင်းဖော်ဟောင်း ဝိန်းရူနီကိုလည်း အခုလို တုံ့ပြန်ပါတယ်။

“ကျွန်တော့် ကို သူ ဘာလို့ ဒီလောက်ပြင်းပြင်းထန်ထန် ဝေဖန်တာလည်းတော့မသိဘူး၊ သူက ဘောလုံးကစားသမားဘဝက နားသွားရပြီး ကျွန်တော်ကတော့ ဆက်ပြီး ဒီအဆင့်မှာ ကစားနေနိုင်သေးတာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။”

‘ကျွန်တော်က သူ့ထက်ပိုပြီး ကြည့်ကောင်းနေတယ်လို့တော့ မပြောတော့ပါဘူး၊ တကယ်တော့လည်း အဲဒါက အမှန်ပါပဲ … “

ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီရာသီမှာ ရော်နယ်ဒိုကို မန်ယူပွဲကစားတာ တွေ့ရနိုင်ပါဦးမလား။

တုံ့ပြန်ချက်များ - “ဒီအင်တာဗျူးက သူထင်တဲ့ သူ့ဘက်ကအမှန်တရားပဲ ဖြစ်မှာပေါ့”

ဘီဘီစီရဲ့ ဘောလုံးတင်ဆက်မှုအစီအစဉ် Match of the Day 2 က ဘောလုံးသုံးသပ်သူတွေ ဖြစ်ကြတဲ့ ဂျာမိန်းဂျီးနပ်စ်နဲ့ ဂျာမိန်းဒီဖိုး တို့နှစ်ယောက်စလုံးကတော့ ရော်နယ်ဒိုရဲ့ ပြောစကားတွေကို ဝေဖန်ကြပါတယ်။

“ဒီတစ်ရာသီလုံးတော့ သူ့ဘက်က ကလေးဆန်ပြတာမျိုးတွေပဲ တွေ့ခဲ့ရတယ်၊ ပွဲမပြီးခင် ထထွက်သွားတာမျိုးက အစပေါ့” လို့ ဂျာမိန်းဂျီးနပ်စ်က ပြောပါတယ်။ “သူက မကျမနပ်ဖြစ်နေတဲ့ ဘောလုံးသမားတစ်ယောက်ပဲ၊ သူ အညာခံရတယ်လို့ ထင်နေတာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒီကနေ့ သူပြောသွားပုံတွေကတော့ သိပ်မဟုတ်ဘူး၊ သူ့အတွက်လည်း ဘာမှ အကျိုးမရှိဘူး၊ ဒီကလပ်နဲ့ သူနဲ့တော့ ပြီးပါပြီ။”

ဂျာမိန်းဒီဖိုးကလည်း “ပြောရရင် စိတ်ပျက်စရာပါ၊ သူ အထောက်အထားဆိုလို့ ပြစရာလည်း မရှိဘူး၊ ဒါကြောင့် ဘာလို့ သူဒါတွေ ထုတ်ပြောနေတာလဲ ဆိုတာ နားမလည်နိုင်ဘူး။ သူ့ မာနနည်းနည်း ထိသွားလို့ ဖြစ်နိုင်ပါတယ်။”

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်းဖြစ်ပြီး အခု Sky Sports မှာ ဘောလုံးသုံးသပ်သူလုပ်နေတဲ့ ဂျေမီကာရာဂါကတော့ ယူနိုက်တက်ပရိသတ်အများစုက လက်ရှိမန်နေဂျာ တန်ဟတ်ဂ်ဘက်မှာ ရပ်တည်ကြလိမ့်မယ်လို့ ပြောပါတယ်။

ကာရာဂါက သူ့တွစ်တာမှာ အခုလို ပို့စ်တင်ခဲ့ပါတယ်။ “တန်ဟတ်ဂ်လက်အောက်က ရော်နယ်ဒို - သူထွက်ချင်လို့ပြောခဲ့တယ်၊ လူစားဝင်ကန်ပေးဖို့ ငြင်းခဲ့တယ်၊ ပွဲမပြီးခင်က အရန်လူခုံကထသွားပြီး ပြန်သွားတယ်။”

“ယူနိုက်တက် ပရိသတ် ၉၉% က တန်ဟတ်ဂ်ဘက်မှာ ရှိပါလိမ့်မယ်။ အဲဒါက ရော်နယ်ဒိုဟာ ဒီကိစ္စကို ဘယ်လောက်မှားမှားယွင်းယွင်းကိုင်ခဲ့သလဲဆိုတာ ပြနေတယ်။”

United We Stand ဆိုတဲ့ မဂ္ဂဇင်းအယ်ဒီတာ အင်ဒီမစ်တန်ကလည်း ဘီဘီစီနဲ့အင်တာဗျုးမှာ ခုလိုပြောခဲ့ပါတယ်။ “သူ့ကို ဖိအားပေးပြီး မထွက်ခိုင်းပါဘူး၊ နွေရာသီတုန်းက သူကထွက်ချင်တယ် ပြောတယ်၊ သူ သွားရမယ်လို့လည်း ထင်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ခေါ်ချင်တဲ့ ကလပ်အများကြီး မရှိခဲ့ဘူး။”

“သူအခုပေးခဲ့တဲ့ အင်တာဗျူးက သူ့ဘက်က ထင်တဲ့ အမှန်တရားပါ၊ ဘဝမှာ တစ်ခုထက်မကတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ်။”

“သူ မန်ယူမှာ နောက်ထပ်မကစားတော့ရင်လည်း ပရိသတ်တွေက အများကြီး စိတ်ပူကြလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။”