အကျဥ်းကျနေတဲ့ ကာ့ဒ်ခေါင်းဆောင် အဗ္ဗဒူလာ အော့ချလန် ဆိုတာဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တူရကီလူမျိုးအများစုရဲ့ ကျိန်ဆဲခြင်းခံရပြီး တူရကီအစိုးရကလည်း နိုင်ငံတော်ရဲ့ရန်သူအဖြစ် သတ်မှတ်ခံရသူ၊ ဒါပေမဲ့ ကာ့ဒ်အမျိုးသားရေးဝါဒီအများစုရဲ့ ချစ်ခင်လေးစားမှုကိုခံရသူ အဗ္ဗဒူလာ အော့ချလန်ဟာ ဆယ်စုနှစ်များစွာ ကာ့ဒ်နိုင်ငံရေးလောကို လွှမ်းမိုးထားနိုင်တဲ့ခေါင်းဆောင်ဖြစ်ပြီး တူရကီမှာ အငြင်းပွားဖွယ် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
အော့ချလန်ဟာ တူရကီအရှေ့တောင်ဘက်ခြမ်းက ရှန်လီအာဖာမှာ ၁၉၄၉ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူ့အသက် ၃၀ စွန်းစွန်းမှာဘဲ ကာဒစ္စတန်အလုပ်သမားများပါတီ PKK ကို တည်ထောင်သူ တွေထဲက တစ်ဦးဖြစ်ပါတယ်။
သူက PKK ပါတီကို လက်နက်ကိုင်ပဋိပက္ခထဲ ဆွဲခေါ်ခဲ့သလို တူရကီအရှေ့တောင်ဘက်ခြမ်းမှာ ကာ့ဒ်နိုင်ငံတည်ထောင်ရေး အန္တိမရည်ရွယ်ချက်နဲ့အတူ ခွဲထွက်ရေးလှုပ်ရှားမှုကို ၁၉၈၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
သူဟာ ဆီးရီးယားကို ထွက်ပြေးပြီးနောက် သူတို့အဖွဲ့ကို အဝေးကနေ ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် ကင်ညာနိုင်ငံကို ထွက်ပြေးခဲ့ပြီး ၁၉၉၉ ခုနှစ်မှာတော့ အဲဒီမှာပဲ အဖမ်းခံခဲ့ရပါတယ်။
အော့ချလန်ကို တူရကီကိုလွှဲပြောင်းပေးခဲ့ပြီး အကြမ်းဖက်ပြစ်မှုတွေနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့အပြင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူကိုပြစ်ဒဏ်ချခဲ့တဲ့နေ့ကဆိုရင် တူရကီက ကာ့ဒ်အသိုင်းအဝိုင်းနဲ့ ဥရောပနိုင်ငံအသီးသီးမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့သလို အချို့နေရာတွေမှာဆိုရင် အဓိကရုဏ်းတွေအထိ ဖြစ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဥပဒေနဲ့အညီ သူ့ရဲ့ သေဒဏ်ကို ပယ်ဖျက်ပေးပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်ကစပြီး တူရကီရဲ့ ဥရောပအခြမ်းနဲ့ အာရှဘက်အခြမ်းကြားက မာမရာပင်လယ်ထဲက အီမရာလီ ကျွန်းငယ်လေးမှာ သူ့ရဲ့ ပြစ်ဒဏ်ကို ကျခံနေရပါတယ်။
အစောပိုင်းကာလတွေမှာ မာ့စ်ဝါဒီသမား ဖြစ်ခဲ့သူ
ကာ့ဒ်ဘာသာစကားအရ "ဦးလေး"လို့အဓိပ္ပါယ်ရတဲ့ နာမည်ပြောင် "အပို"လို့ သူ့ကို ခေါ်ခဲ့ကြပါတယ်။ တောင်သူလယ်သမားမိသားစုကနေ မွေးဖွားလာပြီး သူ့ကို လူငယ်ဘဝတုန်းက နိုင်ငံရေးစိတ် ပြင်းပြသူလို့ မယူဆကြပါဘူး။
ဒါပေမဲ့လည်း ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အန်ကာရာတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပညာကိုလေ့လာခဲ့ပြီး နိုင်ငံရေးကို တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့ပါတယ်။
အဆုံးမှာတော့ မာ့စ့်ဝါဒကို နိုင်ငံရေးအယူဝါဒအဖြစ် သူလက်ခံလေ့လာခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေကို စလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်နက်ကိုင်တော်လှန်ရေးကို အားပေးတဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့တာကြောင့် ထောင်ကျခဲ့သလို တက္ကသိုလ်ကနေ ပညာတစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့ပြီး လက်ဝဲနိုင်ငံရေးအဖွဲ့အစည်းတစ်ခုထဲ ဝင်ခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာ အန်ကာရာမှာ ပြုလုပ်တဲ့အစည်းအဝေးတစ်ခုကို တက်တဲ့သူတွေထဲ သူပါဝင်ပါတယ်။ ဒီအစည်းအဝေးက နောက်ပိုင်းမှာတော့ ကာဒစ္စတန်အလုပ်သမားများပါတီ PKK ဖြစ်လာဖို့ ပထမဆုံး အလွတ်သဘော စုဝေးကြတဲ့ အစည်းအဝေးတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒီကစလို့ လွတ်လပ်တဲ့ ကာ့ဒ်နိုင်ငံပေါ်ပေါက်ဖို့ စည်းရုံးဆော်သြတာတွေ စလုပ်လာခဲ့ပါတယ်။
PKK အစောပိုင်းကာလများ
၁၉၇၇ ခုနှစ်မှာတော့ အဗ္ဗဒူလာ အော့ချလန်က "ကာ့ဒ်တော်လှန်ရေးအတွက် အမျိုးသားလမ်းစဥ်" မူဝါဒကြေညာစာတမ်းကို ပူးတွဲရေးသားခဲ့ပါတယ်။ အဲဒီစာတမ်းဟာလည်း PKK ဖြစ်ပေါ်လာဖို့ ရှေ့ပြေးပုံစံ ဖြစ်လာခဲ့ပါတယ်။
နောက်တစ်နှစ်ကြာပြီးတဲ့အခါမှာတော့ ကာ့ဒ်လူမျိုးစုအများစုရှိရာ တူရကီအရှေ့တောင်ဘက်က ဒီယာဘာကာမြို့မှာ PKK ကို စတင်တည်ထောင်ခဲ့ပါတယ်။ အော့ချလန်ကို ပါတီခေါင်းဆောင်အဖြစ် ရွေးခဲ့ပါတယ်။
PKK ရဲ့အစောပိုင်းနှစ်တွေတုန်းကတော့ တူရကီက အဆင့်မြင့်နာမည်ကြီးပုဂ္ဂိုလ်တွေကို လုပ်ကြံ သတ်ဖြတ်တာတွေမှာ ပါဝင်ပတ်သက်ခဲ့သလို တူရကီအတွင်းက အခြားစစ်သွေးကြွအဖွဲ့တွေနဲ့ တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာတော့ လူမှုဆိုင်ရာ ဆူပူအုံကြွမှုတွေ ဖြစ်နေစဉ် အော့ချလန်နဲ့ သူရဲ့လက်တွဲဖက်တွေဟာ ဆီရီးယားကို သွားခဲ့ကြပါတယ်။ အဲဒီမှာဘဲ ပျောက်ကြားစစ်သားတွေကို လေ့ကျင်သင်တန်းပေးမှုစတင်ခဲ့ပြီး သူတို့က PKK ရဲ့ အဓိကကျတဲ့အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၉၈၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ တူရကီရဲ့အရှေ့တောင်ပိုင်းက စိယက်နဲ့ ဟာကာရီ မြို့တွေက လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုနဲ့ တူရကီမှာ လက်နက်ကိုင်လမ်းစဉ်ကိုစတင်ခဲ့ ပါတယ်။
အဲဒီအချိန်ကတာဝန်ယူခဲ့တဲ့ တူရကီဝန်ကြီးချုပ်ကတော့ သူတို့အဖွဲ့ကို "ဓားပြအနည်းငယ်"လို့ လို့သာ ပြောဆိုသုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ PKK က ဖော်ဆောင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် အခုထိတိုင် သေဆုံးသူ ၄၀,၀၀၀ အထိရှိခဲ့တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
အဗ္ဗဒူလာ အော့ချလန်ဦးဆောင်တဲ့ PKK ဟာ ၁၉၈၄ ကနေ ၁၉၉၉ ခုနှစ်အတွင်း သွေးထွက်သံယို ဖြစ်စေတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခရဲ့ ရေချိန်အမြင့်ဆုံးဖြစ်တဲ့ ၁၉၉၃ ခုနှစ်မှာတော့ တူရကီအရှေ့ပိုင်း အယ်လက်ဇစ်-ဘင်ဂိုလ်လမ်းမကြီးပေါ်မှာ ဒါဇင်နဲ့ချီတဲ့ လက်နက်မဲ့စစ်သားတွေကိုပြန်ပေးဆွဲခဲ့ပြီး အဲဒီထဲက ၃၃ ယောက်ကိုသတ်ဖြတ်ခဲ့ပါတယ်။ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကတော့ အဲဒီနှစ်အတွင်းမှာဘဲ လူ့အသက် ၃၃ ခု သေကျေ ပျက်စီးစေခဲ့တဲ့ အာဇန်ဂျန်းပြည်နယ် အရှေ့ပိုင်းဒေသက ရွာကို တိုက်ခိုက်မှုဖြစ်ပါတယ်။
၁၉၉၀ မှာတော့ အော့ချလန်ကို "ကလေးတွေကို သတ်ဖြတ်သူ"ဆိုကာ အဓိကသတင်းမီဒီယာကြီးတွေမှာ အမည်တပ်ဖော်ပြခံလာရပြီး တူရကီ အနောက်ဘက်ပိုင်းဒေသမှာ ပြည်သူ့ရန်သူ နံပါတ် ၁ ဖြစ်လာပါတယ်။ လုံခြုံရေးတပ်သားတွေရဲ့ စျာပနဲ့အတူ PKK ကို ဒေါသတကြီးဆန့်ကျင်တဲ့ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
နိုင်ငံရဲ့ အရှေ့နဲ့တောင်ပိုင်းက ကာ့ဒ်လူမျိုးအများစုရှိတဲ့နေရာတွေမှာတော့ ကာ့ဒ်အသိုင်းအဝိုင်းရဲ့ "ခေါင်းဆောင်" အဖြစ် အသိအမှတ်ပြုခံရပါတယ်။ PKK ပျောက်ကျားတွေရဲ့ စျာပနေတွေမှာလည်း အော့ချလန်လိုလားသူတွေရဲ့ ကြွေးကြော်သံတွေ ကြားရလေ့ရှိပါတယ်။
ကင်ညာမှာ အဖမ်းခံရ
၁၉၉၈ ခုနှစ်မှာတော့ အော့ချလန်ကို တူရကီဆီ လွှဲပြောင်းပေးဖို့ တူရကီက ဆီးရီးယားအပေါ် ဖိအားတွေ တိုးမြှင့်ခဲ့ပါတယ်။ ဆီးရီးယားမှာ အော့ချလန် ခိုလှုံနေတာ အနှစ် ၂၀ နီးပါး ရှိလာတဲ့အချိန်မှာ ဖြစ်ပါတယ်။
အဲဒီနောက် ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဆီးရီးယားကနေ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဂရိ၊ ရုရှား၊ အီတလီနဲ့ တာဂျစ်ကစ္စတန် နိုင်ငံတွေမှာ ခိုလှုံနိုင်ရေး အော့ချလန် ကြိုးပမ်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခြားနိုင်ငံအများအပြားမှာလည်း ခိုလှုံခွင့်ရဖို့အတွက် ကြိုးပမ်းခဲ့ပေမဲ့လည်း ဘယ်နိုင်ငံကမှ သူရဲ့ခိုလှုံ့ခွင့်ကိုလက်ခံမပေးဖို့ တူရကီဘက်က သံတမန်ရေးနည်းနဲ့ အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီလေဆိပ်မှာ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုအတွင်း အော့ချလန် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက်တော့ တူရကီကို လွှဲပြောင်းပေးခံခဲ့ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့ကိုဖမ်းဆီးခဲ့တဲ့ ၄ လအတွင်းနဲ့ စတင်တရားရင်ဆိုင်တဲ့ အစပိုင်းမှာပဲ မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြတာ ၊ကောင်စစ်ဌာနတွေကို သိမ်းပိုက်ဆန္ဒပြတာနဲ့ အစာငတ်ခံဆန္ဒပြတာမျိုးစတဲ့ ဆန္ဒထုတ်ဖော်မှုအများအပြားကို PKK ကိုထောက်ခံအားပေးကြသူတွေက လုပ်ဆောင်ခဲ့ကြပါတယ်။
ရုံးတင်စစ်ဆေးခံရခြင်း
အော့ချလန်ရဲ့အမှုကို ၁၉၉၉ ခုနှစ်၊ မေလ ၃၁ ရက်၊ အီမရာလီကျွန်းမှာ စတင် ကြား နာပါတယ်။ တရားခွင်ကိုတော့ သူက ကျည်ကာမှန်လောင်အိမ်အတွင်းကနေပြီး တက်ရောက်ခဲ့ရပါတယ်။
ပထမဆုံးကြားနာမှုမှာတော့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ စစ်သားနဲ့ ရဲအရာရှိတွေရဲ့ မိသားစုဝင် တွေက တက်ရောက်ခဲ့ကြပါတယ်။
အော့ချလန်က အဲဒီလူအားလုံးကို တောင်းပန်ခဲ့ပြီး "တကယ်လို့အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကာ့ဒ်ပြဿနာဖြေရှင်းနိုင်ရေးအလုပ်လုပ်နိုင်ဖို့ အဆင်သင့်ပါပဲ" လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရားခွင်အဆုံးမှာတော့ နိုင်ငံတော်ကိုပုန်ကန်မှုနဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းပြီး ဦးဆောင်တဲ့အတွက် အော့ချလန်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာတော့ သူရဲ့ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းအဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ အော့ချလန်ရဲ့ ချေပခွင့်ကို မှန်ကန်မှုမရှိဘဲ ကန့်သတ်ခံရခဲ့တာကြောင့် သူ့ရဲ့တရားစီရင်မှုက မမျှတဘူးလို့ ဥရောပလူ့အခွင့်အရေးတရားရုံးက ၂၀၀၃ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်အပေါ် တူရကီက အယူခံဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥရောပတရားရုံးက မူလစီရင်ချက်ကိုပဲ ဆက်အတည်ပြုခဲ့ပြီး နောက်တစ်ကြိမ် ကြားနာစစ်ဆေးဖို့ အကြံပြုခဲ့ပါတယ်။ တူရကီကတော့ အဲဒီအကြံပြုချက်ကို ငြင်းဆိုခဲ့ပါတယ်။
သဘောထား ပြောင်းလဲလာ
အဗ္ဗဒူလာ အော့ချလန် ထောင်ကျပြီးနောက်ပိုင်းမှာတော့ PKK ပါတီဟာ အထူးစိုးရိမ်စရာ အခြေအနေတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပါတီကို မဖျက်သိမ်းသလို အော့ချလန်ကိုလည်း ခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ အဗ္ဗဒူလာ အော့ချလန်ဟာ သူရေးသားခဲ့တဲ့ စာအုပ်တွေထဲက "ဘုံဇာတိမြေ၊ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဒီမိုကရက်တစ် ကွန်ဖက်ဒရေးရှင်းစနစ်'' စတဲ့ အယူဝါဒအသုံးအနှုန်းတွေကို ပြောဆိုကာ "ဒီမိုကရေစီနည်းကျ ခေတ်မီတိုးတက်မှု" လို့ခေါ်ကာ ကာ့ဒ်လူမျိုးတွေရဲ့အနာဂတ်အမြင်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။
အော့ချလန်ကတော့ သူရဲ့နိုင်ငံသစ်ထူထောင်နိုင်ရေးအတွေးအခေါ်ကို အလျော့ပေးခဲ့ပြီး တူရကီအတွင်း ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ညှိနှိုင်းသဘောတူညီမှုရရေးကိုသာ ဆော်သြလာခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွးမှု
အပစ်အခတ်ရပ်စဲပြီး ၂ နှစ်အကြာ ၂၀၀၄ ခုနှစ်မှာတော့ PKK ဟာ တူရကီလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှု ပြန်စခဲ့ပါတယ်။
PKK နဲ့ တူရကီအာဏာပိုင်တို့အကြား လျှို့ဝှက်ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြေပေမဲ့ အော့ချလန်နဲ့ တူရကီအာဏာပိုင်တွေကြား ပထမဆုံး တရားဝင်တွေ့ ဆုံဆွေးနွေးမှုက ၂၀၁၂ ခုနှစ်မှာမှ ပေါ်ပေါက်ခဲ့တာပါ။ ရီဂျက် တေယစ် အာဒိုဝမ် ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ အစိုးရအရာရှိတွေက အော့ချလန်နဲ့ ညှိနှိုင်းမှုတွေကို စတင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီဆွေးနွေးမှုတွေကနေတစ်ဆင့် အော့ချလန်ဘက်က အပစ်အခတ်ရပ်စဲရေးတိုက်တွန်းမှုတွေကို ၂၀၁၃ ခုနှစ် မတ်လမှ စတင်ခဲ့ပါတယ်။ PKK ပျောက်ကျားတပ်ဖွဲ့တွေလည်း တူရကီကနေ စတင်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ တန့်နေခဲ့သလို အပစ်အခတ်ရပ်စဲမှုကလည်း ၂၀၁၅ ဇူလိုင်မှာ ကျိုးပျက်သွားခဲ့ပါတယ်။
အဲဒါကြောင့် အော့ချလန်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေလည်း အဆုံးသတ်သွားခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွင်း သူ့ရဲ့သြဇာအရှိန်လည်း ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာရဲ့အာရုံစိုက်မှုက PKK နဲ့ ထောင်ကျနေတဲ့ သူတို့ရဲ့ခေါင်းဆောင်ဆီ ထပ်ရောက်လာပါတယ်။ အကြောင်းကတော့ PKK ရဲ့ အဖွဲ့ခွဲအဖြစ် ယူဆကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(YPG)က ဆီးရီးယားမြောက်ပိုင်းမှာ သူတို့ရဲ့ ခြေကုပ်နေရာတွေမှာ အားဖြည့်လာတဲ့အတွက် ဖြစ်ပါတယ်။
အံ့သြဖွယ်ကြေညာချက်
၂၀၂၄ အောက်တိုဘာမှာ တူရကီလက်ယာယိမ်း အမျိုးသားရေးလှုပ်ရှားမှုပါတီ (MHP) ခေါင်းဆောင် ဒက်ဗလဒ် ဘာချာလီရဲ့ အံ့သြဖွယ်ရာလုပ်ရပ်တစ်ခုကတော့ PKK ကို ဖျက်သိမ်းပေးဖို့ အော့ချလန်ကို တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။
PKK လက်နက်ကိုင်အဖွဲ့ကိုဖျက်သိမ်းမယ်ဆိုရင် အော့ချလန်ကို တူရကီလွှတ်တော်မှာ မိန့်ခွန်းပြောခွင့်ပေးသင့်တယ်လို့ ဒက်ဗလဒ် ဘာချာလီက အကြံပြုခဲ့ပါတယ်။
"အကြမ်းဖက်ခေါင်းဆောင်ရဲ့ အထီးကျန်မှုကို ရုတ်သိမ်းမယ်ဆိုရင် သူ့ကို လာစကားပြောခွင့် ပေးလိုက်ပါ" လို့ ဘာချာလီက ပြောပါတယ်။ "အကြမ်းဖက်မှုတွေ လုံးဝ ပြီးဆုံးသွားပြီ၊ နောက်ပြီး သူ့အဖွဲ့လည်း ဖျက်သိမ်းလိုက်ပြီလို့ သူ့ကို အော်ပြီး ပြောခွင့်ပေးလိုက်ပါ။"

ဓာတ်ပုံ ရင်းမြစ်, DEM Party
အပြန်အလှန်အားဖြင့် အော့ချလန်ကို လွှတ်ပေးသင့်တယ်လို့သူက အကြံပြုပါတယ်။ အဲဒီအချိန် ကတည်းကစလို ကာ့ဒ်ထောက်ခံတဲ့ DEM ဒီမိုကရက်တစ်ပါတီ၀င်တွေက အီမာလီကျွန်းကို သွားရောက်ကာ အော့ချလန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
အဗ္ဗဒူလာ အော့ချလန်က အခုအခါမှာတော့ PKK ကို ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် ပါတီကွန်ကရက် ကျင်းပဖို့ PKK ကို တိုက်တွန်းထားပါတယ်။ အဲဒီတိုက်တွန်းမှုကို PKK ပါတီဝင်တွေကလည်း လိုက်လျောမယ်လို့ မျှော်လင့်ရပြီး အဲဒီလိုဖြစ်လာရင် တူရကီနဲ့ ဒီဒေသအတွင်းမှာနေထိုင်နေကြတဲ့ ကာ့ဒ်လူမျိုးတွေအတွက် မယုံနိုင်လောက်အောင် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်လာနိုင်ပါတယ်။ အဲဒီအခါကျရင် အသက် ၄၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရတဲ့အနှစ် ၄၀ ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခကို လျော့နည်းပြေငြိမ်းလာစေနိုင်မှာ ဖြစ်ပါတယ်။





