ယူကေ အပါအဝင် ၆ နိုင်ငံက ICJ မှာ မြန်မာကိုတရားစွဲတဲ့ ဂမ်ဘီယာဘက်ကနေကြားဝင်

ဓာတ်ပုံ ရင်းမြစ်, AFP
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကျူးလွန်ခဲ့တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အပေါ် ယူကေ အပါအဝင် ၆ နိုင်ငံက ပူးတွဲကြားဝင်ဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်တစ်ရပ်ကို တင်သွင်းလိုက်တယ်လို့ ယူကေအစိုးရနဲ့သက်ဆိုင်ရာနိုင်ငံတွေကထုတ်ပြန်ပါတယ်။
၆ နိုင်ငံထဲမှာ ယူကေ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံတို့ပါဝင်ပြီး ဒီ့မတိုင်ခင်မှာ မော်လဒိုက်နိုင်ငံ က ကြားဝင်မယ်လို့ ပထမဆုံးကြေညာထားတာရှိပါတယ်။
အခု ၆ နိုင်ငံကလည်း အစောပိုင်းက တစ်နိုင်ငံချင်းအလိုက်ကြားဝင်ဆောင်ရွက်မယ်လို့ ထုတ်ပြောမှုတွေရှိခဲ့ပေမဲ့ အခုတော့ ၆ နိုင်ငံပေါင်း ပူးပေါင်းဆောင်ရွက်လိုက်တာကို တရားဝင်ထုတ်ပြောလိုက်တာဖြစ်ပါတယ်။
အဲဒီအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ )မှာ နိုဝင်ဘာလ ၁၅ ရက် က တင်သွင်းခဲ့တာဖြစ်ပြီး ဒီလို နိုင်ငံပေါင်း (၆) နိုင်ငံက ICJ ကို စုပေါင်းတင်သွင်းတဲ့ ပထမဦးဆုံး ပူးတွဲကြားဝင်ဆောင်ရွက်မှုဆိုင်ရာ ကြေညာချက်တစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။
ဒီ ၆ နိုင်ငံကနေ တာဝန်ခံမူဆိုင်ရာနိုင်ငံတကာလိုက်နာရမယ့်မူတွေကို ယုံကြည်ကိုင်စွဲကြောင်း ပြောထားပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်တဲ့ ICJ ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတာကိုထပ်မံအသိအမှတ်ပြုတယ်လို့ပြောထားပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ အစောပိုင်းကတည်းကနေ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်လုံး ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေရှိနေခဲ့တာပါ။
လက်ရှိမှာ မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာဘက်က တရားစွဲခွင့်မရှိဘူးလို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အိုင်စီဂျေမှာသွားရောက်ကန့်ကွက်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ICJ
'' ကျွန်တော်တို့အနေနဲ့ကြိုဆိုတယ်။ အခု ၆ နိုင်ငံလုံးက ကြားဝင်ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို တရားဝင်ကြေညာလိုက်တာဖြစ်တဲ့အတွက် ဒီအမှုမှာတရားစွဲထားတာက ဂမ်ဘီယာတစ်နိုင်ငံတည်းမဟုတ်တော့ဘူး၊ ၇ နိုင်ငံဖြစ်သွားပြီဆိုတဲ့သဘောပါပဲ'' လို့ ရိုဟင်ဂျာအရေးဆောင်ရွက်သူ ရိုနေဆန်းလွင်က ပြောပါတယ်။
ပူးပေါင်းလာတဲ့အထဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ယူကေနဲ့ပြင်သစ်အပြင် ကနေဒါ၊ဒိန်းမတ်၊နယ်သာလန်နဲ့ ဂျာမဏီလိုအင်အားကြီးနိုင်ငံတွေပါဝင်လို့ အရင်ထက်ပိုပြီးအင်အားတောင့်တင်းလာတယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။
စစ်ကောင်စီကန့်ကွက်ထားတဲ့အချက်တွေထဲ ဥပဒေကြောင်းအရ ဒီအမှုကို ICJ က စီရင်ပိုင်ခွင့်မရှိတာ၊ ဒါမှမဟုတ် လက်ခံကြားနာမှု မပြုနိုင်ဘူးဆိုတဲ့ အချက်တွေအပါအဝင် အချက်လေးချက်ပါဝင်တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ICJ မှာ လာမယ့် ၂၀၂၄ ခုနှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာ မြန်မာနဲ့ဂမ်ဘီယာက နိုင်ငံအလိုက် ထပ်မံလျှောက်လဲချက်ပေးဖို့ရှိနေပါတယ်။








