မြန်မာအိုင်စီဂျေအမှု- မြန်မာကန့်ကွက်ချက်အားလုံး ဘယ်လိုဆုံးဖြတ်ပယ်ချခံခဲ့ရလဲ

ICJ

ဓာတ်ပုံ ရင်းမြစ်, ICJ

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အမှုကြီး တစ်ခုလုံး မဆုံးဖြတ်ခင် ဒုတိယမြောက် ကြားဖြတ်ဆုံးဖြတ်ချက်လို့ ဆိုနိုင်တဲ့ ဆုံးဖြတ်ချက်ကို နယ်သာလန်နိုင်ငံမှာ ဒီကနေ့ ကြေညာခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့် မသင့် ကိစ္စကို မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ထားကို လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာရဲ့ ပထမဆုံးကန့်ကွက်ချက်ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ တရားစွဲလို့ မရကြောင်း ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဂမ်ဘီယာဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံနဲ့ ဂျီနိုဆိုက် တားဆီးရေး စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် မြန်မာကန့်ကွက်ချက်ကို ပယ်ချရမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာရဲ့ နောက်ကန့်ကွက်ချက်တစ်ခုကတော့ အမှုကို တိုင်ကြားချိန်မှာ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှုရှိမနေဘူး၊ ဒါကြောင့် တရားရုံးမှာ တိုင်ကြားနိုင်တဲ့ တရားဝင်မှုမရှိဘူးဆိုတဲ့ အချက်အပေါ်မှာ တရားသူကြီးက ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိချက်တွေ တင်ပြချိန်မှာကတည်းက ဂမ်ဘီယာရဲ့ ရပ်တည်ချက်၊ ဂမ်ဘီယာဘက်က ပေးပို့ခဲ့တဲ့စာတွေနဲ့ မြန်မာဘက်က တုံ့ပြန်ချက် မတုံ့ပြန်ချက်တွေကို ကြည့်ပြီး မြန်မာနဲ့ ဂမ်ဘီယာကြားမှာ အငြင်းပွားမှုရှိခဲ့ပါတယ်လို့ ဆုံးဖြတ်တဲ့အတွက် မြန်မာရဲ့ ဒီကန့်ကွက်ချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

မြန်မာရဲ့ တတိယကန့်ကွက်ချက်ဖြစ်တဲ့ မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ပဋိဉာဉ်ကို လက်မှတ်ထိုးစဉ်က ခြွင်းချက်ထားခဲ့တဲ့ ပုဒ်မ ၈ ကြောင့် အိုင်စီဂျေတရားရုံးအနေနဲ့ အခုအမှုကို ကြားနာစီရင်ဆုံးဖြတ်ခွင့်မရှိဘူးဆိုတဲ့ အပေါ်မှာ တရားရုံးကတော့ မြန်မာဟာ ပုဒ်မ ၈ ကို ခြွင်းချက်ထားပေမဲ့ ပုဒ်မ ၉ ကို လက်ခံထားတဲ့အတွက်ရယ်၊ တရားစွဲဆိုမှုကို ကြားနာခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ရာမှာ ဆက်စပ်အခြေအနေတွေကိုပါထည့်သွင်းစဉ်းစားရတာမို့ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ပြီး မြန်မာရဲ့ ကန့်ကွက်ချက်ကို ပယ်ချခဲ့ပါတယ်။

မြန်မာရဲ့ နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂမ်ဘီယာက သူတို့မြေမှာဖြစ်တာလည်းမဟုတ်၊ သူတို့လူမျိုးတွေ ထိခိုက်နစ်နာတာလည်းမဟုတ်လို့ တိုင်ကြားစွဲဆိုနိုင်တဲ့ အခွင့်အလမ်းမရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို တရားသူကြီးက ဂမ်ဘီယာဟာ လူမျိုးတုံးသတ်ဖ့တ်မှုကာကွယ်တားဆီးရေး ပဋိဉာဉ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်တယ်၊ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအားလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်တားဆီးနိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ဆန္ဒသဘောထားရှိကြတယ်၊ ဒါကြောင့် စွဲဆိုနိုင်ခွင့်ရှိတယ်၊ မြန်မာဘက်က ကန့်ကွက်ချက်ကို ပယ်ချတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာရဲ့ ကန့်ကွက်ချက်အားလုံးကို ပယ်ချခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပယ်ချချက် သုံးခုကို တရားသူကြီး အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ဂမ်ဘီယာဟာ တိုက်ရိုက်နစ်နာသူမဟုတ်တဲ့အတွက် စွဲဆိုခွင့် မရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို ပယ်ချတဲ့ ဆုံးဖြတ်ချက်မှာတော့ တရားသူကြီး အားလုံးထဲမှာ တရုတ်နိုင်ငံသူ တရားသူကြီး ရွှီဟန်ချင်းက သဘောမတူ ကြောင်း မဲပေးခဲ့လို့ ၁၅ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့တဲ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဂျုံးဒိုနိုဟူးက ကြေညာခဲ့ပါတယ်။

မြန်မာရဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချခဲ့ပြီးတဲ့နောက်မှ အိုင်စီဂျေတရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားသူကြီး ၁၅ ဦးက သဘောတူဆုံးဖြတ်ပြီး တရုတ်တရားသူကြီး ရွှီဟန်ချင်း တစ်ဦးတည်းကပဲ ကန့်ကွက်လို့ ၁၅-၁ မဲ နဲ့ ဆုံးဖြတ်ခဲ့ကြကြောင်းတရားသူကြီး ဂျုံးဒိုနိုဟျူးက ဖတ်ကြားသွားခဲ့ပါတယ်။

ဆုံးဖြတ်ချက် လူကိုယ်တိုင်တက်ရောက်နားထောင်ခဲ့ကြ

အဲဒီဆုံးဖြတ်ချက်ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ ဒီကနေ့ ဇူလိုင် ၂၂ ရက် မှာ ကြေညာခဲ့တာ ဖြစ်ပြီး မြန်မာနဲ့ ဂမ်ဘီယာဘက်က ကိုယ်စားလှယ်တွေ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဆုံးဖြတ်ချက်ကို မြန်မာဘက်က စစ်ကောင်စီ ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးအကြိမ် ကြားနာလျှောက်လဲမှုတွေကို အခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၈ ထိ ပြုလုပ်ထားခဲ့တာပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ လူကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။

ဘာကိုကြားနာဆုံးဖြတ်ခဲ့တာလဲ

အဲဒီကြားနာမှုမှာ မြန်မာကို တရားစွဲတဲ့ ဒီအမှုကို ဂမ်ဘီယာအနေနဲ့ စွဲဆိုခွင့်မရှိ၊ တရားရုံးက လက်မခံသင့်ကြောင်း မြန်မာဘက်က ဦးကိုကိုလှိုင် နဲ့ ခရစ်စတိုဖာ စတိတ်ကာအပါအဝင် ဥပဒေ ပညာရှင် သုံးဦးက လျှောက်လဲခဲ့ကြပါတယ်။

အဓိကအားဖြင့် အဲဒီကြားနာမှုမှာ မြန်မာကို ဂမ်ဘီယာက တရားစွဲခွင့် ရှိမရှိနဲ့ အိုင်စီဂျေက အမှုကို လက်ခံခွင့် ရှိမရှိတွေကို အဲဒီကြားနာမှုမှာ နှစ်ဖက် လျှောက်လဲခဲ့ကြတာပါ။

ဒီကနေ့ ဆုံးဖြတ်ချက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အမှုကြီးတစ်ခုလုံးအတွက် ဆုံးဖြတ်ချက် မပြီးခင် အိုင်စီဂျေရဲ့ ဒုတိယမြောက် ကြားဖြတ်ဆုံးဖြတ်ချက်လို့ ဆိုနိုင်ပြီး ပထမအကြိမ် ကြားဖြတ်ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို အိုင်စီဂျေ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအမှု ဘာဆက်ဖြစ်မလဲ

တကယ်တော့ တရားရုံးဟာ ဂမ်ဘီယာရဲ့ လျှောက်လွှာကို ၂၀၁၉ ခုနှစ်က လက်ခံခဲ့ပြီးနောက် အဲဒီနှစ်ကုန်မှာပဲပထမဆုံး နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာပြီး ဂမ်ဘီယာရဲ့ တောင်းဆိုချက်တချို့ ပါဝင်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအကွယ်ပေးဖို့၊ မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့၊ သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ နဲ့ မြန်မာဘက်က ပုံမှန်အစီရင်ခံစာတင်ဖို့တွေ ပါဝင်ပါတယ်။

အခုတစ်ခါမှာလည်း တရားရုံးက ပထမဆုံးဖြတ်ထားတဲ့အတိုင်း ဒီအမှုကို အဆုံးထိ ကြားနာပေးဖို့ ဂမ်ဘီယာဘက်က မျှော်လင့်နေပါတယ်။

မြန်မာဘက်ကလည်း၊ အထူးသဖြင့် လက်ရှိ စစ်ခေါင်းဆောင်တွေဘက်က ဒီလို ကမ္ဘာ့အကြီးလေးဆုံးရာဇဝတ်မှုလို့ ပြောနိုင်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်အောင် တရားရုံးက ဆုံးဖြတ်ပေးဖို့ မျှော်လင့်နေပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့မှာ တရားရုံးက မြန်မာဘက်က ကနဦးကန့်ကွက်လွှာကို လက်ခံရင် ဒီအမှုမှာ မြန်မာနိုင်ပြီး အမှု ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားရုံးက မြန်မာရဲ့ ကန့်ကွက်လွှာကို ပယ်ချလိုက်ရင်တော့ မြန်မာဘက်ကနေ ချေလွှာလို့ခေါ်တဲ့ Counter-Memorial ကို တရားရုံးကို တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဂမ်ဘီယာဘက်က အဆိုလွှာ လို့ခေါ်တဲ့ Memorial ကို ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက တင်သွင်းထားပြီး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အမှုကြီးအတွက် ကြားနာမှုတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါဆိုရင်တော့ ဒီအမှုကြီးတွေရဲ့ သဘောသဘာဝအရ နှစ်နဲ့ချီ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

အန်ယူဂျီသဘောထားဘယ်လိုရှိခဲ့လဲ

၂၀၂၁ စစ်အာဏာမသိမ်းမီကတော့ ဒီအမှုကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်မှာ တရားရုံးကို လူကိုယ်တိုင် လာရောက်ဖြေရှင်းခဲ့တာ ဖြစ်ပြီး ပထမအကြိမ် ကြားဖြတ်ဆုံးဖြတ်ချက်ကိုလည်း အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် စစ်အာဏာသိမ်းပြီးနောက်မှာ ဒီအမှုကို အိုင်စီဂျေက ဆက်လက် ကြားနာခဲ့တာပါ။ ဒါကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ ပါဝင် ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အိုင်စီဂျေမှာ မြန်မာကို ကိုယ်စားပြုခွင့် တောင်းဆိုခဲ့ဖူးပြီး မြန်မာဘက်က ကနဦးကန့်ကွက်ထားချက်တွေ အားလုံးကို ရုပ်သိမ်းတယ်လို့လည်း ကြေညာထားခဲ့ပါတယ်။ ဒါနဲ့အတူ ဒီအမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာရှေ့နေတွေပါဝင်တဲ့ ဥပဒေအဖွဲ့ကိုလည်း ခန့်အပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

ပထမအကြိမ်ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံလေးချက်

မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ လေးချက်က

(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့

(၂) မြန်မာတပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့

(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့

(၄) ဒီကနေ့ အမိန့်ချမှတ်တဲ့နေ့က စပြီး လေးလအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။