တူရကီနဲ့ဆီးရီးယားက ငလျင်ကြီး - သေဆုံးသူ တစ်သောင်း ကျော်သွားပြီ

သေဆုံးသူ ဆက်တိုက်မြင့်တက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တူရကီနဲ့ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူဟာ ( မြန်မာစံတော်ချိန် ညနေ ၆ နာရီ ဝန်းကျင် နောက်ဆုံးရထားတဲ့ သတင်းတွေအရ ) စုစုပေါင်း ၁၁, ၂၀၀ ကျော်အထိ ရှိလာပါပြီ။

တူရကီ အာဏာပိုင်တွေဆီက သတင်းတွေအရ တူရကီမှာ သေဆုံးသူ ၈,၅၇၄ ဦး ရှိတယ်လို့ သိရပါတယ်။

ဆီးရီးယားဘက်မှာတော့ အရေအတွက်ကို တိတိကျကျ ရဖို့ ခက်ခဲ့နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး အတည်ပြုထားနိုင်တဲ့ စာရင်းအရ သေဆုံးသူ ၂,၆၆၂ ဦး ရှိတယ်လို့ သိရပါတယ်။

အခုသေဆုံးသူအရေအတွက်ဟာ တနင်္လာနေ့တုန်းက တူရကီနိုင်ငံ တောင်ပိုင်းက ဂါဇီယန်တပ်မြို့ကို ဗဟိုချက်ပြုပြီး လှုပ်သွားသလို နယ်စပ် ဆီးရီးယားနိုင်ငံထဲမှာလည်း လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်ဖြစ်ပါတယ်။

လမ်းတွေ ပျက်ကုန်လို့ အကူအညီပေးရေး ခက်နေ - ယူနီဆက်ဖ်

လမ်းတွေ ပျက်ကုန်လို့ အကူအညီပေးရေး ခက်နေ - ယူနီဆက်ဖ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်ဖို့ ခက်ခဲနေတယ်ဆိုပြီး အကူအညီပေးရေးအဖွဲ့ ယူနီဆက်ဖ်ရဲ့ ဆီးရီးယားနိုင်ငံလုံးဆိုင်ရာ အကြီးတန်းအကြံပေး မလင်ဒါ ယန်းက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်တဲ့နေရာတွေအပါအဝင် လမ်းတွေအတော်များများ ပျက်စီးနေတာကြောင့် ဆီးရီးယားနိုင်ငံထဲမှာ ကယ်ဆယ်ရေး လုပ်နေတဲ့အဖွဲ့တွေဆီ တူရကီနိုင်ငံထဲကနေတဆင့် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ဖို့ ပိုပြီး ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရေပေးဝေရေးစနစ်တွေလည်း အဲဒီဒေသတွေမှာ အပျက်အစီးများလို့ အဲဒီစနစ်တွေကို ပြန်မပြင်နိုင်မချင်း ထရပ်ကားတွေကို သွင်းဖို့ ခက်နေသလို ပြုပြင်ရေးဟာ ၆ လ လောက်အထိ ကြာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေဟာ ပြည်တွင်းပဋိက္ခဒဏ်ကို နှစ်နဲ့ချီခံခဲ့ရတဲ့ အဲဒီဒေသတွေက ကလေးငယ်တွေအတွက် ပိုပြီး အတိဒုက္ခဖြစ်စေလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ငလျင်ကြောင့် သေဆုံးနှုန်း ဆက်တိုက်မြင့်တက်နေ

အချိန်နဲ့အမျှ သေဆုံးသူ တိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ငလျင်ကြီး ၂ ခုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်လု ကယ်ဆယ်နေချိန်မှာပဲ နှစ်နိုင်ငံပေါင်း သေဆုံးသူ ၈၇၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

တူရကီနိုင်ငံထဲမှာ သေဆုံးသူ ၅၈၉၄ ဦးနဲ့ ဆီးရီးယားနိုင်ငံထဲမှာတော့ ၁၉၃၂ ဦး ထက်မနည်းဖြစ်ရှိတယ်လို့ အေအက်ဖ်ပီ သတင်းဌာနက အစောပိုင်းတုန်းက သတင်းဖော်ပြခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အေးခဲနေတဲ့ရာသီဥတုအောက်မှာ အပျက်အစီးတွေကြားထဲက ပိတ်မိနေသူတွေကို ဒုတိယည အဖြစ် ဆက်ပြီး ရှာဖွေတာတွေ လုပ်နေပါတယ်။

ပျောက်ဆုံးနေသူရှိနေတဲ့မိသားစုဝင်တွေကလည်း ရှာဖွေကယ်ဆယ်ရေးသမားတွေအနီးနားမှာ တူရွင်းတွေကိုင်စွဲပြီး ရှာဖွေရေးမှာ ပူးပေါင်းပါဝင်နေပါတယ်။

တူရကီသမ္မတက အရေးပေါ် အခြေအနေကြေညာ

ငလျင်မှာ ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့က တူရကီသံရုံးရှေ့မှာ လွမ်းသူ့ပန်းချနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငလျင်မှာ ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့က တူရကီသံရုံးရှေ့မှာ လွမ်းသူ့ပန်းချနေကြ

အင်းအားပြင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူ ထောင်နဲ့ချီရှိလာချိန်မှာ ငလျင်ဒဏ်သင့် အဆိုးရွားဆုံး ၁၀ ခရိုင်ကို တူရကီသမ္မတ အာဒိုဝမ်က အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

ရုပ်သံမိန့်ခွန်းမှာတော့ သမ္မတ ''နိုင်ငံအရှေ့တောင်ပိုင်းက ငလျင်ဒဏ်သင့်ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေ မြန်မြန်ဆန် ဆန်ပြုလုပ်နိုင်ဖို့ အရေးပေါ် အခြေအနေ ကြေညာရတာပါ''လို့ ပြောပါတယ်။

ငလျင်ဟာ တူရကီနဲ့ ဆီးရီးယားနိုင်ငံနယ်စပ်က ဂါဇီယန်တပ်မြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက် နာရီပိုင်းအကြာမှာ ပမထ ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာကနေ မိုင် ၈၀ ခန့်အကွာ ကာဟာမန်းမရပ်ရှ်မြို့အနီးမှာ ပြင်အား ၇.၅ ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံနဲ့ နယ်စပ်၊ တူရကီနိုင်ငံ တောင်ဖျားစွန်းဘက်က ဟာတေးခရိုင်ထဲမှာတော့ အဆောက်အဦတွေအားလုံးနီးပါး ပြိုကျပျက်စီးနေတာကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာတွေ့ရပါတယ်။

အဲဒီက ပြိုကျနေတဲ့တချို့ အဆောက်အဦတွေမှာဆိုရင် အပျက်အစီးပုံတွေထဲကနေ မီးခိုးတွေ ထွက်နေဆဲဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က ဆီးရီးယားအတွက် ဝမ်းနည်းကြောင်းပြော

မြောက်ကိုရီးယားခေါင်းဆောင်က ဆီးရီးယားအတွက် ဝမ်းနည်းကြောင်းပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်းက တူရကီနဲ့ ဆီးရီးယားမှာ လူထောင်ချီသေဆုံးခဲ့တဲ့ ငလျင်ကြောင့် စာနာဝမ်းနည်းကြောင်း ဆီးရီးယားခေါင်းဆောင်ကို ပြောလာပါတယ်။

‘’ဆီးရီးယားအစိုးရနဲ့ပြည်သူတွေအတွေနဲ့ ငလျင်ဘေးကနေ မြန်မြန်ရုန်းထွက်နိုင်ပြီး အရာအားလုံးတည်ငြိမ် အောင် မြန်မြန်စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း’’ ကင်ဂျုံအွန်းက ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်ကို အသံနဲ့သတင်းစကားပေးပို့ခဲ့တာဆိုပြီး နိုင်ငံပိုင်မီဒီယာကနေ သတင်းဖော်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ တောင်ကိုရီးယားကတော့ အရေးပေါ်လူသားချင်းစာနာမှု အကူအညီအတွက်ဆိုပြီး တူရကီကို ဒေါ်လာ ၅ သန်း ကူညီမယ်လို့ ပြောသလို ရှာဖွေကယ်ဆယ်ရေးလုပ်သား ၁၁၀ ကိုလည်း စေလွှတ်သွားမယ်လို့ ပြောထားပါတယ်။

ငွေသာကူပါလို့ ပညာရှင်တွေ ပြော

ငွေသာကူပါလို့ ပညာရှင်တွေ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

သဘာဝကပ်ဘေးကြုံတဲ့နေရာတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့ရေးပေးလိုတဲ့စိတ်ဟာ လူတိုင်းမှာ ရှိကြတာမှန်ပေမဲ့ သဘာဝဘေးတုံ့ပြန်ရေးပညာရှင်တွေကတော့ ပစ္စည်းထက် ငွေကိုသာ ကူပါလို့ ထောက်ပြ ပြောဆိုကြပါတယ်။

‘’ပစ္စည်းတွေလှူတဲ့အခါ မြေပြင်မှာ အသုံးမလိုတဲ့ပစ္စည်းတွေ သွားပြီး စုပြုံနေတာမျိုးဖြစ်တတ်တယ်’’ လို့ ပါမောက္ခ လူစီ အက်စ်သုပ်က ဘီဘီစီကို ပြောပါတယ်။

‘’အရေးအကြီးဆုံးကတော့ အခုအချိန်မှာ ငွေကြေး ကူညီတာက အထောက်အကူအဖြစ်ဆုံးပဲ။ အခုဆို ဒီငလျင်ကြီးအတွက် အကူအညီပေးဖို့ အစိုးရမဟုတ်တဲ့အဖွဲ့တွေရော၊ အလှူအဖွဲ့တွေရော တဖွဲဖွဲ ငလျင်ဒဏ်သင့် ဒေသတွေကို တဖွဲဖွဲရောက်နေကြပြီလေ’’

‘’အဲဒီနေရာတွေအတွက် အခုရော နောင်လာမယ့်နှစ်တွေမှာပါ လိုအပ်နေမှာက ငွေသားပါပဲ’’

ငလျင်မှာ တူရကီဂိုးသမားတစ်ဦးသေဆုံး

တူရကီ ဂိုးသမား အာမက် တာခါစခန်

ဓာတ်ပုံ ရင်းမြစ်, Yeni Malatyaspor

တူရကီ ဂိုးသမား အာမက် တာခါစခန်ဟာ တနင်္လာနေ့တုန်းက ဖြစ်ပွားတဲ့ ငလျင်တွေကြောင့် သူ့ရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သူ့ရဲ့မိခင် ဘောလုံးအသင်းဖြစ်တဲ့ ယဲနီ မာလာဆာဆောအသင်းက ကြေညာပါတယ်။

ဂိုးသမားသေဆုံးတဲ့အကြောင်း အသင်းဘက်က သူတို့ရဲ့လူမှုကွန်ရက်တွစ်တာ အကောင့်ကနေ ပြောလာတာဖြစ်သလို တမလွန်မှာ ငြိမ်းချမ်းဖို့ကိုလည်း ဆုတောင်းမေတ္တာပို့ထားတာတွေ့ရပါတယ်။

‘’နှလုံးလှသူကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး’’ လို့လည်း အသင်းက ပြောထားပါတယ်။

အသက် ၂၈ နှစ်အရွယ် တာခါစခန်ဟာ တူရကီ ဒုတိယအဆင့်ဘောလုံးအသင်းကို ၂၀၂၁ ခုနှစ်မှာ ရောက်ရှိပြီး အသင်းအတွက် ၆ ကြိမ်ကစားခဲ့သူဖြစ်ပါတယ်။