ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ဝန်ကြီးဘလင်ကင် ဘာပြောလဲ - ဇန်နဝါရီ ၁၀ ရက်နိုင်ငံတကာ ထိပ်တန်းသတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာထဲ အစ္စရေး စစ်တပ်က ဆက်လက် တိုက်ခိုက်နေချိန်မှာပဲ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ပါလက်စတိုင်း သမ္မတ မာမွတ်အက်ဘာ့စ်နဲ့ အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေ ဒေသထဲမှာ တွေ့ဆုံ ခဲ့ပါတယ်။
ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆိုရင် ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းရေးဆီ ဦးတည်တဲ့ လမ်းကြောင်း မဖြစ်မနေ ရှိဖို့ အရေးကြီးကြောင်း ဝန်ကြီး ဘလင်ကင်က ထပ်လောင်း ပြောကြားပါတယ်။
မနေ့ အင်္ဂါနေ့တုန်းက အစ္စရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်းကလည်း မစ္စတာ ဘလင်ကင် အလားတူ ပြောဆိုခဲ့ပါတယ်။ သူတွေ့ဆုံ ထားသမျှ ဒေသတွင်း အာရပ်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ စစ်ပွဲအလွန် ဂါဇာ အရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆိုရင် ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေး ဆိုတဲ့ အချက်ကို အခြေခံမူအဖြစ် ဆွဲကိုင်မှ ဖြစ်မယ်လို့ အသီးသီး ပြောကြကြောင်း ဝန်ကြီးဘလင်ကင်က အစ္စရေးထံ စကား လက်ဆင့်ကမ်း ထားပါတယ်။
ဝန်ကြီး ဘလင်ကင် အလေးထား ပြောနေတဲ့ နောက်အချက်ကတော့ လက်ရှိ ဂါဇာစစ်ပွဲမှာ အရပ်သား သေဆုံးမှု အင်မတန် မြင့်မားနေတာကို မဖြစ်မနေ လျှော့ချဖို့ လိုတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဝန်ကြီး ဘလင်ဟာ အနောက်ဘက်ကမ်းခြေ ဒေသထဲ စကား ပြောဆိုတာတွေ ပြီးတဲ့အခါ၊ ဂျော်ဒန်နဲ့ အီဂျစ် နိုင်ငံတွေဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။
ပင်လယ်နီထဲ ဟူသီတွေ မစ်ဆိုင်းဒုံး အစင်း ၂၀ ကျော်သုံးပြီး တိုက်ခိုက်လာပြန်

ဓာတ်ပုံ ရင်းမြစ်, MOD
ပင်လယ်နီထဲမှာတော့ နိုင်ငံတကာ ကုန်တင် သင်္ဘောတွေကို ပစ်မှတ်ထားပြီး ယီမင် ဟူသီ သူပုန်တွေက သူတို့ တိုက်ခိုက်ဖူးသမျှ တွေထဲ အကြီးမားဆုံး အတိုင်းအတာ ပမာဏမျိုးနဲ့ တိုက်ခိုက်လာတာကို ဗြိတိန်နဲ့ အမေရိကန် စစ်သင်္ဘောတွေက အကာအကွယ်ပြုပေး နိုင်ခဲ့တယ် ဆိုပြီး ဗြိတိသျှ အစိုးရက ပြောပါတယ်။
ဟူသီတွေ ပစ်လွှတ်ခဲ့တဲ့ မစ်ဆိုင်းဒုံး အစင်း ၂၀ ကျော်နဲ့ ဒရုန်းတွေကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ လူထိခိုက် ဒဏ်ရာရတာ၊ ကုန်တင် သင်္ဘောတွေ ထိခိုက်ပျက်စီး သွားတာမျိုး ရှိတယ်လို့ မကြားရပါဘူး။
ပင်လယ်နီထဲ တိုက်ခိုက်နေတာတွေကို အမြန်ဆုံး ရပ်ဖို့ တောင်းဆိုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထဲ မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
အီကွေဒေါ ရုပ်သံလွှင့်ရုံထဲ သေနတ်သမားတွေ ဝင်ရောက်စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီကွေဒေါ နိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက် ပေါ်ပေါက်လာအောင် နောက်ကွယ်ကနေ ကြိုးကိုင်နေကြတဲ့ ရာဇဝတ် ဂိုဏ်းတွေနဲ့ကြား ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်မှာ မဟုတ်ဘူးလို့ အီကွေဒေါ စစ်တပ်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီကွေဒေါရဲ့ ဆိပ်ကမ်းမြို့ ဂါယူကွေးလ်ရဲ့ ရုပ်သံရုံထဲ တိုက်ရိုက်ထုတ်လွှင့်နေတုန်း သေနတ်သမားတွေ စီးနင်း ဝင်ရောက် ခဲ့ကြပါတယ်။ အဲဒီသူတွေကို အခု ထိန်းသိမ်းထားနိုင်ပြီလို့ နားလည်ရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အီကွေဒေါမှာ အင်အားအကြီးဆုံး မူးယစ်ရာဇာ ထောင် ဖောက်ပြေးသွားတဲ့နောက် နိုင်ငံအနှံ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ၊ အဆောက်အအုံ တွေထဲ ဝင်ရောက် စီးနင်းမှုတွေ ပေါ်ပေါက်လာပြီး လူတွေလည်း ၁၀ ယောက်ထက် မနည်း သေဆုံးခဲ့ကြရပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် အီကွေဒေါသမ္မတ ဒဲန်နီရယ် နိုဘိုအာက တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ သေနတ်သမားတွေ စီးနင်းစဉ် ဂါယူကွေးလ် ရုပ်သံရုံထဲ ရှိနေခဲ့တဲ့ ဝန်ထမ်းတစ်ဦးက သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ အဲဒီ အချိန် သတင်းခန်းထဲ ရှိနေကြတာပါ။ လုပ်ဖော်ကိုင်ဘက် တစ်ယောက်က လုံးဝ သွေးပျက် ခြောက်ခြားနေတဲ့ ရုပ်နဲ့ ရောက်လာပြီး ငါတို့ကို သတ်ဖို့ လာနေကြပြီလို့ လာပြောပါတယ်။
သေနတ်သံ တချို့နဲ့ ဆူဆူညံညံ အသံတွေကို ကြားရပါတယ်။
အဲဒီနောက်မှာတော့ ကျွန်တော့် ဆဲလ်ဖုန်းကို ကောက်ကိုင်ပြီး လုံခြုံမယ် ထင်တဲ့ နေရာဆီ အရူးတစ်ယောက်လို ထွက်ပြေးခဲ့ရပါတယ်” လို့ အမည် မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြန်ပြောင်း ပြောပါတယ်။
တောင်ကိုရီးယား သမ္မတလောင်းကို ဘာလို့ တိုက်ခိုက်ခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားနိုင်ငံမှာ အဓိက အတိုက်အခံ ခေါင်းဆောင် လီဂျေ-မြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မဲဆွယ်ပွဲ တစ်ခုမှာ လည်ပင်းကို ဓားနဲ့ထိုးပြီး တိုက်ခိုက်ခဲ့သူရဲ့ အကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုပါတယ်။
ဘူဆန်ရဲတပ်ဖွဲ့ရဲ့ ရဲမင်းကြီး ဝူ ချောင်-မွန်က အခုလို ဆိုပါတယ်။
“အဲဒီသူဟာ တိုက်ခိုက်ခံရသူ သမ္မတ မဖြစ်အောင် တားဆီးဖို့ အတွက် အခုလို သတ်ဖြတ်ဖို့ အထိ လုပ်ခဲ့တာ ဆိုပြီး သိရပါတယ်။ လီဂျေမြောင်း အပေါ် အကျင့်ပျက် စွဲချက်တွေ ရှိပေမယ့် တရားရေး စနစ်က ထိရောက်အောင် အရေးမယူနိုင်တဲ့ အတွက်၊ လီဂျေမြောင်း သမ္မတ ဖြစ်မလာအောင် သူကိုယ်တိုင် တားမှ ဖြစ်တော့မယ် ဆိုပြီး အခုလို ကျူးလွန်နိုင်အောင် အချိန်ယူ ကြိုတင် ပြင်ဆင် ထားခဲ့သူ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပွတ်ကာသီကာ ရှုံးခဲ့တဲ့ လီဂျေမြောင်းဟာ အလားအလာကောင်းတဲ့ သမ္မတလောင်း တစ်ဦး အဖြစ် အခု အချိန်မှာလည်း ရပ်တည် နေပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ် တိုက်ခိုက် ခံရမှု အတွင်း လည်ပင်းမှာ ပေါက်ပြဲ ဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရပဲ အခုဆို ဆေးရုံကနေ ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်ဘောလုံးအသင်း နည်းပြဟောင်း အကျင့်ပျက်မှုတွေ အကြောင်း ဖွင့်ဟ ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံ လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းရဲ့ နည်းပြဟောင်း လီတိုင်ဟာ အကျင့်ပျက် ခြစားမှုတွေ ကျူးလွန်ခဲ့ကြောင်း၊ လုပ်ပွဲတွေ ဖန်တီးခဲ့တာတွေ ရှိကြောင်း ဝန်ခံပါတယ်။ ကိုယ်တိုင် လက်ခံခဲ့တာ ရှိသလို သူကိုင်တွယ်တဲ့ ကလပ်အသင်းတွေ အတန်းတက်ဖို့ လာဘ်ပေးခဲ့တာမျိုးတွေလည်း ကျူးလွန်ခဲ့ကြောင်း လီတိုင်က ပြောပါတယ်။
တရုတ်နိုင်ငံ တဝန်း ပြသတဲ့ ရုပ်မြင်သံကြားလိုင်းကနေ ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်သံအစီအစဉ် တစ်ခုထဲ လီတိုင်က သူကိုယ်တိုင် ကျူးလွန်ခဲ့တာတွေရော၊ တခြားသူတွေရဲ့ အကြောင်းတွေကိုပါ ထုတ်ပြောလာခဲ့တာပါ။ တရုတ် ဘောလုံးလောကထဲက ထိပ်တန်း တာဝန်ရှိသူတွေ လတ်တလော စစ်ဆေးမေးမြန်း ခံနေရပါတယ်။
လီတိုင်ဟာ ကစားသမား အဖြစ်လည်း နိုင်ငံကို ကိုယ်စားပြု ကစား ခဲ့သူ ဖြစ်ပြီး၊ အင်္ဂလိပ် ပရီမီယာလိဂ် အသင်း အဲဗာတန်မှာလည်း လာရောက် ကစားဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက် မန်နေဂျာ အဖြစ် ကူးပြောင်းခဲ့ပြီး ၂၀၂၀ မှာ နိုင်ငံလက်ရွေးစင် အသင်းကို ကိုင်တွယ် ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာတော့ အကျင့်ပျက် စွဲချက်တွေနဲ့ ဖမ်းဆီး ခံခဲ့ရပါတယ်။








