အစ္စရေး ဂါဇာ စစ်ပွဲ - စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အော်န်ညာ ဂါလာဟာ
- ရာထူးတာဝန်, ဘိဘီစီ ကမ္ဘာတစ်လွှား
အစ္စရေးဟာ ဂါဇာကမ်းမြောင်ထဲမှာ နေထိုင်သူတွေ အတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို နည်းနည်းချင်းစီသာ ပေးဝင်စေခြင်းအားဖြင့် ဂါဇာကလူတွေကို စုပေါင်းပြစ်ဒဏ်ပေးနေတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
အစ္စရေးကတော့ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ပြောပြီး ဟားမတ်စ် အစ္စလာမ်မစ် အဖွဲ့ကို ချေမှုန်းဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်က ဂါဇာထဲက ဟားမတ်စ် သေနတ်သမားတွေ အစ္စရေးထဲကို ဝင်ပြီး လူ ၁,၄၀၀ သေဆုံးတဲ့အထိ တိုက်ခိုက်ခဲ့ပြီးနောက် နောက်ထပ် လူ ၂၀၀ ကျော်ကိုလည်း ဓားစာခံ အဖြစ်ဖမ်းသွားခဲ့ပြီး နောက်ပိုင်း ကတည်းက အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်း အရပ်သားပြည်သူတွေကို စုပေါင်းပြစ်ဒဏ် သဖွယ် တိုက်ခိုက်နေတာတွေ၊ အတင်းအကြပ် ရွှေ့ပြောင်း တိမ်းရှောင်ခိုင်းနေတာတွေဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က နိုဝင်ဘာ ၈ ရက်နေ့က ပြောခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂက ဟားမတ်စ်ကလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာပဲလို့ ပြောပါတယ်။ ဂါဇာထဲမှာ လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ဟားမတ်စ်ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေ
ကုလသမဂ္ဂက ဘယ်စစ်မှာမဆို အရပ်သူအရပ်သားတွေ အပေါ် အရင်ဆုံး ကာကွယ်ပေးဖို့ လိုပါတယ်။ ဘယ်ဘက်ကမှ ဥပဒေအထက်မှာ မရှိပါဘူး။ ဒါဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ဥပဒေကို ဘယ်ဘက်ကမှ တဖက်က ချိုးဖောက်လို့ လုပ်ရပါတယ်ဆိုပြီး ဆင်ခြေပေးလို့ မရဘူးလို့လည်း ယူကေက Essex Law School and Human Rights Centre ရဲ့ တွဲဖက်ပါမောက္ခ တာရာ ဗန် ဟိုက ပြောပါတယ်။
အလားတူပဲ အစ္စရေးနဲ့ ပါလက်စတိုင်း အစိုးရတွေနဲ့ ဟားမတ်စ်တို့အကြား သြဇာအာဏာ ကွာဟမှုတွေရှိနေလည်း အားလုံး တန်းတူ လိုက်နာဆောင်ရွက်ရမှာပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျနီဗာ ကွန်ဗင်းရှင်း ဆိုတာ
ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၃၉ ကနေ ၁၉၄၅ အတွင်း ဂျူးလူမျိုး ၆ သန်းကို နာဇီတွေ သတ်ဖြတ်ခဲ့တဲ့ နောက်ပိုင်း ဒီသဘောတူညီချက်ကို ထပ်တိုးချဲ့ခဲ့သလို ကုလသမဂ္ဂ အဖွဲ့ တည်ထောင်ရာမှာလည်း အုတ်မြစ်သဖွယ် အခြေခံခဲ့ပါတယ်။
၁၉၄၉ ဂျနီဗာ သဘောတူညီချက် မှာ လိုက်နာရန် အဓိက အချက်ကြီး ၄ ချက်ရှိပါတယ်။
- ၁။ ဆေးဝန်ထမ်းနဲ့ ဆေးရုံတွေကို ကာကွယ်ပေးရမယ့်အပြင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရပါမယ်
- ၂။ တိုက်ပွဲမှာ ဒဏ်ရာရရှိထားသူတွေနဲ့ ဆက်လက် မတိုက်ခိုက်နိုင်တော့သူ မှန်သမျှ ဆေးကုသခွင့် ရှိရပါမယ်
- ၃။ စစ်သုံ့ပန်းတွေကို လူဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရပါမယ်
- ၄။ တိုက်ခိုက်နေကြတဲ့ သူတွေအားလုံးဟာ အရပ်သူ အရပ်သားတွေကို ကာကွယ်မှု ပေးဖို့ တာဝန်ရှိပါတယ်။ (အဲဒီ အထဲမှာ အများပြည်သူ သုံးစွဲနေတဲ့ သောက်သုံးရေနဲ့ လျှပ်စစ်ဓာတ်အား ဆိုင်ရာ အရပ်ဘက် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ မလုပ်ဖို့လည်း ရှောင်ကျဉ်ဖို့လည်း ပါဝင်ပါတယ်။ )

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမျိုးတုံး သတ်ဖြတ်မှု
ဒီစကားလုံးကို စသုံးသူက ပိုလန်ဖွား ဂျူးလူမျိုး ရှေ့နေ ရာဖေးလ် လမ်ကင် ဖြစ်ပါတယ်။ ဟောလိုကော့စ်မှာ သူ့ရဲ့ မိသားစုဝင် အများအပြား ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှာ လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ Genocide Convention ကို ကုလသမဂ္ဂမှာ အတည်ပြုခဲ့ကြပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု Genocide ဆိုရာမှာ ကျူးလွန်သူတွေက စစ်ဘက် ဒါမှမဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တဦး သို့မဟုတ် အဖွဲ့ဝင်တချို့ကို သတ်ဖြတ်တာမျိုးမဟုတ်ဘဲ သူတို့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းရဲ့ တခုလုံးရဲ့ ဖြစ်တည်နေမှု သို့မဟုတ် တစိတ်တပိုင်းကို ဖျက်ဆီး ပစ်တာကို ဆိုလိုပါတယ်လို့ ဒေါက်တာ ဗန် ဟိုက ပြောပါတယ်။
ဒီလို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို ပြသနိုင်ဖို့ လိုအပ်တဲ့ အတွက်လည်း ဒီ လူမျိုးတုံး သတ်ဖြတ်မှု Genocide ဆိုတာဟာ ကျူးလွန်ကြောင်း သက်သေပြဖို့ အတွက် အခက်ခဲဆုံး နိုင်ငံတကာ ရာဇဝတ်မှု ဖြစ်ပါတယ်။ အဲဒီ Genocide ထဲမှာ သတ်ဖြတ်တာ၊ မွေးဖွားမှုကို တားဆီးတာနဲ့ ကလေးသူငယ်တွေကို အတင်းအကြပ် ရွှေ့ပြောင်း နေရာချတာတွေ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီ Genocide နဲ့ ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံရသူက ရဝမ်ဒါက ယန်းပေါ်လ် အာ့ကာယေးဆု ဖြစ်ပါတယ်။ သူ့ကို တွတ်ဆီ လူမျုး ၈၀၀,၀၀၀ လောက်သေဆုံးခဲ့ရတဲ့ ၁၉၉၄ ခုနှစ်အတွင်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေမှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ၁၉၉၈ ခုနှစ်က ကုလသမဂ္ဂရဲ့ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ ရဝမ်ဒါအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးမှာ ပြစ်ဒဏ်ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ တရားရုံးတွေမှာ နောက်ထပ် ပြစ်မှု ၂ ခုကို လည်း စစ်ဆေးခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေ အတွင်း ကမ္ဘောဒီးယားမှာ ခမာနီတွေ အုပ်စိုးစဉ်က လူနည်းစု ချမ်းနဲ့ ဗီယက်နမ် လူမျိုးတွေကို သတ်ဖြတ်မှုနဲ့ ၁၉၉၅ ခုနှစ်က ဘော့စနီးယားမှာ မွတ်စလင် အရွယ်ရောက်ပြီ အမျိုးသားတွေနဲ့ အရွယ်မရောက်သေးတဲ့ ယောကျ်ားလေး ၈,၀၀၀ လောက် သတ်ဖြတ်ခံရမှုတွေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ
လူမျိုးတုံးသတ်ဖြတ်မှုလို တခုသော လူမျိုးအလိုက်၊ အဖွဲ့အလိုက် မဟုတ်ဘဲ အရပ်သား အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။ အဲဒီအထဲမှာ သတ်ဖြတ်တာ၊ နှင်ထုတ်တာ၊ ကျွန်ပြုတာ၊ လိင်အကြမ်းဖက်တာ၊ လူမျိုး အသားအရောင်ခွဲခြား ဆက်ဆံတာ၊ နှိပ်စက်ညှဉ်းပန်းတာ နဲ့ ပျောက်ကွယ်သွားအောင် လုပ်တာတွေ ပါဝင်ပါတယ်။
အရင်ဆုံးတော့ အရပ်ပြည်သူတွေကို အမှန်တကယ် ပစ်မှတ်ထားပြီး တိုက်ခိုက်သလား၊ စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ တခြား တစုံတယောက်၊ အရာတခုခုကို ပစ်မှတ်ထားရင်း အရပ်ပြည်သူတွေထိခိုက်သွားတာလား ဆိုတာကို ခွဲခြားရပါတယ်။
ဒုတိယ အနေနဲ့ အဲဒီ တိုက်ခိုက်မှုတွေကို လုပ်တဲ့ အဖွဲ့ အစည်းကို ကြည့်ရပါမယ်။ နေရာအနှံ့မှာ ဖြစ်နေသလား၊ စနစ်တကျ လုပ်တာလား၊ ပါဝင်ပတ်သက်သူတွေ ကိုယ်တိုင်ကလည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သိရှိထားသလား ဆိုတာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ရာဇ၀တ်မှု ဆိုသည်မှာ
နိုင်ငံတွေအကြား စစ်ဖြစ်ပွားချိန်နဲ့ ပြည်တွင်းစစ် ကာလမျိုးတွေမှာ ဒီလို စစ်ရာဇဝတ်မှုမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။
စစ်ရာဇဝတ်မှု ဆိုတာကို အမျိုးမျိုးသော သဘောတူ စာချုပ်တွေ အဓိပ္ပာယ်ဖွင့်ပုံ အများကြီး ရှိပါတယ်။ အဲဒီ အထဲမှာမှ အတူဆုံး အချက်ကို ပြပါဆိုရင်တော့ ကာကွယ်မှု ပေးရမယ့် အရပ်သူအရပ်သားတွေကို မလိုအပ်ဘဲ အန္တရာယ်ပြုတာ ဒါမှမဟုတ် လူမှုကူညီကယ်ဆယ်ရေး ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ အခက်အခဲ ဖြစ်အောင် လုပ်တာမျိုးတွေ ဖြစ်ပါတယ်လို့ ဒေါက်တာဟိုက ပြောပါတယ်။
ဒီပြစ်မှုတွေကို ဘယ်လို စွဲချက်တင်သလဲ
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး The International Court of Justice (ICJ) မှာ တနိုင်ငံနဲ့ တနိုင်ငံအကြား တရားစွဲဆိုနိုင်ပါတယ်။
လက်ရှိ (ICJ) မှာ ကြားနာနေတာကတော့ ၂၀၁၇ က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ၁ သန်းနီးပါး ထွက်ပြေးခဲ့ရတာနဲ့ပတ်သက်လို့ ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ICC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး The International Criminal Court (ICC) ကို ၂၀၀၂ ခုနှစ်က ဒီလိုပြစ်မှုမျိုးတွေ ကျူးလွန်ထားတဲ့ လူတဦးတယောက်ချင်းစီကို စွဲချက်တင်နိုင်ဖို့ တည်ထောင်ခဲ့ကြပါတယ်။ နိုင်ငံအလိုက် အာဏာပိုင် အဖွဲ့အစည်းတွေဘက်က တရားစွဲတာမျိုး မလုပ်နိုင်ရင် မလုပ်တော့ဘူးဆိုရင် (ICC) က ကြားဝင်ဆောင်ရွက်ပေး ပါတယ်။
(ICC) မှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အစ္စရေး ပါ၀င်လက်မှတ်ရေးထိုးမထားပါဘူး။ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ကတော့ ၂၀၁၅ မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ (ICC) ရဲ့ ရှေ့နေ ခါရင်မ် ခန်း ဟာ မကြာသေးခင်က အီဂျစ်ကို သွားရောက်ခဲ့ပေမယ့် အဲဒီကနေ ဂါဇာထဲအထိ ဆက်သွားလို့ မရခဲ့ပါဘူး။ သတင်းစာ ရှင်းလင်းပွဲမှာ သူက အစ္စရေး စစ်တပ်ကို သတိပေးခဲ့ပါတယ်။
အပြစ်မဲ့ အရပ်သား ပြည်သူတွေနဲ့ ကာကွယ်စောင့်ရှောက်ရမယ့် အရာတွေအပေါ်မှာ ထိခိုက်နစ်နာစေတဲ့ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ချမှတ်ထားတဲ့ စစ်မက်ဆိုင်ရာ ဥပဒေသတွေကို လိုက်နာခဲ့တယ်ဆိုတာ သက်သေပြနိုင်ရပါမယ်။
ဘယ်လို လူနေအိမ်ခြေမျိုးမဆို၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဝတ်ပြုဆုတောင်းရာ နေရာမဆို စောင့်ရှောက် ကာကွယ်ရမယ်ဆိုတဲ့ အနေအထား မဆုံးရှုံးသေး သမျှ ကာကွယ်မှု ပေးရပါမယ်။ ဒီ စောင့်ရောက်ကာကွယ်မှုပေးရန် ဆိုတဲ့ သတ်မှတ်ချက် မျိုးမရှိတော့ဘူး ဆိုတာကို ကျည်တတောင့်၊ ဒုံတစင်း ပစ်လွှတ်လိုက်တဲ့ ဘက်က အဖြေပေးရမယ့် တာဝန်ရှိပါတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟားမတ်စ်ရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အစ္စရေးလူမျိုးတွေကလည်း အစ္စရေး အစိုးရက ဆန့်ကျင်နေတဲ့ ကြားကပဲ (ICC) ကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တယ်လ် အဗီးမြို့က Reichmann University က ကထိကနဲ့ နိုင်ငံတကာ ရာဇဝတ် ရှေ့နေ ယေးလ် ဗိုင်ယာ့စ် ဂဗစ်စ်မန်းက ဒီ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ၊ ဓားစာခံ အဖြစ်ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးနေသူ ၄၀ ကျော်ရဲ့ မိသားစုတွေကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ သူက ဟားမတ်စ်နဲ့ အစ္စလာမ်မစ် ဂျီဟဒ်တွေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။
ICC အနေနဲ့ သူတို့ရဲ့ တာဝန်တွေကို အကောင်အထည် ဖော်နိုင်ပါစေ။ နစ်နာခဲ့ရသူတွေ အတွက် မှန်ကန်တဲ့ တရားမျှတမှုတွေ ရသင့်ပါတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါက်တာ ဗန်ဟိုကတော့ တာဝန်ယူမှု ရှိဖို့ ကြိုးစားနေတာတွေဟာ အချည်းနှီး ဖြစ်မှာ မဟုတ်ကြောင်း ဒါပေမယ့် တဖက်မှာ သြဇာကြီးသူတွေ ဘာတွေ လုပ်နေကြသလဲ ဆိုတာကိုလည်း မေ့မထားကြောင်း ပြောပါတယ်။
ICC အတွက် အဓိက အတားအဆီး တခုက တချို့အချက်အလက်တွေဟာ နိုင်ငံတနိုင်ငံ သို့မဟုတ် လက်နက်ကိုင် အဖွဲ့အစည်း တခုစီမှာပဲ ရှိနေတာမျိုး သူတို့ကလည်း လိုလိုလားလား မပေးချင်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတိုင်းက သူ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သာ ရှေ့တန်းတင်နေတတ်တဲ့ အခါမှာ တရားမျှတမှုနဲ့ တာဝန်ယူမှုတွေ ရှိဖို့ ကြိုးစားရမှာ ရေဆန်လမ်းကို လှော်ရသလို ဖြစ်နေတယ်လို့ ဒေါက်တာ ဗန် ဟိုက ပြောပါတယ်။
အဲဒီလို ရွေးချယ်သွားသူတွေကြောင့် တဖက်မှာလည်း အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ သေကြေပျက်စီးနေရတာကို စိတ်မကောင်းဖွယ့် တွေ့နေရတယ်လို့ သူက ဆိုပါတယ်။








