ဖေဖော်ဝါရီ ၅ ရက် ညချမ်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်ဆန္ဒပြသမား အများအပြားကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမီနီ (Ayatollah Ali Khamenei) ဟာ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေတဲ့ အကျဥ်းသား အများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ အီရန် အစိုးရပိုင် ရုပ်သံမီဒီယာကနေ ကြေညာပါတယ်။
တရားရေးဌာန အကြီးအကဲရဲ့ အဆိုပြုချက်ကို ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမီနီ (Ayatollah Ali Khamenei) က တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် လူငယ်တွေ အပါအဝင် လူတချို့ဟာ ရန်သူရဲ့ ဝါဒဖြန့်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရာဇဝတ်မှုတွေနဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောထားတဲ့အကြောင်း တရားရေးဌာန အကြီးအကဲရဲ့ စာထဲမှာ ရေးသားထားတယ်လို့လည်း အီရန်နိုင်ငံတွင်းက သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
နိုင်ငံခြား အေဂျင်စီတွေအတွက် သူလျှိုလုပ်မှု၊ လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ နိုင်ငံပိုင် အဆောက်အအုံတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် မီးရှို့တာတွေနဲ့ စွဲချက်တင်ခံထားရသူတွေတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ ချန်လှပ်ထားခံခဲ့ရပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုဆိုးရွားခဲ့တဲ့ တရုတ် မိုးပျံပူဖောင်း ပြဿနာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖေဖော်ဝါရီလ ၄ ရက်နေ့က တောင်ကယ်ရိုလိုင်းနား ကမ်းခြေကနေ ပစ်ချခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စောင့်ကြည့်ရေး မိုးပျံပူဖောင်းကြီးတစ်လုံးရဲ့ အပျက်အစီးတွေကို ပြန်ရဖို့ အမေရိကန် ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ လုပ်ဆောင်နေပါတယ်။
အပျက်အစီးတွေဟာ ရေတိမ်ပိုင်းထဲကို ကျသွားခဲ့ပြီး ကျယ်ပြန့်တဲ့ နေရာတခုမှာ ပြန့်ကြဲသွားတယ်လို့လည်း ပြောဆိုကြပါတယ်။
အဲဒီအပျက်အစီးတွေရရင် အမေရိကန် ပညာရှင်တွေက တရုတ်နိုင်ငံရဲ့ ပစ္စည်းကိရိယာတွေကို ဆန်းစစ်နိုင်မှာ ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူတယောက်က ပြောပါတယ်။
လမ်းလွဲပြီးရောက်သွားတဲ့ ရာသီဥတု လေ့လာတဲ့ မိုးပျံပူဖောင်းလို့ ခုခံပြောဆိုနေတဲ့ တရုတ်နိုင်ငံကတော့ ပစ်ချဖို့ ဆုံးဖြတ်ချက်ဟာ လွန်လွန်ကဲကဲ တုံ့ပြန်တာ ဖြစ်တယ်လို့ဆိုပြီး ရှုတ်ချလိုက်ပါတယ်။
ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ဒါဟာ လက်သင့်မခံနိုင်တဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်မှုတခုဖြစ်ပြီး စစ်တပ်အဆောက်အအုံတွေကို စောင့်ကြည့်ဖို့အတွက် အမေရိကန်နိုင်ငံတွင်းကို ရည်ရွယ်ချက်ရှိရှိ ဖြတ်ကျော်ဝင်ရောက်လာတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ကိုလံဘီယာနိုင်ငံမြောက်ပိုင်းက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ မိုးပျံ ပူဖောင်းတစ်လုံးကို ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ကိုလံဘီယာ လေတပ်က အတည်ပြုပါတယ်။
ကိုလံဘီယာ လေပိုင်နက်ထဲကနေ မထွက်မချင်း အဲဒီ ပူဖောင်းကို စောင့်ကြည့်ခဲ့ပြီး ဒါဟာ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်တာ မဟုတ်ဘူးလို့ ကောက်ချက်ချက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီပူဖောင်းကြီး ဘယ်ကလာသလဲဆိုတာ ကောက်ချက်စွဲဖို့ တခြားနိုင်ငံတွေနဲ့အတူ စစ်ဆေးနေတယ်လို့လည်း ကိုလံဘီယာ လေတပ်က ပြောပါတယ်။
မိုးပျံပူဖောင်းကြီးကို ကော်စတာရီကာနဲ့ ဗင်နီဇွဲလား နိုင်ငံတွေမှာလည်း တွေ့ရှိခဲ့ပါတယ်။
ထိုးစစ်ထိုးခံနေရတဲ့ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒိန်းညှပ်စ် ဒေသတွင်းက အပြင်းအထန် ထိုးစစ်ထိုးခံနေရတဲ့ ဘဂ်မှူး၊ ၊ ဗူဟလေးဒါး နဲ့ လေးမန်းမြို့တွေက ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အင်မတန်ခက်ခဲတဲ့ အခြေအနေတခုနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ ဇလန်းစကီးက သတိပေးလိုက်ပါတယ်။
ယူကရိန်း ခုခံကာကွယ်မှုတွေကို ချိုးဖျက်ဖို့ ရုရှားဘက်က ကြိုးစားတဲ့အနေနဲ့ တိုက်ပွဲအတွင်းကို တပ်ဖွဲ့ဝင်တွေ ပိုပို စေလွှတ်နေလို့ အဲဒီက ရှေ့တန်းစစ်မြေပြင်ရဲ့ အခြေအနေဟာ ပိုပြီး ကြမ်းတမ်းလာနေတယ်လို့လည်း သူက ဆိုပါတယ်။
အဲဒီဒေသတွင်းအခြေအနေနဲ့ ပတ်သက်လို့ အခုနောက်ဆုံး ဆန်းစစ်ချက်တစ်ခုမှာတော့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ မြို့ကို ဝိုင်းထားဖို့ ကြိုးစားနေလို့ ဘဂ်မှူးမြို့က ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ တဖြည်းဖြည်း အဆက်အသွယ် ပြတ်တောက်လာနေတယ်လို့ ဗြိတိသျှ စစ်ထောက်ရေးအဖွဲ့က ပြောပါတယ်။
ဘဂ်မှူးမြို့က အဓိက လမ်းမကြီးနှစ်ခုဟာလည်း ပစ်ခတ်မှုတွေကြောင့် ခြိမ်းခြောက်ခံရနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်အလွန် ထိုင်ဝမ် နည်းပညာကုမ္ပဏီကြီးရဲ့ ဝင်ငွေတွေ မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ် လျှပ်စစ် နည်းပညာကုမ္ပဏီကြီး Foxconn ရဲ့ ဇန်နဝါရီလ ဝင်ငွေဟာ ပြီးခဲ့တဲ့ တစ်နှစ်ကထက် ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ Foxconn ကုမ္ပဏီက ပြောပါတယ်။
တရုတ်နိုင်ငံတွင်းမှာ ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်မှုတွေ နှစ်နဲ့ချီ ရှိပြီးနောက်ပိုင်း ကမ္ဘာ့ အကြီးဆုံး အိုင်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ Foxconn အတွက် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
သူတို့ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့လက အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး တရုတ်ပြည်မကြီးအတွင်းက ဂျန့်ဂျိုးမြို့မှာ ရှိတဲ့ အဓိက ကုန်ထုတ်လုပ်မှု နေရာတွေထဲက တစ်ခုကနေ ကုန်တင်ပို့မှုတွေ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တင်းကျပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေအပေါ်မှာ အလုပ်ထွက်တာနဲ့ တစ်ခါတစ်ရံ အကြမ်းဖက် ဆန္ဒပြပွဲတွေ နောက်ပိုင်း ဘောနပ်စ် အပိုဆုကြေး လစာတွေ ပေးဖို့ နှောင်းနှေးခဲ့တဲ့အတွက် အလုပ်သမားတွေကို Foxconn ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တောင်းပန်ခဲ့ပါတယ်။








