ကင်ဂျုံအွန်းနဲ့ ပူတင် အာကာသစင်တာမှာ တွေ့ဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကင်ဂျုံအွန်းနဲ့ ဗလာဒီမီယာ ပူတင်တို့ဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်ကျင်းပနေတဲ့ ဗလာဒီဗော့စတော့မြို့မှာ တွေ့မယ်လို့ ယူဆခဲ့ကြပေမဲ့ အခုအခါမှာတော့ ရုရှားရဲ့ အာကာသစင်တာရှိရာ ဗော့စတော့ချနီ ကော့စမိုဒရုန်းမှာ တွေ့နိုင်ဖွယ်ရှိတယ်လို့ အာရှဒေသတွင်းနဲ့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ကင်ဂျုံအွန်းရဲ့ ရထားလမ်းကြောင်းကို ဂြိုဟ်တုပုံရိပ်တွေကနေ ဘီဘီစီအပါအဝင် သတင်းမီဒီယာတွေက စောင့်ကြည့်နေပေမဲ့ အခုချိန်ထိ အသေးစိတ်ပုံရိပ်တွေ မမြင်ကြရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, EPA
တကယ်လို့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ကင်ဂျုံအွန်းတက်ရောက်မယ်ဆိုရင်တော့ သူဟာ အာရှဒေသတွင်းက တက်တဲ့ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်ပါလိမ့်မယ်။
ဒီအစည်းအဝေးဟာ အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ရုရှားက ရည်ရွယ်ထားတာပါ။ အရင်က တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ တက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် ဒီနှစ်မှာတော့ နိုင်ငံအကြီးအကဲအဆင့်တွေ တက်ရောက်တာ မရှိတော့ပါဘူး။
တရုတ်နိုင်ငံဆိုရင် အရင်က သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ဒီဖိုရမ်မှာ မိန့်ခွန်းပြောဖူးပေမဲ့ ဒီနှစ်တော့ မတက်ရောက်ပါဘူး။
“ဒီနှစ်က ရုရှားရဲ့ အထီးကျန်မှုကို ပြသတာပါပဲ” လို့ အေးရှားဆိုဆိုက်တီ အဖွဲ့က တရုတ်-ရုရှားအရေးကျွမ်းကျင်သူ ဖိလစ် အိုင်ဗန်နော့ဗ်က ပြောပါတယ်။
“ကမ္ဘာ့တောင်ပိုင်း (ဖွံ့ဖြိုးဆဲနိုင်ငံတွေ)က ယူကရိန်းစစ်ကို ရှုတ်ချတာမျိုး လုပ်ချင်မှ လုပ်မှာဖြစ်ပေမဲ့ တရုတ်အပါအဝင် နိုင်ငံအနည်းငယ်ကပဲ အန္တရာယ်များတဲ့ရုရှားရဲ့ ခြင်းတောင်းထဲ စီးပွားရေးကြက်ဥ အရဲစွန့်ထည့်နေကြတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း - ရုရှားရောက်ပြီ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့တွေ့ဖို့ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့ကို သွားရောက်နေပြီဖြစ်ပါတယ်။
ယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲအတွက် ရုရှားက မြောက်ကိုရီးယားကို လက်နက်ရောင်းချပေးစေချင်နေတာလို့ အမေရိကန်က ယူဆနေပါတယ်။
ကင်ဟာ သူ့ရဲ့ကျည်ကာအထူးရထားကြီးနဲ့ ညလုံးပေါက်ခရီးနှင်ပြီးတဲ့နောက်မှာ ရုရှားနိုင်ငံထဲ ရောက်သွားပြီဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ လာမယ့်ရက်တွေအတွင်း ဆွေးနွေးကြမယ်လို့ ရုရှားသမ္မတအိမ်တော် ကလင်မလင်နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူရဲ့ ဇူလိုင်လတုန်းက မြောက်ကိုရီးယားနိုင်ငံ ခရီးစဥ်အပြီးမှာ ကင်ရဲ့ အခု ရုရှားခရီးစဥ်ထွက်ပေါ်လာတာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ကင်ဂျုံအန် ဘာကြောင့် ရထားနဲ့ခရီးသွားတာလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာ့ခေါင်းဆောင်တွေ နိုင်ငံတကာခရီးသွားကြတဲ့အခါမှာ ရထားနဲ့သွားလာတမျိုး မတွေ့ရသလောက်ရှားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားက ကင်ခေါင်းဆောင်တွေကတော့ သံလည်းရှည်မှာ ဖြေးဖြေးနှေးနှေးခုတ်မောင်းတဲ့ သူတို့ရဲ့ နာမည်ကျော် အထူးရထားကိုသုံးပြီး မကြာခဏသွားတာတွေ့ရပါတယ်။
သူတို့ရထားတွဲ တစ်တွဲစီဟာ ကျည်ကာနိုင်စွမ်းရှိပြီး ပုံမှန်ရထားထက်ကို လေးတာကြောင့် ခုတ်မောင်းတဲ့အခါ နှေးပါတယ်။
ကင်ဂျုံအွန်းရဲ့ ပထမတစ်ခေါက် ဗလာဒီဗော့စတော့မြို့ ခရီးစဥ်ဟာ နာရီပေါင်း ၂၀ ကြာမြင့်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဖို့ ၂၀၁၉ တုန်းက ဗီယက်နမ်နိုင်ငံကို သွားခဲ့တဲ့ခရီးစဥ်မှာဆိုရင် နာရီပေါင်း ၆၀ ကျော်ကြာခဲ့ပါတယ်။
ကင်ရဲ့ ဖခင် ကင်ဂျုံအီဟာလည်း လေယာဥ်စီးရတာကို ကြောက်တတ်ပြီး နိုင်ငံထဲမှာ အသုံးပြုနေတဲ့ ဆိုဗီယက်ခေတ်ဟောင်း လေယာဥ်တွေကို မယုံကြည်တာလည်းရှိတယ်လို့ သတင်းတွေမှာဖော်ပြဖူးပါတယ်။
ကင်မိသားစုဟာ သူတို့လုံခြုံရေးအတွက် အထူးသတိထားကြပြီး ပြည်ပကိုသွားတဲ့ခရီးတွေမှာ အန္တရာယ်ကျမှာကို စိုးရိမ်ကြပုံပေါ်ပါတယ်။ ရထားတွေဟာ လမ်းကြောင်းထောက်ဖို့ ခက်ခဲပေမဲ့ လေယာဥ်တွေကတော့ ပစ်ချခံရနိုင်တဲ့အခြေရှိတာပါ။
၂၀၀၉ ခုနှစ်တုန်းက ဒေသန္တရသတင်းတစ်ပုဒ်မှာဆိုရင် အခုလိုခရီးမထွက်ခင်မှာ လမ်းကြောင်းရှင်းမရှင်း၊ ခြိမ်းခြောက်မှုရှိ မရှိကို လုံခြုံရေးရထားတစ်စင်းက ရှေ့ပြေးစစ်ဆေးတယ်လို့ ဆိုပါတယ်။
ဒုံးပျံလွှတ်တင်ရာနေရာကို ပူတင်သွားမယ်
ကင်ဂျုံအွန်းကို အစောပိုင်းမှာ တွေ့နိုင်ခြေရှိတဲ့ အာကာသစင်တာ ဗော့စတော့ချ်ညီ ဒုံးပျံလွှတ်တင်ရေးစင်တာကို သွားဖို့ရှိတယ်လို့ ရုရှားသမ္မတ ပူတင်ကပြောလာပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို သူ အဲဒီမှာ တွေ့ဆုံမလားဆိုတာကိုတော့ တိတိပပ မပြောပါဘူး။
အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားရာမှာတော့ ပူတင်က ''ကျွန်တော်အဲဒီရောက်တဲ့အခါ ခင်ဗျားတို့ သိရပါမယ်''လို့ ဆိုပြောထားတယ်ဆိုပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကင်ရဲ့ရထား ဗလားဒီဗော့စတော့မြို့ဆီမဟုတ်ဘဲ အူဆူရိစ်ခ်မြို့ရှိရာဆီ ဦးတည်နေ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းလိုက်ပါလာတဲ့ အထူးသီးသန့်ရထားတွဲဟာ ဗလာဒီဗော့စတော့မြို့ကို တန်းသွားမလားဆိုတာ ပိုပြီးမရှင်းလင်းတော့ပါဘူး။
ဘာကြောင့်လဲဆို ပြီးခဲ့တဲ့နာရီပိုင်းအတွင်း သတင်းဖော်ပြချက်တွေအရ ကင်ရဲ့ရထားစိမ်းကြီးဟာ ဗလာဒီဗော့စတော့မြို့ကို ကျော်သွားပြီး မြောက်ပိုင်းကို ဦးတည်နေတာကြောင့်ဖြစ်ပါတယ်။
ရုရှားနိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ Ria ကတော့ ကင်ရဲ့ ကျည်ကာရထားကြီးဟာ ဗလာဒီဗော့စတော့ မြောက်ပိုင်းက အူဆူရိစ်ခ်မြို့က ဘူတာတစ်ခုကို ဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီရထားဟာ ဗလာဒီဗော့စတော့မြို့ကိုသာ ဦးတည်သွားတယ်ဆိုရင် နယ်စပ်ဒေသခါဆန်မှာကတည်းက တောင်ပိုင်းကို လမ်းကြောင်း ပြောင်းခဲ့မှာလို့ အကဲခတ်တွေက ပြောပါတယ်။
ရုရှားအရာရှိတွေကို ရထားပေါ်ကဆင်းပြီး ကင် နှုတ်ဆက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဒီနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယား-ရုရှားနယ်စပ်က ခါဆန်ဘူတာရုံကိုရောက်တဲ့အခါ ရထားရပ်ပြီး ရုရှားကိုယ်စားလှယ်တွေကို ဆင်းနှုတ်ဆက်ခဲ့ပါတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကင်ရဲ့ ရထားဟာ ရုရှားသံလမ်းကို စတင်ပြောင်းလဲအသုံးပြုမှာဖြစ်လို့ နယ်စပ်မှာ ရပ်ပြီး ကြိုဆိုနှုတ်ဆက်ခံတာလို့ နားလည်ရပါတယ်။
ရထားဟာ သမ္မတပူတင် မနေ့ကတည်းက ကြိုရောက်နေတဲ့ စီးပွားရေးဖိုရမ်ကျင်းပရာ ဗလာဒီဗော့စတော့ ဆိပ်ကမ်းမြို့ကို ဦးတည်မယ်လို့နားလည်ရပါတယ်။
လက်နက်အသစ်တီထွင်နေပြီလို့ ပူတင်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီအတောအတွင်းမှာပဲ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ဗလာဒီဗော့စတော့ မြို့မှာကျင်းပတဲ့ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောထားတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန Tass က သတင်းထုတ်ပြန်ပါတယ်။
ရုရှားဟာ ''လေဆာ၊ အသံထက်မြန်ပြီး ရေဒီယိုကြိမ်နှုန်းစနစ်'' ပါတဲ့လက်နက်သစ်တွေကို ဖန်တီးနေတယ်လို့ သူကပြောထားပါတယ်။
မစ္စတာပူတင်ဟာ ရုရှားအရှေ့ဖျားဒေသမှာ တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို ဖြစ်လာအောင်ရည်ရွယ်တဲ့နှစ်စဥ်ကျင်းပနေကျ အရှေ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောတာဖြစ်ပါတယ်။ အခုနှစ် စီးပွားရေးဖိုရမ်ကတော့ ပြည်တွင်းကိုအလေးထားတာဖြစ်ပြီး အဆင့်မြင့်ဧည့်သည်တော်အချို့ပဲ တက်ရောက်တာတွေ့ရပါတယ်။
ကင်နဲ့သမ္မတ ပူတင်တို့ရဲ့တွေ့ဆုံပွဲကတော့ ဖိုရမ်ကျင်းပလို့ ပြီးစီးမယ့် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ပေါ်ပေါက်နိုင်ခြေရှိပါတယ်။
စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေကို အတူခေါ်လာတဲ့ ကင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြုံယမ်းနဲ့ မော်စကိုကြားက လက်နက်အပေးအယူဆိုင်ရာညှိနှိုင်းဆွေးနွေးတာတွေကို ''နီးနီးကပ်ကပ်စောင့်ကြည့်နေ''တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာရဲ့ ဖော်ပြချက်အရ ကင်ဂျုံအွန်းရဲ့ အခြံအရံတွေအဖြစ် စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ပါဝင်သွားတာ မြင်တွေ့ရပါတယ်။
အဲဒီထဲမှာ မြောက်ကိုရီးယားစစ်တပ် တပ်မှူး ရီယောင်ချို၊ သူ့လက်ထောက် ၂ ဦးဖြစ်တဲ့ ပတ်ဂျွန်ချွန်နဲ့ ဂျိုချွန်ယောင်း၊ မြောက်ကိုရီးယားလက်နက်ခဲယမ်းထုတ်ဌာနညွှန်ကြားရေးမှူးတို့ ပါဝင်ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ကြား အခုနှစ်မှာ ဆက်ဆံရေးနီးကပ်လာပြီးတဲ့နောက် ပြုံယမ်းဘက်ကလည်း မော်စကိုနဲ့ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။
ရုရှားကို ကင် ရောက်ပြီလို့ ရုရှားမီဒီယာတွေ အတည်ပြု
ကင်ဂျုံအွန်း ရုရှားကိုရောက်ပြီဆိုတဲ့အကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာ မီဒီယာတွေက သတင်းဖော်ပြပါတယ်။ ရုရှားကို ကင်ရောက်ပြီဆိုတဲ့အကြောင်း တောင်ကိုရီးယားဘက်က ပထမဆုံး သတိထားမိခဲ့တာပါ။
ရုရှားနိုင်ငံပိုင် မီဒီယာ RIA ကတော့ နိုင်ငံ့အရှေ့ပိုင်းကို ရောက်နေတဲ့ ဌာနသတင်းထောက်တစ်ယောက်ကို ကိုးကားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း စီးနင်းလိုက်ပါလာတယ်ဆိုတဲ့ အစိမ်းပုတ်ရောင်နဲ့ မီးခိုးရောင် ရထားတွဲတွေပါတဲ့ဗီဒီယိုတစ်ခုနဲ့ သတင်းထုတ်ပြန်ပါတယ်။








