အပစ်ရပ် မစခင် ဂါဇာမှာ အစ္စရေးက တိုက်ခိုက်မှုတွေ ဆက်လုပ်နေ-နိုဝင်ဘာလ ၂၂ ရက် ညပိုင်းနိုင်ငံတကာသတင်းများ

ဂါဇာမှာ တိုက်ခိုက်မှုတွေ ၄ ရက်ကြာ မရပ်စဲခင် အစ္စရေးက ဟားမတ်စ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေ ၄ ရက်ကြာ ရပ်စဲထားရေး အစီအစဉ် မတိုင်ခင် ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တွေရဲ့ စခန်းတွေကို ဆက်ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ အစ္စရေးက ပြောပါတယ်။

ဒီအပစ်အခတ် ရပ်စဲရေး ဘယ်တော့စမလဲ ဆိုတာကို ၂၄ နာရီအတွင်း ထုတ်ဖော်ကြေညာဖို့ ရှိပါတယ်။

ဒီအပစ်ရပ်သဘောတူချက်အရ ဟားမတ်စ်အဖွဲ့က ပြီးခဲ့တဲ့လက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံ ၅၀ ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

နောက်ထပ် အကျဉ်းသား ၁၀ ယောက် လွှတ်ပေးတိုင်း ဒီအပစ်ရပ်ရေး သဘောတူချက်ကို တစ်ရက်၊ တစ်ရက်စီ တိုးသွားမှာ ဖြစ်တယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာဒေသမှာ အစ္စရေးတပ်ဖွဲ့တွေ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မစတင်ခင်လေးမှာပဲ အလားတူ သဘောတူချက်တစ်ခုလုပ်ဖို့ အစ္စရေးအစိုးရက လက်မခံဘဲ ပယ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေကို အစ္စရေး အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ငြင်းဆိုခဲ့ပါတယ်။

ဂါဇာဒေသမှာ အပစ်အခတ် ဆိုင်းငံ့ထားရေး သဘောတူချက်ကို ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီသဘောတူချက် ရလာဖို့ ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာ ဝန်ကြီးချုပ် က ဒီသဘောတူချက်ကနေ စစ်ပွဲကြီး အဆုံးသတ်သွားစေဖို့ သူ့အနေနဲ့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဓားစာခံတွေ မကြာခင် သူတို့ မိသားစုတွေနဲ့ ပြန်လည်ဆုံစည်းနိုင်တော့မှာကို ကြိုဆိုပါကြောင်း ပြောသွား ပါတယ်။ ဒီသဘောတူချက် ရလာစေဖို့ အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ် အများအပြား သံတမန်ရေးအရ အားကြိုးမာန်တက် ကူညီဆောင်ရွက်ပေး ခဲ့တယ်လို့ သူက ချီးကျူးစကားပြောသွားခဲ့ပါတယ်။

ရောမမြို့မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဝင်တွေနဲ့ရော အစ္စရေးမှာ အကျဉ်းကျနေတဲ့ ပါလက်စတိုင်းတွေရဲ့ မိသားစုဝင်တွေနဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ကလည်း ဒီ သဘောတူချက်ဟာ ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ထိုင်းဓားစာခံ ၂၅ ဦးအတွက် သတင်းကောင်းတစ်ခု ဖြစ်တယ်လို့ ပြောသွားပါတယ်။

အစ္စလာမ်ဘာသာ ကိုးကွယ်မှုကို ကန့်သတ်ဖို့ တရုတ်အစိုးရက ကြိုးစားနေတဲ့ အထောက်အထားတွေ ထွက်ပေါ်လာ

တရုတ်၊ အစ္စလာမ်၊ ဗလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗလီတွေကို တရုတ်ပုံစံမျိုး ဖြစ်အောင် ဗိသုကာလက်ရာတွေကို တရုတ်အစိုးရက ပြင်ဆင်ပြောင်းလဲပစ်

တရုတ်နိုင်ငံမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တာကို ကန့်သတ်ဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်အစိုးရက ဗလီကျောင်းတွေကို ပိတ်ပစ်တာ၊ ဖြိုပစ်တာ၊ တခြားအဆောက်အအုံတွေအဖြစ် ပြောင်းပစ်တာတွေ လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေ ထွက်ပေါ်လာပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ဗလီကျောင်းတွေက မျှော်စင်တွေ အမိုးခုံးတွေလို၊ ဗိသုကာ လက်ရာတွေကို ဖယ်ရှားပစ်ပြီး တရုတ်ပုံစံ ပိုပေါက်အောင် လုပ်နေတယ် လို့လည်း Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံတွင်း အစ္စလာမ်ဘာသာအပေါ် ဖိနှိပ်တိုက်ခိုက်မှုတစ်ခုလုပ်နေတာကို အဲဒီအစီရင်ခံစာထဲမှာ အသေးစိတ် ဖော်ပြထားပါတယ်။ ရှင်ကျန်းပြည်နယ်က မွတ်ဆလင် ဝိဂါတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေရထားတာကတော့ နှစ်တွေချီနေပါပြီ။

ဗလီကျောင်းတွေကို တိုက်ခိုက်ဖျက်ဆီးမှုဟာ ဟွေ လူမျိုးစု နေထိုင်ရာ နင်ရှားနဲ့ ဂန်ဆုပြည်နယ်တွေမှာ ဖြစ်ပွားနေတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

ကနေဒါနိုင်ငံသားတွေကို အိန္ဒိယက ပြည်ဝင်ခွင့်ဗီဇာ ပြန်ထုတ်ပေး

အိန္ဒိယ၊ ကနေဒါ၊ ပြည်ဝင်ခွင့်ဗီဇာ

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့အပြီး ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုလုပ်ငန်းတွေ ၂ လနီးပါး ရပ်ဆိုင်းထား

ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့မှာ ဇွန်လတုန်းက ဆိခ် ခွဲထွက်ရေးလှုပ်ရှားသူတစ်ဦး အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ကနေဒါ နှစ်နိုင်ငံအကြား သံတမန်ရေး တင်းမာမှုတွေကြောင့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ၂ လနီးပါး ရပ်ဆိုင်းထားခဲ့အပြီး အခုအခါ အိန္ဒိယအစိုးရက ကနေဒါနိုင်ငံသားတွေကို အီလက်ထရောနစ် ပြည်ဝင်ခွင့်ဗီဇာတွေ ပြန်စထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံသား ဆိခ်လူမျိုး ဟာဒိပ် ဆင်း နီဂျာ အသတ်ခံရမှုမှာ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒို က ပြောခဲ့အပြီးမှာ တင်းမာမှုတွေ တိုးလာခဲ့တာပါ။

ဒေလီမြို့မှာရှိတဲ့ သံရုံးကနေ ကနေဒါ သံတမန် အယောက် ၄၀ ကျော်လောက် အိန္ဒိယနိုင်ငံကနေ ထွက်ခွာခဲ့ရပါတယ်။

အိန္ဒိယအစိုးရကတော့ ဆိခ်ခေါင်းဆောင် အသတ်ခံရမှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အခုလို အီလက်ထရောနစ် ဗီဇာတွေ ထုတ်ပေးလိုက်တာဟာ အိန္ဒိယအစိုးရဘက်က တင်းမာမှုတွေ လျော့ကျစေဖို့ ရှေ့တိုး လုပ်ဆောင်လာမှု တစ်ခုအဖြစ် ယူဆရပါတယ်။

ပိတ်မိနေတဲ့ အိန္ဒိယ အလုပ်သမားတွေကို ကယ်ထုတ်ဖို့ တူးဖော်မှုတွေ ပြန်စ

အိန္ဒိယ၊ လိုဏ်ဂူပြိုကျ၊ ဆောက်လုပ်ရေးအလုပ်သမား
ဓာတ်ပုံ ပုံစာ, လိုဏ်ဂူပြိုကျပြီး ဆောက်လုပ်ရေးအလုပ်သမားတွေ ပိတ်မိနေတာ ၁၁ ရက်ရှိသွား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိန္ဒိယနိုင်ငံ အူတာရာခန်ပြည်နယ်က ဟိမဝန္တာ တောင်ခြေမှာ လိုဏ်ဂူပြိုကျပြီး ၁၁ ရက်ကြာ ပိတ်မိနေတဲ့ လမ်းဆောက်လုပ်ရေး အလုပ်သမား ၄၁ ဦးဆီ အရောက်သွား ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေရာမှာ ပိတ်မိနေတဲ့ အပျက်အစီးပုံ တန်ပေါင်းများစွာကို လမ်းတစ်ဝက်လောက် တူးဖောက်နိုင်ခဲ့ပြီးပြီလို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။

အရည်အသွေးမကောင်းတဲ့ စက်ပစ္စည်းတွေနဲ့ မတည်ငြိမ်တဲ့ မြေပြင်တွေကြောင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာ အနှောင့်အတား ဖြစ်နေရပါတယ်။

အခုအခါ လိုဏ်ဂူအဝကို မြေတူးစက်သစ်တစ်ခုနဲ့ တူးဖော်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးဝန်ထမ်းတွေက နောက်ထပ် နေရာ ၄ ခုမှာ တူးဖော်တာတွေ လုပ်နေပြီး အဲဒီအလုပ်သမားတွေကို အရောက်သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အဖြူနဲ့ အဝါရောင် လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားကြတဲ့ အလုပ်သမားတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ စကားပြောဆိုနေကြပုံ လိုဏ်ဂူထဲက ပထမဆုံး ဗီဒီယိုပုံတွေ အင်္ဂါနေ့က ထွက်ပေါ်လာခဲ့ပါတယ်။

ပိတ်မိနေတဲ့ အလုပ်သမားတွေကို အစားအသောက်၊ ရေနဲ့ အောက်ဆီဂျင်တွေ ပို့ပေးနေပါတယ်။

လာမယ့် ၃ ရက်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြီးသတ် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။