ဘိုင်ဒန်ကို စွပ်စွဲပြစ်တင်စုံစမ်းမှု ဘာတွေ အဓိကလုပ်မလဲ
ဘန့်ဒ် ဒီဘတ်စ်မန်း ဂျူနီယာ
ဘီဘီစီသတင်း၊ ဝါရှင်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ဖော်ထုတ်တွေ့ ရှိထားတယ်လို့ဆိုပြီး ဂျိုးဘန်ဒန်ကို စွပ်စွဲပြစ်တင်ဖို့ တရားဝင် စုံစမ်းစစ်ဆေးမယ့်အကြောင်း ရီပတ်ဘလစ်ကင်ပါတီက ဝါရင့် အမတ်၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ကက်ဗင် မက်ကာသီက ကြေညာခဲ့ပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုက သမ္မတရဲ့သား ဟန်တာ ဘိုင်ဒန်ရဲ့ စီးပွားရေး လုပ်ဆောင်မှုတွေမှာ မရိုးမသားလုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲထားတာတွေနဲ့ သူ့သားရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ သမ္မတက အကျိုးအမြတ်ရနေသလား ဆိုတာတွေကို အဓိကထားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လတွေ ချီခဲ့တဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ အခုချိန်အထိ မစ္စတာ ဘိုင်ဒန် မလျော်မကန် လုပ်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေတစ်ခုမှ မပြနိုင်သေးပါဘူး။
အဲဒီ စွပ်စွဲမှုတွေကို ဒီမိုကရက်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
အဲဒီစုံစမ်းစစ်ဆေးမှုက ဘယ်စွပ်စွဲမှုတွေကို အဓိက စုံစမ်းစစ်ဆေးမှာလဲဆိုတာကို ကြည့်ပါမယ်။
ဘိုင်ဒန်မိသားစုကို ငွေပေးမှု စွပ်စွဲချက်
တရုတ်၊ ကာဇက်စတန်၊ ယူကရိန်း၊ ရုရှားနဲ့ ရိုမေးနီးယား စတဲ့ နိုင်ငံရပ်ခြား ရင်းမြစ်တွေကနေ ဘိုင်ဒန်မိသားစုနဲ့ သူတို့နဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေဟာ ဒေါ်လာ သန်း ၂၀ ထက် မက ငွေတွေကို လက်ခံရရှိခဲ့တယ်လို့ သြဂုတ်လ အစောပိုင်းက ထုတ်ဖော်ခဲ့တဲ့ မှတ်တမ်းမှာ အောက်လွှတ်တော် စုံစမ်းရေး ကော်မတီက ဖော်ပြခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီအချိန်တုန်းက ဘားရက် အိုဘားမား အစိုးရလက်ထက် ဒုတိယ သမ္မတအဖြစ် တာဝန်ယူနေတဲ့ သူ့ဖခင် ဂျိုးဘန်ဒန်ရဲ့ "နာမည်" ကို ဟန်တာက ဘိုင်ဒန်သုံးပြီး "သူဌေးကြီးတွေဆီကနေ ဒေါ်လာ သန်းချီ ကဲ့ထုတ်ယူခဲ့တယ်" လို့ ခိုင်မာတဲ့သက်သေ ကြီးကြီးမားမား မရှိဘဲ ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်တဲ့ အဲဒီစုံစမ်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ကင်တပ်ကီပြည်နယ် အမတ် ဂျိမ်းစ် ကိုမာက ပြောပါတယ်။
ဒါပေမဲ့ သြဂုတ်လ ၉ ရက် ကြေညာချက်မှာတော့ မစ္စတာ ကိုမာက "မစ္စတာ ဘိုင်ဒန် အပါအဝင် ဘိုင်ဒန် အသိုင်းအဝိုင်းကို အဆက်အဆံ လုပ်ခွင့်ရတာကလွဲလို့ တကယ်တမ်း တစ်ခုခု ပြန်လုပ်ပေးပုံမျိုး မတွေ့ရဘူး"လို့ ပြောပါတယ်။
မစ္စတာ ဘိုင်ဒန် အကြီး (သမ္မတ ဘိုင်ဒန်) က ဝါရှင်ဒီစီက အပျံစား စားသောက်ဆိုင်တစ်ခုမှာ "သူ့သားဆီကို ငွေတွေ ပို့ပေးတဲ့ ကမ္ဘာအရပ်ရပ်က သူဌေးကြီးတွေနဲ့အတူ" စားသောက်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
စုံစမ်းရေးကော်မတီက ရထားတဲ့ ဘဏ်စာရင်းမှတ်တမ်းတွေကို အခြေပြုထားတဲ့ သီးခြားမှတ်တမ်း သုံးခု ရှိခဲ့ပေမဲ့ ဒါတွေကနေ သမ္မတ ဘိုင်ဒန်ကို သီးသန့်ငွေပေးတဲ့ အထောက်အထား နဲ့ အဲဒီ ငွေစာရင်းတွေကနေ မစ္စတာ ဘိုင်ဒန် တိုက်ရိုက် အကျိုးအမြတ်ရခဲ့တယ်ဆိုတဲ့ အထောက်အထား မပြနိုင်ခဲ့ပါဘူး။
အထောက်အထားတွေကို စစ်ဆေးသုံးသပ်ထားတဲ့ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ သြဂုတ်လ သတင်းဖော်ပြချက်မှာ ဒေါ်လာ ၇ သန်း ပဲ ဘိုင်ဒန် မိသားစုဆီရောက်တာကို တွေ့ရတယ်လို့ ပါရှိပါတယ်။
အဲဒီထဲက အများစုက ဟန်တာ ဆီကို ရောက်တာဖြစ်ပြီး ကျန်တာတွေက သူတို့ရဲ့ စီးပွားရေးအတူ လုပ်သူတွေဆီ ရောက်သွားတယ်လို့ ဆိုပါတယ်။
မစ္စတာ ကိုမာနဲ့ ရီပတ်ဘလစ်ကန် အမတ်တွေကတော့ ဒေါ်လာ သန်း ၂၀ စလုံး ဘိုင်ဒန်မိသားစုဆီ ရောက်သွားတယ်လို့ ယူဆပါတယ်။
ဂျိုးဘိုင်ဒန် ပုံရိပ်
၁၀ နှစ်တာ ကာလအတွင်း နိုင်ငံခြားသားတွေ အပါအဝင် ဟန်တာဘိုင်ဒန်ရဲ့ မိတ်ဖက်ဖြစ်လာနိုင်သူတွေနဲ့ စပီကာဖွင့် ဖုန်းပြောတဲ့ "အကြိမ် ၂၀ လောက်" မှာ မစ္စတာ ဘိုင်ဒန် ရှိနေခဲ့တယ်လို့ ဟန်တာ ဘိုင်ဒန်ရဲ့ စီးပွားရေးလုပ်ငန်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဒက်ဗွန် အာချာက ပြောပါတယ်။
အဲဒါက သူ့သားနဲ့ စီးပွားရေး လုပ်ငန်းတွေ တစ်ခါမှ မဆွေးနွေးဖူးဘူးလို့ ဂျိုးဘိုင်ဒန် ပြောထားတာတွေနဲ့ ကွဲလွဲနေတယ်လို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်တွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီ ဖုန်းခေါ်ဆိုမှုတွေဟာ "အာလာပ သလ္လာပ ပြောတာ" တွေသာ ဖြစ်ပြီး ဟန်တာဘိုင်ဒန်ရဲ့ စီးပွားရေး အကြောင်း ဆွေးနွေးမှုတွေ မဟုတ်သလို တစ်ခါမှ စီးပွားရေးအကြောင်း မပြောခဲ့ဖူးဘူး လို့ မစ္စတာ အာချာက ထွက်ဆိုပါတယ်။
ဒီမိုကရက်ဘက်က လွှတ်တော် စောင့်ကြည့်ရေး အဖွဲ့ Congressional Integrity Project ရဲ့ အစီရင်ခံစာကတော့ မစ္စတာဘိုင်ဒန်က သူ့သား စီးပွားရေး အကျိုးအတွက် ဝင်စွက်လုပ်ဆောင်ပေးခဲ့တယ်ဆိုတာမျိုးကို မစ္စတာ အာချာရဲ့ ထွက်ဆိုချက်ကနေ "သက်သေ တစ်စွန်းတစ်စမှ မထုတ်ပြနိုင်ခဲ့ဘူး" လို့ ဆိုပါတယ်။
လာဘ်စားမှု စွပ်စွဲချက်
သက်သေမလုပ်ထားဘဲ ထောက်လှမ်းရေးကို သတင်းပေးထားတဲ့ အချက်အလက်တွေကိုလည်း ရီပတ်ဘလစ်ကန်တွေက အဓိက စုံစမ်းခဲ့ပါတယ်။
ဟန်တာဘိုင်ဒန် အဖွဲ့ဝင် အဖြစ်ပါနေတဲ့ ယူကရိန်း ဘူရိစ်မာ စွမ်းအင်လုပ်ငန်းအပေါ် စုံစမ်းစစ်ဆေးတာကို ရပ်တန့်သွားအောင် ထင်ရှားတဲ့ အစိုးရ ရှေ့နေ တစ်ဦးကို ရာထူးက ဖြုတ်ပစ်ဖို့ ယူကရိန်း အစိုးရကို ဂျိုးဘိုင်ဒန်က ဖိအားပေးခဲ့တယ်လို့ အဲဒီသတင်းပေးမှုက ဆိုပါတယ်။
အဲဒီ သတင်းပေးမှုက ၂၀၁၉ မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ပထမဆုံးအကြိမ် စွပ်စွဲပြစ်တင် စုံစမ်းနေချိန် ဖြစ်ပါတယ်။
အဲဒီ ထောက်လှမ်းရေး စုံစမ်းမှု စွပ်စွဲချက်ဟာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ချပ်ခ် ဂရာစလီ ဆီက ထွက်လာခဲ့တာပါ။
အဲဒီမှတ်တမ်းမှာ ဘူရိစ်မာ အမှုဆောင်ချုပ်ဟောင်း မီကိုလာ ဇလော်ချက်စကီးက ဂျိုးဘိုင်ဒန်နဲ့ ဟန်တာ ဘိုင်ဒန်တို့ကို ဒေါ်လာ ငါးသန်း ပေးခဲ့တယ်လို့ ဆိုကြောင်း ပါရှိပါတယ်။
အဲဒီ ပြောဆိုချက်ကို သမ္မတ ထရမ့် အစိုးရလက်ထက်မှာ တရားရေးဌာနက ရှစ်လကြာ စုံစမ်း စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ "သက်သေ မလုံလောက်" တဲ့အတွက် နောက်ဆုံးမှာ အဲဒီ စုံစမ်းစစ်ဆေးမှုကို ရပ်လိုက်ပါတယ်။
နောက်ပိုင်းမှာ မစ္စတာ ဇလော်ချက်စကီးက အဲဒီပြောဆိုချက် မဟုတ်မှန်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။
မစ္စတာ ဇလော်ချက်စကီးနဲ့ တွေ့ဆုံမေးမြန်းမှု မှတ်တမ်းကို ဒီမိုကရက် အမတ် ဂျေမီ ရက်စကင်ရဲ့ ထုတ်ပြန်မှုအရ သိရတာ ဖြစ်ပါတယ်။
မစ္စတာ ဇလော်ချက်စကီးက သူဟာ ဂျိုးဘိုင်ဒန်နဲ့ ဘိုင်ဒန်ရဲ့ရုံးအဖွဲ့ဝန်ထမ်းတွေနဲ့ အဆက်အသွယ် မရှိကြောင်းနဲ့ ဂျိုးဘိုင်ဒန် ဒုသမ္မတအဖြစ် တာ၀န်ထမ်းဆောင်နေတုန်းမှာ သူနဲ့ သူ့ကုမ္ပဏီကို ဂျိုးဘိုင်ဒန်က တစ်ခါမှ မကူညီခဲ့ဖူးဘူးလို့ ပြောထားပါတယ်။
သူ့ရဲ့ ထွက်ဆိုချက်မှာ အဲဒီ ငွေပေးငွေယူမှုတွေအကြောင်း တစ်ခုမှ သူမသိဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟန်တာဘိုင်ဒန်ကို သက်ညှာပေးခဲ့သလား
ဟန်တာဘိုင်ဒန်ရဲ့ အခွန်ထမ်းဆောင်မှုကို စုံစမ်းစစ်ဆေးတဲ့အခါ နှစ်တွေချီကြာအောင် တရားရေးဌာနက တမင်လုပ်ခဲ့တယ်လို့ ပြည်တွင်းအခွန်ဌာန IRS က သတင်းပေး နှစ်ယောက်ရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး အောက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်တွေက ပြောပါတယ်။
တရားရေးဌာနက "နှေးနှေးကွေးကွေး" လုပ်ပြီး စုံစမ်းစစ်ဆေးမှု အဆင့်တွေကို နှောင့်နှေးစေခဲ့တယ်လို့ ဒီနှစ်အစောပိုင်းက အခွန်ဌာနက လူနှစ်ဦးရဲ့ ထွက်ဆိုချက်မှာ ပါရှိပါတယ်။
အဲဒီစုံစမ်းစစ်ဆေးနေချိန်နဲ့ တစ်ပြိုင်တည်းမှာ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုနိုင်အောင် တရားရေးဌာနက မစ္စတာ ဘိုင်ဒန်ဘက်က လုပ်ဆောင်ပေးခဲ့တယ်ဆိုတာ အဲဒီ ထွက်ဆိုချက်က သက်သေပြနေတာပဲလို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေက ပြောခဲ့ပါတယ်။
အဲဒီလို ပြောဆိုချက်တွေကို တရားရေးဌာနက ငြင်းပါတယ်။
သမ္မတ ဘိုင်ဒန်ရော ရှေ့နေချုပ် မဲရစ် ဂါလန်းရောက စုံစမ်းစစ်ဆေးမှုတွေကို ဝင်စွက်ခဲ့တာ မရှိဘူးလို့ တခြားသက်သေတွေက ပြောပါတယ်။
ဒီသက်သေတွေဟာ ရီပတ်ဘလစ်ကန်တွေက ဆင့်ခေါ်ထားသူတွေဖြစ်ပြီး ဇူလိုင်လတုန်းက အစစ်ဆေးခံခဲ့ရာမှာ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ကွယ်မှာ ကြိုညှိထားတာရှိလား
ဘိုင်ဒန်ကို စုံစမ်းစစ်ဆေးမယ်လို့ ကြေညာချိန်မှာ ဂျိုးဘန်ဒန်ရဲ့ ဝန်ထမ်းတွေနဲ့ ဟန်တာ ဘိုင်ဒန်ရဲ့ အဖွဲ့ကြားက အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲမှုအကြောင်းကိုလည်း မစ္စတာ မက်ကာသီက ထည့်ပြောသွားပါတယ်။
မစ္စတာ မက်ကာသီက အသေးစိတ်ကို ထုတ်ပြောမသွားပေမဲ့ သူ ရည်ညွှန်းတာက အောက်လွှတ်တော် စုံစမ်းမှု ကော်မတီရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ဆင်တူပါတယ်။
ဘူရိစ်မာ အုပ်စု လာဘ်ပေးမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ဖြေတဲ့အခါ တစ်သံတည်းထွက်အောင် ညှိပြီးဖြေဖို့ မစ္စတာ ဘိုင်ဒန်ရဲ့ ဒုသမ္မတ ရုံးနဲ့ ဟန်တာ ဘိုင်ဒန်ရဲ့ စီးပွားရေးလုပ်ငန်းဖော်တို့ ညှိထားကြတယ်လို့ အဲဒီ စွပ်စွဲမှုတွေက ဆိုပါတယ်။
ဘိုင်ဒန် မိသားစုရဲ့ စီးပွားရေး လုပ်ငန်းဖော် အဲရစ် ရှဝဲရင်းက ၂၀၁၅ ခုနှစ်မှာ ဒုတိယသမ္မတရုံးရဲ့ အမှုထမ်း ကိတ် ဘက်ဒင်းဖီးဒ်ဆီကို ပို့တဲ့ အီးမေးလ် တစ်စောင်ကို လွှတ်တော်စုံစမ်းရေး ကော်မတီက ကိုးကားပါတယ်။
အဲဒီအီးမေးလ်ထဲမှာ ဘူရိစ်မာမှာ ဟန်တာ ဘိုင်ဒန်ရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီး မီဒီယာတွေကို အိမ်ဖြူတော်က ဖြေတဲ့အခါ ဘယ်လို ဖြေသင့်တယ်ဆိုတာတွေကို အဲရစ်ရှဝဲရင်းက ပြောပြပေးထားတယ်လို့ ဆိုပါတယ်။
အဲဒါကို ဒုသမ္မတ ဘိုင်ဒန်က အတည်ပြုပေးထားကြောင်း မစ္စ ဘက်ဒင်းဖီးဒ်က ပြန်ပြောတယ်လို့ လွှတ်တော်ကော်မတီက ဆိုပါတယ်။
ဘူရိစ်မာ စွပ်စွဲမှုဟာ "မရှိကို အရှိလုပ်ပြီး ပြည်သူတွေရဲ့ အခွန်တွေနဲ့ အချိန်တွေကို လပေါင်းများစွာ ဖြုန်းတီးပစ်မှုပဲ" လို့ အိမ်ဖြူတော် ပြောခွင့်ရ အီယန် ဆမ်စ်က ပြောပါတယ်။








