ဘီဘီစီရဲ့ နာမည်ကြီး တင်ဆက်သူက ဆယ်ကျော်သက် လူငယ်ကို ငွေပေးပြီး မဖွယ်မရာ ဓာတ်ပုံတွေ ရယူခဲ့ - ဇူလိုင် ၉ ရက် နိုင်ငံတကာ ထိပ်တန်း သတင်းများ

မေလကတည်းက တိုင်တမ်းထားမှုအပေါ် ဘီဘီစီ ဘယ်လိုကိုင်တွယ်နေလဲ မေးခွန်းထုတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလကတည်းက တိုင်တမ်းထားမှုအပေါ် ဘီဘီစီ ဘယ်လိုကိုင်တွယ်နေလဲ မေးခွန်းထုတ်ခံရ

ဘီဘီစီရဲ့ နာမည်အကြီးဆုံး တင်ဆက်သူ တစ်ဦးဟာ ဆယ်ကျော်သက် တစ်ဦးကို ငွေကြေးပေးပြီး မဖွယ်မရာ ဓာတ်ပုံတွေ ရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ဘီဘီစီဘက်က အမြန်ဆုံး စုံစမ်း ဖြေရှင်းဖို့လိုတယ် ဆိုပြီး၊ ဗြိတိသျှ ပါလီမန်ရဲ့ မီဒီယာ ကော်မတီ ဥက္ကဋ္ဌ ဝါရင့် အမျိုးသမီး ပါလီမန် အမတ် ဒိမ်း ကယ်ရိုလိုင်း ဒင်နင်နက်ရှ် Dame Caroline Dinenag က ပြောပါတယ်။

ဆယ်ကျော်သက် လူငယ်ရဲ့ မိသားစုဘက်က ပြီးခဲ့တဲ့ မေလ ကတည်းက တိုင်ကြားထားတာ ဖြစ်ပြီး၊ ဘီဘီစီဘက်က ဘယ်လို တုံ့ပြန် ကိုင်တွယ် နေသလဲ ဆိုတာကို အလေးအနက်ထား ဖြေကြားဖို့လိုတယ်လို့လည်း ဒိမ်း သူကောင်းဘွဲ့ရ မစ္စ ဒင်နင်နက်ရှ်က ဆိုပါတယ်။

ဒီလို စွပ်စွဲမှု ရှိနေကြောင်း ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အင်္ဂလိပ် တက်ဘလွိုက် သတင်းစာ တစ်စောင်က ဖွင့်ချခဲ့ပါတယ်။ ဒါပေမဲ့ စွပ်စွဲခံရသူ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ နာမည်တပ် ဖော်ပြတာမျိုး မလုပ်ပါဘူး၊ အဲဒီသူဟာ လူငယ်လေး ၁၇ နှစ်သား အရွယ်လောက်က စပြီး ၃ နှစ်တာ ကာလ အတွင်း ဒေါ်လာ ၄ သောင်းခွဲ ဝန်းကျင် ပေးနေခဲ့တယ်လို့ ဆိုပါတယ်။

ဘီဘီစီကတော့ တိုင်ကြားချက် အပေါ် အလေးအနက်ထား ကိုင်တွယ်နေပြီး၊ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက အမတ် တစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယား အက်ကင်စ်ကလည်း အခြေအနေတွေ အပေါ် သုံးသပ်တာကတော့ ….

“အင်မတန် ပြင်းထန် လေးနက်တဲ့ စွပ်စွဲချက်ဖြစ်တဲ့ အတွက် ဘီဘီစီဘက်က အမြန်ဆုံး ဖြေရှင်းပေးဖို့လိုပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ လူငယ်တွေ ဘေးကင်းလုံခြုံစေရေး ဌာနကို ဦးဆောင်ခဲ့ဖူးတဲ့ အငယ်တန်း ဝန်ကြီးတစ်ယောက်ရဲ့ အတွေ့အကြုံ၊ ရာဇဝတ်မှု ဥပဒေပိုင်းဆိုင်ရာ ကဏ္ဍမှာ ဝတ်လုံတစ်ဦးအဖြစ် အနှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ကျွန်မမှာ ရှိပါတယ်။ ဒီလို ကိစ္စမျိုးမှာ အရာရာ အားလုံးထက် ကာယကံရှင် ကျုးလွန်ခံရသူ လူငယ် အတွက် အကောင်းဆုံး အကျိုးကျေးဇူး ရှိစေဖို့ အရေးကိုသာ ဗဟိုပြုပြီး ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်တယ်” ဆိုပြီး ပြောသွားပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးရဲ့ ၄ ရက်တာ ဘေဂျင်းခရီးစဉ် ပြီးဆုံး

ကောင်းမွန်တဲ့ အခြေအနေတွေကို ဦးတည်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးကပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကောင်းမွန်တဲ့ အခြေအနေတွေကို ဦးတည်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးကပြော

အမေရိကန် အမျိုးသမီး ဘဏ္ဍာရေး ဝန်ကြီး ဂျဲနက်ယဲလင်ရဲ့ ၄ ရက်တာ ဘေဂျင်း ခရီးစဉ် ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မစ္စယဲလင်ဟာ အမေရိကန်-တရုတ် နှစ်နိုင်ငံကြား လက်ရှိ ဆက်ဆံရေး အပေါ် အကောင်းမြင်သဘောနဲ့ သုံးသပ်ပါတယ်။ နှစ်နိုင်ငံစလုံးဟာ ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေးဆီ ဦးတည်နေကြတယ်လို့ မစ္စယဲလင်က သတင်းထောက်တွေကို ပြောပါတယ်

တရုတ် ဒုတိယဝန်ကြီးချုပ် ဟေလီဖောင် He Li-Feng နဲ့ကြား ပွင့်လင်းပြီး၊ အကျိုးဖြစ်ထွန်းတဲ့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ဆိုပါတယ်။

ဒုဝန်ကြီးချုပ် ဟေ ကလည်း အမေရိကန်-တရုတ် နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်ဆံရေး ရှိနေဖို့ လိုလားတယ် ဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ နှစ်နိုင်ငံကြားမှာ ကြီးမားနက်ရှိုင်းတဲ့ ကွဲလွဲမှုတွေ၊ ဖြေရှင်း ညှိနှိုင်းရမယ့် နယ်ပယ်တွေနဲ့ အကြောင်းအရာတွေ ရှိနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

အဓိက အားဖြင့် ထိုင်ဝမ် အရေးလိုမျိုး လုံခြုံရေး ဆိုင်ရာ ကိစ္စနဲ့ နည်းပညာတွေ ပုံတူပွားခံရ၊ လွှဲပြောင်းယူတာ ခံရတဲ့ ကိစ္စချင်းရာမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ကြား အမေရိကန် အဆင့်မြင့် တာဝန်ရှိသူတွေကိုယ်တိုင် တိုက်ရိုက် ထိတွေ့ ဆက်ဆံတာမျိုးတွေကို ဘိုင်ဒင် အစိုးရက အကြိမ်ရေစိပ်စိပ် ပြုလုပ်နေတာမှာ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်ရဲ့ ခရီးစဉ် အပြီး၊ အခုလို ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင် ဘေဂျင်းမြို့တော်ကို သွားရောက်တာ ဖြစ်ပါတယ်။

ရာသီဥတုပြဿနာ ကိုင်တွယ်ရေး ဆိုင်ရာ အမေရိကန် အထူးသံ ဂျွန်ကယ်ရီရဲ့ တရုတ် အစိုးရ အပေါ် တိုက်တွန်းချက်

အိုဘားမား လက်ထက် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုဘားမား လက်ထက် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီအချိန်မှာပဲ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာ ကိုင်တွယ် ဖြေရှင်းရေး အတွက် အမေရိကန်ရဲ့ အထူး ကိုယ်စားလှယ် အဖြစ် တာဝန်ယူထားတဲ့ ဂျွန်ကယ်ရီကတော့ ဒီ အရေး ကိစ္စမှာ တရုတ် အနေနဲ့ နိုင်ငံတကာနဲ့ကြား ပူးပေါင်းဆောင်ရွက်တာတွေ ပိုပြီး တိုးမြှင့် လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်း တောင်းဆိုပါတယ်။

သမ္မတအိုဘားမား လက်ထက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ ဂျွန်ကယ်ရီက ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အထုတ်ဆုံး နိုင်ငံဟာ တရုတ်၊ ပြီးတော့မှ အမေရိကန်က ဒုတိယလိုက်တယ်လို့ ဆိုပါတယ်။

နောက်သီတင်းပတ်ကျရင် ဘေဂျင်းမြို့တော်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ မစ္စတာ ကယ်ရီက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သလို၊ ကျွန်တော်တို့ဘက်ကလည်း တရုတ်ကို ပြန်ပြီး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့ လိုပါတယ်။ အခြေအနေတွေဟာ အခုလို ရှေ့မတိုးနောက်မဆုတ် ဆက်ဖြစ်နေလို့ မရပါဘူး။ ဒီအခြေအနေတွေကနေ ပြောင်းလဲနိုင်ဖို့ သမ္မတ ဘိုင်ဒင် အစိုးရ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်ကို ဘေဂျင်းကို စေလွှတ်ပြီး စီးပွားရေး အပိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးစေတာ ဖြစ်တယ်”လို့ ဂျွန်ကယ်ရီ ပြောသွားတာပါ။

မီးရှူးမီးပန်း ပစ်ဖောက်ခွင့် မရှိတဲ့ ပြင်သစ် အမျိုးသားနေ့

ပဲရစ်ရဲ့ နာမည်ကျော် ရှောင်ဇေလီဇေးလမ်းမကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲရစ်ရဲ့ နာမည်ကျော် ရှောင်ဇေလီဇေးလမ်းမကြီး

ပြင်သစ်နိုင်ငံမှာ မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ၊ အဲဒါတွေကို ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေကို ရောင်းဝယ်တာ၊ ပိုင်ဆိုင်တာ၊ သယ်ယူတာ ဘာတစ်ခုမှ ခွင့်မပြုတော့ပဲ ပိတ်ပင် လိုက်ပါတယ်။

မကြာခင်ပဲ ပြင်သစ် အမျိုးသားနေ့ ဘာစတီးနေ့ ကျရောက်တော့မှာ ဖြစ်တဲ့ အတွက်၊ အဲဒီ ပွဲတော်ကာလရက်အမှီ ပြင်သစ် အာဏာပိုင်တွေက ကြိုတင် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်မှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း တစ်နိုင်ငံလုံး အနှံ့ ဆူပူ အုံကြွမှုတွေ၊ အဓိကရုဏ်းတွေ ပေါ်ပေါပက်ခဲ့ပါတယ်။ အခု အမျိုးသားနေ့ ပွဲတော် ကာလရက်မှာ မလိုလားအပ်တဲ့ နှောင့်ယှက်ဆူပူမှုတွေ ပေါ်ပေါက်မှာကို တားဆီးနိုင်ဖို့ရာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားမယ်လို့ ပြင်သစ် အမျိုးသမီး ဝန်ကြီးချုပ် အဲ့လိဇဘက်သ်ဘွန်းက ပြောပါတယ်။

ပုံမှန် အတိုင်းဆိုရင်တော့ ဇူလိုင် ၁၄ ရက် ပြင်သစ် ဘာစတီးနေ့မှာ မီးရှူးမီးပန်းတွေကို လှလှပပ ခမ်းခမ်းနားနားနဲ့ အကြီးအကျယ် ပစ်ဖောက်ကြလေ့ ရှိပါတယ်။

သီရိလင်္ကာသမ္မအိမ်တော်ထဲကနေ ယူသွားကြတာတွေကို ပြန်လာပေးဖို့ လက်ရှိ သမ္မတရဲ့ အတွင်းဝန်က ဆန္ဒပြသမားတွေကို ပန်ကြား

အိပ်ရာခင်းကအစ အမှတ်တရ ဆိုပြီး ယူသွားကြတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိပ်ရာခင်းကအစ အမှတ်တရ ဆိုပြီး ယူသွားကြတယ်လို့ဆို

သီရိလင်္ကာနိုင်ငံမှာ မနှစ်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အုံကြွမှုတွေ အတွင်း သမ္မတနန်းတော်ထဲ အထိမှာ လူအုပ်ကြီး ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် နှစ်ပတ်လည်ပြီ ဖြစ်ပါတယ်။

အဲဒီလို သမ္မတအိမ်တော်ထဲ ဆန္ဒပြသမားတွေ ထောင်ပေါင်းများစွာ ဝင်ရောက်ခဲ့ကြတဲ့ နောက်ဆက်တွဲ အဖြစ်၊ တိုင်းပြည်ရဲ့ ရှေးဟောင်းသုတေသန ဆိုင်ရာ တန်ဖိုးကြီးတဲ့ ရှေးအမွေ ပစ္စည်းတွေ၊ အနုပညာ လက်ရာတွေ ပျောက်ဆုံးသွားခဲ့တယ်လို့ သီရိလင်္ကာ သမ္မတရဲ့ အတွင်းဝန်က ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီ တိုင်းပြည်ရတနာတွေကို လက်ဝယ် ရရှိထားသူတွေ အနေနဲ့ ပြန်လည် လာရောက် အပ်နှံကြဖို့လည်း တိုက်တွန်းနေပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ တရားဝင် အမှတ်တံဆိပ် ရိုက်နှိပ်ထားတဲ့ အထိမ်းအမှတ် ပစ္စည်းတွေ၊ တိုင်းပြည် ရတနာတွေကို ပြန်မအပ်ပဲနေမယ်ဆိုရင် တရားစွဲခံရမယ်လို့လည်း သတိပေးပါတယ်။

သမ္မတအိမ်တော်ထဲကနေ ယူသွားခံရတာတွေထဲ သမ္မ အလံတော်တွေက စလို့ အိပ်ရာခင်းတွေ အထိပါ၊ စံအိမ်တော်ထဲထိ စီးနင်းဝင်ရောက် နိုင်ခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ ဆန္ဒပြသမားတွေက ယူဆောင် သွားခဲ့ကြတယ်လို့ ဆိုပါတယ်။