မဟာအီဂျစ်ပြတိုက်ဖွင့်ပြီ- တူတန်ခမန်ဂူကို ပထမဆုံး အပြည့်အစုံပြသ

 တူတန်ခမန်ဂူက ရှာတွေ့တဲ့ ပစ္စည်းတွေအားလုံးကို ပြတိုက်သစ်မှာ ပြသမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တူတန်ခမန်ဂူက ရှာတွေ့တဲ့ ပစ္စည်းတွေအားလုံးကို ပြတိုက်သစ်မှာ ပြသမယ်
    • ရေးသားသူ, ယိုလန်နဲလ်
    • ရာထူးတာဝန်, ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, ကိုင်ရို
    • ရေးသားသူ, ဝေးလ် ဟူစိန်
    • ရေးသားပေးပို့သည့်နေရာ, ကိုင်ရို

ရှေးခေတ် ကမ္ဘာ့အံ့ဖွယ်တခုဖြစ်တဲ့ ဂီဇာက ခူဖူးပိရမစ်ကြီးနားမှာ ခေတ်သစ်အတွက် ယဉ်ကျေးမှုတွေ မီးမောင်းထိုးပြမယ့်ပြတိုက်သစ်ကြီးကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။

မဟာအီဂျစ်ပြတိုက်ကြီးကို ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းသုတေသနပြတိုက်ကြီးလို့ ခေါ်ဆိုပြီး အီဂျစ်သမိုင်းကို နှစ် ခုနစ်ထောင်လောက် လွှမ်းခြုံပြတဲ့ ရှေးဟောင်းပစ္စည်း တသိန်းလောက်ကို ပြသထားပါတယ်။

ဗြိတိသျှပြတိုက်မှာ ပြထားတဲ့ ရိုဇက်တာ ကျောက်စာအပါအဝင် တခြားနိုင်ငံတွေမှာ ရောက်နေတဲ့အရေးကြီးတဲ့ အီဂျစ်ရှေးဟောင်းပစ္စည်းတွေကို ပြန်တောင်းဖို့အတွက် ဒီပြတိုက်ကြီးက ခွန်အားဖြစ်စေကြောင်း ထင်ရှားတဲ့ အီဂျစ်ဗေဒပညာရှင်တွေက ဆိုပါတယ်။

ဒီမှာ ပြထားတဲ့အထဲက အဓိက အရေးပါတာတခုကတော့ တူတန်ခမန်ဘုရင်လေးရဲ့ ဂူတခုလုံးက ပစ္စည်းတွေကို ပထမဆုံးအကြိမ် ခင်းကျင်းပြသတာ ဖြစ်ပါတယ်။ ဒီထဲမှာ တူတန်ခမန်ရဲ့ ခမ်းနားလှတဲ့ ရွှေမျက်နှာဖုံး၊ ပလ္လင်နဲ့ စစ်ရထားတွေ ပါပါတယ်။

ဒုတိယ ရမ်ဆီးဘုရင်ရဲ့ ရုပ်တုကြီးအပါအဝင် ရှေးဟောင်းပစ္စည်း တသိန်းလောက် ပြသထားတဲ့ ပြတိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒုတိယ ရမ်ဆီးဘုရင်ရဲ့ ရုပ်တုကြီးအပါအဝင် ရှေးဟောင်းပစ္စည်း တသိန်းလောက် ပြသထားတဲ့ ပြတိုက်

ပြတိုက်တခုလုံးရဲ့ တည်ဆောက်မှုစရိတ်က ဒေါ်လာ ၁.၂ ဘီလျံလောက် ရှိပြီး တနှစ်ကို ခရီးသွား ရှစ်သန်းလောက်ထိ လာကြည့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသတွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရတဲ့ အီဂျစ်ခရီးသွားလုပ်ငန်းအတွက် ဒါက ကြီးမားတဲ့ နှိုးဆွမှုလည်း ဖြစ်ပါတယ်။

တူတန်ခမန်ပြခန်းအပြင် အနှစ် ၄၅၀၀ သက်တမ်းရှိတဲ့ ခူဖူးက နာရေးလှေလည်း ဒီပြတိုက်မှာ ပြသထားပါတယ်။ ဒီလှေက ရှေးအကျဆုံးနဲ့ ထိန်းသိမ်းမှုအကောင်းဆုံး ရှေးဟောင်းလှေဖြစ်ပါတယ်။ ပြတိုက်ရဲ့ ပြခန်းအများစုကို မနှစ်ကတည်းက စပြီး ဖွင့်လှစ်ပြသနေပါပြီ။

မဟာလှေကားကြီးအပါအဝင် ပြတိုက်နေရာအများစုကို မနှစ်ကတည်းက စတင် ဖွင့်လှစ်ပြသခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဟာလှေကားကြီးအပါအဝင် ပြတိုက်နေရာအများစုကို မနှစ်ကတည်းက စတင် ဖွင့်လှစ်ပြသခဲ့

ပြတိုက်သစ်ကြီးက ဘောလုံးကွင်း ၇၀ စာလောက် ရှိပြီး စတုရန်းမီတာ ငါးသိန်းကျယ်ပြန့်ပါတယ်။ ပြတိုက်အပြင်ဘက်ကို အလင်းဖောက်နိုင်တဲ့ ကျောက်ဖြူပြားတွေကို တြိဂံပုံစံ ဖြတ်တောက်ပြီး အီဂျစ် ရှေးဟောင်း အရုပ်စာတွေနဲ့ မွမ်းမံထားသလို ပိရမစ်ပုံစံ အဝင်တံခါးကြီး ရှိပါတယ်။

ပြတိုက်သစ်မှာ အရင်နှစ် ၃၂၀၀ က တန်ခိုးထွားခဲ့တဲ့ ဒုတိယ ရမ်ဆီး ဖာရိုဘုရင်ကြီးရဲ့ ပေ ၅၀ ကျော် ကျောက်တိုင်ကြီး ရှိသလို ၃၆ ပေ မြင့်တဲ့ သူ့ရုပ်တုကြီးလည်း ပြသထားပါတယ်။ ဒီရုပ်တုကြီးကို ကိုင်ရိုဘူတာကြီးနားကနေ ပြတိုက်သစ်နေရာကို ၂၀၀၆ က ခဲခဲယဉ်းယဉ်း ရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

လှေကားကြီးဘေးတဘက်တချက်မှာတော့ ရှေးခေတ်ဘုရင်၊ ဘုရင်မတွေရဲ့ ရုပ်တုတွေ စီတန်းနေပြီး အပေါ်ထပ်က ပြတင်းပေါက်ကြီးကလည်း ဂီဇာက ပိရမစ်တွေကို လှလှပပကြီး ဆီးမြင်ရပါတယ်။

ပြတိုက်သစ် ဆောက်ဖို့ ၁၉၉၂ က အီဂျစ် သမ္မတ မူဘာရက်ခေတ်မှာ ပထမဆုံး အဆိုပြုခဲ့ပြီး ၂၀၀၅ မှာ ဆောက်လုပ်ရေးတွေ စတင်ခဲ့ပါတယ်။ ဒီပြတိုက်ကြီး ပြီးဖို့ ဂီဇာ ပိရမစ်ကြီး ဆောက်ရသလောက် အချိန်ယူခဲ့ကြောင်း ခန့်မှန်းပါတယ်။

 ဧရာမပြတိုက်ကြီးကြောင့် တနှစ်ကို လူ ၈ သန်းထိ လာကြည့်မယ် မျှော်လင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဧရာမပြတိုက်ကြီးကြောင့် တနှစ်ကို လူ ၈ သန်းထိ လာကြည့်မယ် မျှော်လင့်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြတိုက်ဆောက်လုပ်ရေး ကာလအတွင်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ၂၀၁၁ အာရပ်နွေဦး လှုပ်ရှားမှုကြောင့်လည်း သမ္မတ မူဘာရက် ပြုတ်ကျပြီး နှစ်တွေနဲ့ချီပြီး နိုင်ငံ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ဒေသတွင်း စစ်ပွဲတွေကိုလည်း ကြုံခဲ့ရပါတယ်။

တူးဖော်မှု၊ သမိုင်းဝင်နေရာတွေကို ထိန်းသိမ်းမှုနဲ့ ပြတိုက် ခင်းကျင်းပြသမှုမှာ အီဂျစ်တွေက နိုင်ငံခြားပညာရှင်တွေနဲ့ တန်းတူဖြစ်ကြောင်း ဒီပြတိုက်က ပြသတာ ဖြစ်တယ်လို့လည်း ဝါရင့် ရှေးဟောင်းပညာရှင်နဲ့ ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဒေါက်တာ ဇာဟီးဟလပ်စ် က ပြောပါတယ်။

ခိုးယူထားတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြတိုက်တွေက မဝယ်ကြဖို့နဲ့ ဗြိတိသျှပြတိုက်က ရိုဇက်တာ ကျောက်စာ၊ ပြင်သစ်လုဗ်ပြတိုက်က အီဂျစ် ရာသီခွင်နဲ့ ဘာလင်က နေဖာတီတီ မိဘုရား ဦးခေါင်းပုံရုပ်တု၊ ဒီပစ္စည်းသုံးခုကို ပြန်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

ဒီပစ္စည်းသုံးမျိုးကို ပြန်ပေးဖို့ အင်တာနက်ကနေ ပန်ကြားလွှာတွေကို ဒေါက်တာ ဟလပ်စ် ထုတ်ပြန်ခဲ့ပြီး လူသိန်းနဲ့ချီ လက်မှတ်ထိုးခဲ့ကြပါတယ်။

၁၇၉၉ က တွေ့တဲ့ ရိုဇက်တာ ကျောက်စာဟာ ရှေးဟောင်း အီဂျစ် အရုပ်စာတွေကို ဖော်ထုတ်ရာမှာ အရေးကြီးတဲ့ ကျောက်စာ ဖြစ်ပြီး ပြင်သစ်တပ်တွေက တွေ့တာကို ဗြိတိသျှဘက်က စစ်အတွင်းမှာ သိမ်းယူခဲ့ပါတယ်။ ရှေးဟောင်း အီဂျစ် နက္ခတ်တာရာတွေကို ပြသတဲ့ ဒန်ဒရာ ရာသီခွင်ကိုလည်း အီဂျစ် အထက်ပိုင်းက ဟားသိုးဘုရားကျောင်းကနေ ၁၈၂၁ မှာ ပြင်သစ်အဖွဲ့တဖွဲ့က ဖြတ်တောက်ယူသွားခဲ့ပါတယ်။ ဖာရိုဘုရင် အာခီနာတန်ရဲ့ ကြင်ရာတော် နေဖာတီတီရဲ့ ဦးခေါင်းပုံကို လှပစွာ ခြယ်သထားတာကိုလည်း အရင် နှစ်တရာကျော်က ဂျာမန် ရှေးဟောင်းပညာရှင်တွေ ခိုးထုတ်သွားတယ်ဆိုပြီး အီဂျစ်က စွပ်စွဲပါတယ်။

 ဒန်ဒရာ ရာသီခွင်ကို ပြင်သစ်က လုဗ်ပြတိုက်မှာ လက်ရှိ ပြထားပေမယ့် မဟာအီဂျစ်ပြတိုက် ဖွင့်ပွဲကြောင့် ပြန်ပေးဖို့ တောင်းဆိုမှုသစ်တွေ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒန်ဒရာ ရာသီခွင်ကို ပြင်သစ်က လုဗ်ပြတိုက်မှာ လက်ရှိ ပြထားပေမယ့် မဟာအီဂျစ်ပြတိုက် ဖွင့်ပွဲကြောင့် ပြန်ပေးဖို့ တောင်းဆိုမှုသစ်တွေ ရှိလာ

ရိုဇက်တာ ကျောက်စာကို ပြန်ပေးဖို့ သို့မဟုတ် ငှားရမ်းဖို့ အီဂျစ်အစိုးရဘက်က တရားဝင် တောင်းဆိုမှု မရရှိကြောင်းလည်း ဗြိတိသျှပြတိုက်က ဘီဘီစီကို ပြောကြားပါတယ်။

ဒီပြတိုက်သစ်ဟာ ပညာရပ်သုတေသနတွေအတွက် ဗဟိုဌာနတခု ဖြစ်လာပြီး တွေ့ရှိချက်အသစ်တွေ ပေါ်ထွက်လာနိုင်တယ်ဆိုပြီး အီဂျစ်က အီဂျစ်ဗေဒပညာရှင်တွေက စိတ်လှုပ်ရှားစွာနဲ့ ပြောဆိုပါတယ်။

တူတန်ခမန်နဲ့ ဆိုင်တဲ့ပစ္စည်းတွေကိုလည်း အီဂျစ်က ရှေးဟောင်းထိန်းသိမ်းရေးသမားတွေက တပင်တပန်း အားထုတ်ပြီး မွမ်းမံ ထိန်းသိမ်းခဲ့ကြပါတယ်။ ဒီပစ္စည်းတွေထဲမှာ အဝတ်စတွေ၊ သားရေစတွေနဲ့ လုပ်ထားတဲ့ သံချပ်ကာလည်း ပါပါတယ်။ အီဂျစ် ဥပဒေအရ ဒီလိုထိန်းသိမ်းမှုမျိုးကို အီဂျစ်တွေပဲ လုပ်ခွင့်ရှိပါတယ်။

ဒီလိုပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်နိုင်လို့လည်း အီဂျစ်အတွက် ဂုဏ်တက်စရာ ဖြစ်ကြောင်း နိုင်ငံတကာ အီဂျစ်ဗေဒပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ တားရက်တော်ဖစ်က ပြောပါတယ်။