သမိုင်းမရှိရင် လူမျိုးပျောက်မှာပေါ့၊ သန်းထွန်းဖော်ထုတ်တဲ့ မြန်မာပြည်

ဓာတ်ပုံ ရင်းမြစ်, Dr Than Tun Foundation
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာသမိုင်းဟာ ကမ္ဘာသမိုင်းရဲ့ အစက်အပြောက်မျှသာ ဖြစ်တယ်ဆိုပြီး အကဲဖြတ်သူတွေ ရှိခဲ့ပေမယ့် ဒေါက်တာသန်းထွန်းသာ သုတေသနမလုပ်ခဲ့ရင် မြန်မာပြည်သမိုင်းလေ့လာမှုမှာ ဟာကွက်တွေနဲ့ ပျောက်ကွယ်သွားမှုတွေ အများကြီး ရှိနိုင်တယ်လို့ သူ့လက်ရင်းတပည့်တယောက် ဖြစ်တဲ့ စိုင်းခမ်းမိုင်းက ပြောပါတယ်။ စိုင်းခမ်းမိုင်းကိုယ်တိုင်က ကိုးကန့်၊ ဝ၊ ရှမ်းနဲ့ ကချင် သမိုင်းတွေ ရေးသားပြုစုခဲ့တဲ့ နိုင်ငံတကာသိ သမိုင်းပညာရှင် ဖြစ်ပါတယ်။
တကယ်လည်း မြန်မာပြည်သမိုင်းဟာ အရှေ့ဖျားသမိုင်းနဲ့ အိန္ဒိယတိုက်ငယ်သမိုင်းရဲ့ ကွင်းဆက်အဖြစ် အသုံးဝင်ရုံသာမက အေဒီပထမထောင်စုနှစ်အကြောင်း လေ့လာစရာအများကြီး ကျန်နေတဲ့ သမိုင်းဖြစ်ပါတယ်။ ဒီ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ လူမျိုးစုံနေထိုင်ခဲ့တဲ့ နယ်မြေကြီးမှာ ဖြစ်ပျက်ခဲ့သမျှကို လေ့လာသူတွေထဲ ဒေါက်တာသန်းထွန်းရဲ့ အရေးအသားတွေက သြဇာကြီးပြီး ရေးသမျှ ရွက်ကြမ်းရေကျိုလို့ မရှိတဲ့ ၊ အခိုင်အမာ အားထားရတဲ့ သမိုင်းဆရာ ဖြစ်တယ်ဆိုပြီး ပညာရှင်တွေကြား လေးစားခံရသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုဂံကိုမြင်လျှင်
ပုဂံခေတ် ဗုဒ္ဓသာသနာသမိုင်းနဲ့ လန်ဒန်တက္ကသိုလ်က ပါရဂူဘွဲ့ ရခဲ့တဲ့ ဒေါက်တာသန်းထွန်းဟာ သူ့ဆရာ ပါမောက္ခလုစ်လိုပဲ ပုဂံကို ချစ်မြတ်နိုးသူ၊ ပုဂံသမိုင်းကို သက်ဆုံးတိုင် လေ့လာသွားသူ ဖြစ်ပါတယ်။ ဒါကြောင့် သူကွယ်လွန်ခါနီး မွေးနေ့ပွဲတခုမှာ ပုဂံအကြောင်း သူ သုတေသနလုပ်စရာတွေ ကျန်သေးလို့ တပည့်တွေ ဆက်လုပ်ကြဖို့ တိုက်တွန်းခဲ့ကြောင်း စိုင်းခမ်းမိုင်းက ပြောပါတယ်။
လုစ်နဲ့မတူတာက နဝတခေတ် ပုဂံဘုရားတွေကို ခေတ်ပုံစံ ပြင်ဆင်မွမ်းမံတာတွေကို ဒေါက်တာ သန်းထွန်း မြင်သွားခဲ့ပြီး ပုဂံလက်သစ်နဲ့ ပုဂံအနုပညာတန်ဖိုးထိန်းသိမ်းရန်ဆိုတဲ့ စာတမ်း နှစ်စောင်ရေးပြီး သတိပေးခဲ့ရပါတယ်။ ပုဂံဟာ မွန်ဂိုဝင်ချိန်ကစပြီး ဖျက်ဆီးလုယက်မှု၊ ငလျင် နဲ့ ရာသီဥတုဘေးတွေ ကြုံခဲ့တဲ့အထဲ မင်းဘေးနဲ့ မသိနားမလည်မှု မောဟဘေးကို ကြုံခဲ့ပုံကို ဒေါက်တာသန်းထွန်း မြင်သွားခဲ့ပါတယ်။ ဒါကြောင့် ပုဂံနယ်မြေ ထိန်းသိမ်းမှုနဲ့ သမိုင်းလေ့လာမှုမှာ လုစ်၊ ဒေါက်တာသန်းထွန်းနဲ့ ဦးဘိုကေ စတဲ့ ပုဂံလက်ဟောင်းကို စနစ်တကျလေ့လာခဲ့သူတွေရဲ့ အရေးအသားကို ခုထိ လက်ကိုင်ပြုရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Tun's Collection
ကွန်သာယာ တမာရိပ်
၁၉၆၂ အလွန် မြန်မာကြီးစိုးတဲ့ စစ်တပ်ခေတ်မှာ မန္တလေးတက္ကသိုလ်က လူမျိုးစုကျောင်းသားတွေကို သမိုင်းလေ့လာဖို့ တွန်းအားပေးခဲ့သူကလည်း သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းပဲ ဖြစ်ပါတယ်။ မြန်မာသမိုင်းမှာ တိုင်းရင်းသားသမိုင်းမပါရင် မပြီးတာမို့ လူမျိုးစုတွေရဲ့ သမိုင်းကို ပြုစုရမယ်ဆိုပြီး တပည့်တွေကို မဟာဝိဇ္ဇာကျမ်းပြုဖို့ လမ်းညွှန်ပေးခဲ့တယ်လို့လည်း စိုင်းခမ်းမိုင်းက ဆိုပါတယ်။ ဒါကြောင့် ချင်း၊ ကချင်၊ ရှမ်း စတဲ့ တောင်ပေါ်လူမျိုးစုတွေရဲ့ သမိုင်းကျမ်းတွေ ၁၉၇ဝ ကျော်မှာ ပေါ်ထွက်ခဲ့ပါတယ်။
သမိုင်းမရှိရင် လူမျိုးပျောက်ပြီး ကိုယ်လာရာ ဇာစ်မြစ်ကို မသိဖြစ်နိုင်တဲ့အတွက် ဒေါက်တာသန်းထွန်းဟာ နိုင်ငံရေးကို စွန့်ပြီး သမိုင်းသုတေသနကို ဇောက်ချလုပ်ခဲ့တယ်လို့လည်း စိုင်းခမ်းမိုင်းက ဆိုပါတယ်။ နောင်လာနောက်သားတွေအတွက် နိုင်ငံရေးလုပ်တာထက် သမိုင်းသုတေသနလုပ်တာက ပိုအကျိုးများ အဓိပ္ပာယ်ရှိတဲ့အတွက် ဦးသန်းထွန်း သမိုင်းဘက်ကို ဦးတည်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ဒေါက်တာသန်းထွန်းရဲ့ စာတွေဟာ နိုင်ငံရေးဥပေက္ခာများပြီး ခေတ်ဟောင်းသမိုင်းအများစုကိုသာ အာရုံစိုက်ခဲ့တယ်လို့ဆိုနိုင်ပေမယ့် သူရဲ့ သုတေသနတွေဟာ ဒေသခံဗမာ့သမိုင်းအရေးအသားများရဲ့ ပြယုဂ်လို့ ဖော်ပြရမှာဖြစ်ကြောင်း ဗဟိုဥရောပတက္ကသိုလ်မှာ သမိုင်းမဟာဘွဲ့ယူစာတမ်း ပြုနေတဲ့ ကိုသူရိန်နိုင်က ဒေါက်တာသန်းထွန်းရာပြည့်အတွက် အမှတ်တရ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သုတေသနသည်သာ ကိုးကွယ်ရာ
ဒေါက်တာသန်းထွန်းရဲ့ ကွန်သာယာ စာတမ်းဖတ်ပွဲတွေဟာ အဲဒီခေတ်က လမ်းစဉ်ပါတီကေဒါနဲ့ အာဏာပိုင်အဆင့်ဆင့်ကို ကြောက်ရွံ့နေရတဲ့ မန္တလေးပညာရေးလောကအတွက် အေးရိပ်ခိုရာ ဖြစ်ခဲ့ပါတယ်။ လမ်းစဉ်ပါတီကို လှောင်ပြောင်လို့ အလုပ်ပြုတ်သွားခဲ့တဲ့ သူ့ရှေ့က သမိုင်းပါမောက္ခ ဒေါက်တာမောင်မောင်ကြီးအဖြစ်ကို သင်္ခန်းစာမယူဘဲ သူလုပ်ချင်တဲ့ သုတေသနကိုပဲ အချိန်ပြည့် လုပ်နေခဲ့ပါတယ်။ ဒါကြောင့် ပညာရေးအဖွဲ့ အစည်းအဝေးမှာ မဆိုင်တဲ့ကိစ္စတွေ လျှောက်ပြောလို့ ဆိုပြီး သူမတက်တဲ့အတွက် ဌာနက ကထိက ဒေါ်အုန်းကြည်က သွားတက်ပေးရပါတယ်။ နောက် သူ သုတေသနခရီးတွေ သွားရင် အထက်ကို ခွင့်မတင်တဲ့အတွက် ခွင့်တင်ခိုင်းတဲ့အခါမှာလည်း သို့ ပါမောက္ခချုပ်၊ ကျွန်တော်ခွင့်တိုင်ပါသည် ခင်ဗျား ဆိုပြီး အမှိုက်ခြင်းထဲက စက္ကူပေါ် ရေးကာ ခွင့်တိုင်ခဲ့တယ်လို့ စိုင်းခမ်းမိုင်းက ဆိုပါတယ်။
ဒီလို သုတေသနပဲ လုပ်နေတဲ့အတွက် မိသားစုတာဝန်မကျေပွန်နိုင်ဘဲ အိမ်ကိစ္စအလုံးစုံကို ဇနီးဖြစ်သူ ဒေါ်ခင်ရီက တာဝန်ယူခဲ့ရပါတယ်။ ဒီအတွက် မိသားစု ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်ခဲ့ရပေမယ့် ဒေါက်တာသန်းထွန်းကတော့ သူ့ သုတေသနကမ္ဘာထဲမှာပဲ ရောင့်ရဲနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Tun's Collection
လျှာစောင်းထက်တဲ့ ပါမောက္ခ
ဒေါက်တာသန်းထွန်းကို လူ့ခွစာ၊ လူကပ်သပ်အဖြစ် သူနဲ့ခေတ်ပြိုင်တွေက ရှုမြင်ကြကြောင်း သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။ ပညာရှင် အခေါ်ခံချင်ကြတယ်၊ အကြံပေးပုဂ္ဂိုလ်လို့ အခေါ်ခံချင်ကြတယ်။ အဲ့ဒီငပေါကြီးတွေနဲ့ ငါ လွတ်အောင်နေတယ်။ သူတို့က ငါ့ကိုရွံသလို ငါကလဲ သူတို့ကို ရွံတယ်။ ငါ့ကို ပညာရှင်မှတ်ပြီး မတော်တဆ မျက်စိလည်ပြီး ရောက်လာတဲ့သူကိုလည်း တောင်းပန်ပြီး ပြန်လွှတ်တယ်။ အကျန်ပေးရလွန်းလို့ ငါ့မှာ အကျန်ကုန်ပြီလို့လဲ ခဏခဏပြောနေရတယ် ဆိုတဲ့ စကားမျိုးကလည်း ဒေါက်တာသန်းထွန်းလို လူမျိုးမှ ပြောတတ်တဲ့ စကားတွေ ဖြစ်ပါတယ်။
ဒီလို အငေါ်တူးတတ်ပေမယ့် ဦးသန်းထွန်းဟာ သူခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတပည့်တပန်းတွေနဲ့ တွေ့ရင် ပျော်ပျော်နေတတ်တဲ့သူဖြစ်ပါတယ်။ အမရပူရ တောင်သမန်အင်းစောင်းက ဦးပညာရဲ့ တောင်လေးလုံးကျောင်းနဲ့ မန္တလေးက လူထုစာအုပ်တိုက်ကို သူသွားလည်ရတာ ကြိုက်ကြောင်း သူသွားလေရာကို ဂျစ်ကားတစီးနဲ့ လိုက်ပို့ရတဲ့ သူ့တပည့်ရင်း စိုင်းခမ်းမိုင်းက ပြောပါတယ်။ ဒေါက်တာသန်းထွန်းဟာ ကျောင်းရှင် အိမ်ရှင်တွေ ချကျွေးသမျှ အကုန်စားပြီး သူပြောချင်တာတွေကို မိတ်ဆွေတွေက နားထောင်ကြပါတယ်။ အင်းထဲမှာ ရေဆင်းကူးတာမျိုးလည်း လုပ်တတ်တယ်လို့ ဆိုပါတယ်။ သူ့မွေးနေ့တွေမှာတော့ သူ့တပည့်တွေကို သူစုထားတဲ့ အရက်တွေ ထုတ်တိုက်ပြီး တပည့်တွေကလည်း သူ့ကို လက်ချည်းသက်သက်နဲ့ ကန်တော့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သန်းထွန်းခြေရာ
ဒေါက်တာသန်းထွန်း အနိစ္စရောက်တာ နှစ် ၂ဝ ချဉ်းကပ်ပြီး သူ အသက် ရာပြည့်ချိန်မှာတော့ သူ့တပည့်များ သူ့ခြေရာနင်းပြီး သုတေသနပြုဖို့မှာ သွားရမည့်ခရီးကား ဝေးသေး၏၊ ခြေသာလျှင် ယာဉ်ရှိကုန်၏ ဆိုတဲ့ စကားအတိုင်း ခြေဗလာသက်သက်ပဲ ရှိကြတယ်လို့ စိုင်းခမ်းမိုင်းက မချင့်မရဲနဲ့ ပြောပါတယ်။ နိုင်ငံအခြေအနေနဲ့ ပညာရပ်ကျဆင်းမှုအထွေထွေကြောင့် သမိုင်းသုတေသနလုပ်ငန်း မထွန်းကားနိုင်သေးချိန်မှာ ဦးသန်းထွန်းတပည့်တွေထဲက သူ့သုတေသနခြေရာကို လိုက်နင်းသူက ကွယ်လွန်သူ ဒေါ်အုန်းကြည်နဲ့ ဦးနီတွတ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီဆရာ ဆရာမတွေ ရေးတဲ့စာတွေကို ပြည်ပပညာရှင်တွေ မသိကြဘူးလို့ ပြောပါတယ်။
သမိုင်းကို သူများရေးပြီးသားစာအုပ်ဟောင်းအမြင်ဟောင်းတွေကပဲ မကြည့်ဘဲ လက်တွေ့ကွင်းဆင်းကာ ကျောက်စာမင်စာတွေ ဖတ်ပြီး ရေးသားပြုစုတဲ့ဓလေ့ကို ဒေါက်တာလုစ်နောက်မှာ ဒေါက်တာသန်းထွန်း လိုက်စားခဲ့ပါတယ်။ ဒါကြောင့် သူရေးတဲ့သမိုင်းတွေဟာ အစဉ်အလာလက်ခံထားတဲ့အချက်တွေကို ဝေဖန်ဆန်းစစ်တာ များလို့ လက်မခံနိုင်သူတွေလည်း ရှိပါတယ်။ ဒီလို ချီးမွမ်းကဲ့ရဲ့ ဝေဖန်သံတွေကို ပမာမထားဘဲ မြန်မာသမိုင်းကို အသစ်ပြန်ရေးဖို့ အားထုတ်ခဲ့တဲ့ ဒေါက်တာသန်းထွန်းရဲ့ စာတွေကို မျိုးဆက်သစ် ပညာရှာတွေ ဆက်ပြီး လက်စွဲပြုကာ မြန်မာသမိုင်းကို ပြည့်စုံမှန်ကန်အောင် အားထုတ်ကြရင်တော့ သူ နိုင်ငံရေးစွန့်ပြီး သုတေသနဘက် လိုက်ရကျိုးနပ်တယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








