ဧပြီလ ၁၆ရက် ထိပ်တန်းသတင်းများ - မင်းတပ်မြို့နယ်ထဲ စစ်တပ် လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, ချင်းကာကွယ်ရေးတပ်(မင်းတပ်)
လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေဆုံး
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်လည်း အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ မြေပြင် အခြေအနေ သိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဥ် ၂ စီးဟာ မင်းတပ်မြို့နယ်ထဲက တိုက်နယ်အမှတ် ၁ ဘက်အခြမ်းကို ဒီနေ့ညနေပိုင်း ၅ နာရီ ဝန်းကျင်မှာ ဗုံး ၆ လုံးကြဲချခဲ့ပြီးနောက် ဗုံးကြဲတဲ့နေရာတွေကို မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်ရင်းကနေ လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရထားသလို နေအိမ် ၃ လုံး ပျက်စီးတယ်လို့ ဘီဘီစီက ကနဦးသိရှိထားရပါတယ်။
မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေကို ပြီးခဲ့တဲ့နှစ်ကထက် ပိုတိုးလုပ်လာတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် ခုခံကာကွယ်ဖို့ မဖြစ်မနေ ကတုတ်ကျင်းတူးကြရမယ်လို့ ချင်းကာကွယ်ရေးတပ် CDF- မင်းတပ်ကနေ သတင်းထုတ်ပြန်ပြီး တစ်ရက်အကြာမှာ စစ်ကောင်စီရဲ့ အခုလို တိုက်ခိုက်မှုထွက်ပေါ်လာတာပါ။
ဒီနေ့ လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲမရှိဘဲ စစ်တပ်ဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမဲ့ တိုက်ပွဲ ရှိ မရှိကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကလေးမြို့ပေါ်က လျှပ်တပြတ်သပိတ် ဖြိုခွင်းခံရ

ဓာတ်ပုံ ရင်းမြစ်, ကလေးမြို့ပင်မသပိတ်အင်အားစု
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းပြီးကတည်းက နေ့စဥ်နီးပါး ဆန္ဒဖော်ထုတ်နေတဲ့ ကလေးမြို့ ပင်ပသပိတ်အင်အားစုဟာ ဒီနေ့ ဧပြီလ ၁၆ ရက် နေ့လယ်ပိုင်းမှာ ဖြိုခွင်းခံရတယ်ဆိုပြီး အဲဒီသပိတ်အဖွဲ့က ထုတ်ပြန်ပြောဆိုလာပါတယ်။
ကလေးမြို့ပင်မသပိတ်အင်အားစု အဖွဲ့ဝင်တွေ မြို့ပေါ်မှာ လျှပ်တပြတ်သပိတ်ပြုလုပ်နေစဥ် စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ပြီး ဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူအရေအတွက်ကို ထုတ်ဖော်ပြောတာမရှိသေးပေမယ့် လူပုဂ္ဂိုလ်အချို့နဲ့ ဆက်စပ်နေတဲ့ မိဘပြည်သူတွေ အချိန်မီ ရှောင်တိမ်းနိုင်ဖို့ဆိုပြီး အမျိုးသား၊ အမျိုးသမီး ၃ ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ကလေးမြို့မှာပြုလုပ်တဲ့ လူထုသပိတ်တွေကို စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်ဖြိုခွင်းမှုတွေ လုပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်းတုန်းကဆိုရင် စစ်ကောင်စီတပ်က ဖြိုခွင်းပစ်ခတ်လို့ အရပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။
ပဇီကြီးရွာဖြစ်စဥ်ကို နိုင်ငံတော်အဆင့် ကိစ္စအဖြစ် ဆောင်ရွက်နေတယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကို နိုင်ငံတော်အဆင့် ကိစ္စအဖြစ်သတ်မှတ်ပြီး ကူညီပေးနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ပြောပါတယ်။
ပဇီကြီးဖြစ်စဥ်ကို နိုင်ငံတော်အဆင့်ကိစ္စတစ်ရပ်အဖြစ်လုပ်ဆောင်နေတာကြောင့် လုံလောက်တဲ့အသုံးစရိတ် တစ်ခု သတ်မှတ်ပြီး လိုအပ်တာတွေကို ကူညီပေးနေတယ်လို့ ဒီနေ့ ဧပြီလ ၁၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်။
ထိခိုက်နစ်နာခဲ့သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဆေးကုသမှုပေးနေတာတွေ၊ နောက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတာတွေ လုပ်နေတယ်လို့ သူက ပြောပေမဲ့ အဲဒီအတွက် ငွေကြေးဘယ်လောက်အထိ လျာထားပြီး သုံးစွဲနေတယ်ဆိုတာတော့ မပြောသွားပါဘူး။
တဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှုကို ကြုံခဲ့ရတဲ့ဒေသခံတွေဟာ တိုက်ခိုက်မှုမှာသေဆုံးခဲ့သူတွေအတွက် ရက်လည်ဆွမ်းကျွေးပြုလုပ်ဖို့ကိုပင် ကြောက်ရွံ့နေတယ်လို့လည်း ပြောပါတယ်။
‘‘ကွန်လွန်သွားတဲ့သူတွေအတွက် ရက်လည်ဆွမ်းသွတ်လို့ မရဘူးဖြစ်နေတယ်။ နောက်ထပ် လူစုလူဝေးဖြစ်တဲ့အခါ လာပြီးတော့ ပစ်ခတ်သတ်ဖြတ်တာတွေလုပ်မှာစိုးရိမ်ချက်နဲ့ပေါ့။ အချို့ရွာတွေမှာတော့ အကျဥ်းရုံးပြီး လုပ်လိုက်တာရှိတယ်။ စိတ်ဒဏ်ရာတွေရနေကြတယ်။ တစ်မိသားစုလုံးမှာ တစ်ယောက်ပဲ ရှင်ကျန်နေတဲ့သူမျိုးဆို နောက်တစ်ခါ လာပစ်ရင် လမ်းပေါ်ထွက်ပြီး အသေခံလိုက်တော့မယ်ဆိုတာမျိုးအထိ ဖြစ်နေတယ်’’ လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရက ရရှိတဲ့နောက်ဆုံး စာရင်းတွေအရ သေဆုံးသူ ၁၆၈ ဦးရှိပြီး အဲဒီထဲမှာ အမည်မဖော်နိုင်သူ ၄ ဦးပါဝင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပဇီကြီးကျေးရွာအစွန်က ပြည်သူ့အုပ်ချုပ်ရေး(ပကဖ) ရုံးဖွင့်ပွဲလုပ်နေတဲ့နေရာကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်တုန်းက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ အခုလို များပြားခဲ့တာလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေက ဘီဘီစီကို ပြောထားပါတယ်။
လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဧပြီ ၁၁ ရက် ပဇီကြီးရွာ ဖြစ်စဥ်ဟာ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ နေရာတည့်တည့်ကို လက်နက်ထိမှန်လို့ ပေါက်ကွဲ သေဆုံးမှုတွေ ပိုများခဲ့တာလို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ တိုက်ခိုက်ခံရတဲ့နေရာဟာ မိုင်းတွေ၊ ယမ်းတွေရှိမနေဘဲ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်သာ အခုလို သေဆုံးမှု များပြားခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Chin Journal
ချင်းပြည်နယ် ဟားခါးမြို့နယ် အနီးက ချွန်ကျုံးရွာနဲ့ ဟားခါးမြို့သစ်ကြားမှာ ချင်းအမျိုးသားတပ်မတော် CNA၊ ချင်းပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြားမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ CNA နဲ့ ဟားခါးဘက်ကဒေသခံတွေထံက သိရပါတယ်။
ဟားခါးမရောက်မီ ၅ မိုင်လောက်အလိုမှာရှိတဲ့ ချွန်ကျုံးရွာအနီးမှာ ဟားခါးကိုလာတဲ့ စစ်ကောင်စီတပ်ယာဥ် တန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့ ၃ရက်ကတည်းက စပြီးအခုလို တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
“ဘယ်သူမှ အဲဒီဘက်တွေကို မဝင်ရဲကြတော့ဘူး။ စစ်ကောင်စီတပ်သားတွေက ရွာတွေထဲမှာရှိနေကြတယ်” လို့ ဟားခါးမြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ချင်းကာကွယ်ရေးအဖွဲ့တွေက ပျောက်ကျားတိုက်ခိုက်တာတွေ လုပ်နေတာမျိုးရှိတယ်လို့ မြေပြင်သိရှိသူဒေသခံတွေကဘီဘီစီကိုပြောပါတယ်။
အဲဒီစစ်ကောင်စီယာဥ်တန်းပါ တပ်ဖွဲ့ဝင်တွေအပြင် ဟားခါးကနေလာတဲ့ စစ်ကူစစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ နဲ့ပါ အဲဒီဟားခါးမရောက်မီ ၅မိုင်အတွင်းမှာ တိုက်ပွဲတွေ ဧပြီ ၁၆ရက်အထိ ဆက်ဖြစ်နေတာလို့ CNA ပြောခွင့် ရသူ ဆလိုင်းထက်နီက ဘီဘီစီကိုပြောပါတယ်။
မနေ့ကတိုက်ပွဲတွေအတွင်း ဟားခါးမြို့သစ်ထဲက နှီယာလောန်ထာရ်ရွာရဲ့ နေအိမ်အလုံး ၃၀ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ခဲ့တယ်လို့ ဆလိုင်းထက်နီက ဘီဘီစီကိုပြောပါတယ်။
CNA နဲ့ ပူးပေါင်းအဖွဲ့တွေကတော့သူတို့တိုက်ခိုက်ခဲ့ကြတဲ့ စစ်ယာဥ်တန်းထဲက သံချပ်ကာကား ၁ စီးက ပြင်ဆင်အသုံးပြုလို့ရနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရှိရတာကြောင့် ထပ်မံဖောက်ခွဲဖျက်ဆီးတာ မျိုးလည်း မနေ့ကလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရတဲ့ ဧပြီလ ၁၃ရက်နေ့ကတော့ လေကြောင်းရော၊ လက်နက်ကြီးတွေ နဲ့ပါ စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြေပြင်ကတပ်ဖွဲ့တွေ အချင်းချင်း ကြားတိုက်ခိုက်မှုတွေသာ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ဟားခါးဘက်ကတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
တာလီဘန်တွေအုပ်ချုပ်တဲ့ အာဖဂန်လိုဆိုးဝါးတယ်လို့ ဖော်ပြ
TIME မဂ္ဂဇင်းရဲ့ "The 100 Most Influential People of 2023" လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်များအယောက် ၁၀၀ စာရင်းမှာ စစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့နဲ့ အတူ ခေါင်းဆောင်သူတွေရဲ့ စာရင်းအောက်မှာထည့်သွင်းဧပြီလ ၁၃ရက်နေ့က ဖော်ပြခဲ့တာပါ။
အခြားခေါင်းဆောင်တွေကတော့ နိုင်ငံအတွက် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် အခုလို ထည့်သွင်းဖော်ပြခံရတာကို TIME မဂ္ဂဇင်းရဲ့ ညွှန်းဆိုရေးသားမှုတွေအရသိရပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုတော့ အာဏာသိမ်းပြီးကတည်းက ကျေးရွာတွေကို အမြှောက်တွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်ခံခဲ့ရပြီး သောင်းနဲ့ ချီတဲ့လူတွေ သေဆုံးကာ နိုင်ငံသားတစ်သန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ ရတာတွေရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီဖြစ်စဥ်တွေမရှိခဲ့သေးတဲ့ အာဏာမသိမ်းမီကပင် ကုလသမဂ္ဂက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်” နဲ့ ရိုဟင်ဂျာမွတ်စလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ တယ်လို့ စွပ်စွဲထားတာကိုလည်း TIME မဂ္ဂဇင်းက ဖော်ပြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို အပယ်ခံနိုင်ငံအဖြစ် ပြန်လည် ရောက်ရှိစေတယ်လို့လည်း TIME မဂ္ဂဇင်းက ရေးသားပါတယ်။ အဲဒါအပြင် ကမ္ဘာ့ဒုတိယ အာဏာရှင်စနစ် အဖြစ် Economist Intelligence Unit’s 2022 (စီးပွားရေးအချက်အလက်သုတေသနဌာန - EIU) ရဲ့ ၂၀၂၂ခုနှစ် ဒီမိုကရေစီအညွှန်းကိန်းမှာလည်း ဖော်ပြထားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ တာလီဘန်တွေ အုပ်ချုပ်တဲ့ အာဖဂန်နစ္စတန်ထက်ကို အဆင့်ပိုဆိုး နေပါတယ်လို့လည်း TIME မဂ္ဂဇင်းကဖော်ပြပါတယ်။
ဧပြီလ ၁၁ ရက်နေ့ကပင်၊ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၇၀ ကျော်အထိရှိခဲ့ပါသေးတယ်။
စစ်ကောင်စီဘက်ကတော့ PDF စခန်းဖွင့်ပွဲကိုပစ်ခတ်တာလို့ဆိုထားပေမယ့် သေဆုံးသူတွေရဲ့ မိသားစုဝင် တွေကတော့ သေဆုံးသူတွေဟာအရပ်သားအများဆုံးပါဝင်တယ်လို့ ဆိုကြပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးကစလို့ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ရက်အထိ စစ်ကောင်စီက စစ်အာဏာသိမ်းမှု ကိုဆန့်ကျင်တဲ့ စွပ်စွဲချက်နဲ့ စုစုပေါင်း ၂၁၃၄၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၁၇၄၆၀ ဟာ ဆက်လက် ဖမ်းဆီးခံထားရပြီး၊ ၅၅၈၆ ဦးကတော့ ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းတွေအရသိရပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက် လာသူကတော့ ၃၈၆၆ ဦးရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာမှ သေဒဏ်ချမှတ်ခံထားရသူ ၁၀၉ ဦးအထိရှိပြီဖြစ်ပါတယ်။ အဲဒါအပြင် မျက်ကွယ်သေဒဏ်အဖြစ်ချခံထားရသူ ၄၂ ဦးလည်းရှိနေပါတယ်။ ဒါကြောင့် သေဒဏ်ချခံရသူ စုစုပေါင်းဟာ ၁၅၁ ဦးအထိရှိနေတယ်လို့ သိရပါတယ်။
TIME မဂ္ဂဇင်းကြီးရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး ခေါင်းဆောင် အယောက် ၁၀၀ စာရင်းထဲမှာ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ဖော်ပြခံခဲ့ရဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဒီမိုကရေစီအရေးတိုက်ပွဲဝင်ရာမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူ ခေါင်းဆောင်အဖြစ် ရှုမြင်ဖော်ပြခဲ့တာမျိုးလည်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်ကဆိုရင်လည်း TIME မဂ္ဂဇင်းရဲ့ ကမ္ဘာ့အထင်ကရ အမျိုးသမီးအယောက် ၁၀၀ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။








