ဒီဒေးကမ်းတက်တိုက်ပွဲ- ဥရောပမြေမှာကွယ်လွန်ခဲ့တဲ့ ဒုတိယကမ္ဘာစစ် အမေရိကန်စစ်ပြန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Pittsfordschools
ဒုတိယကမ္ဘာစစ် အမေရိကန်ရေတပ်အဖွဲ့ဝင်စစ်ပြန်ကြီးဟာ အမေရိကန်ကနေ ပြင်သစ်နော်မန်ဒီ ကမ်းခြေမှာ ဇွန် ၆ ရက်မှာကျင်းပတဲ့ အကြိမ် ၈၀ မြောက် D-Day ကမ်းတက်အောင်ပွဲနေ့ အထိမ်းအမှတ်ကို တက်ရောက်ဖို့ ဥရောပမြေကို သွားချိန်မှာပဲ ခရီးလမ်းမှာ ကွယ်လွန်ခဲ့ပါတယ်။
ရောဘတ် ''အေဝမ်း'' ပါစီချီတီ ဟာ ရိုချက်စတာ၊နယူးယောက်ကနေ ဥရောပကို သွားတဲ့ သင်္ဘောပေါ်မှာ ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေ ကြုံတွေ့ခဲ့ရပြီးနောက် မေလ ၃၀ ရက်မှာ ဂျာမဏီနိုင်ငံက ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတာပါ။ အဲဒီနောက်နေ့ သောကြာ မေ ၃၁ ရက်မှာ သူကွယ်လွန်ခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် ၁၀၂ နှစ်ရှိပါပြီ။
'' ကြီးမြတ်စွာစွန့်စားသလို၊ အလွန်ကို နှိမ့်ချဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်'' အဖြစ် အသိအမှတ်ပြုအောက်မေ့ကြတဲ့သူဟာ ဂျပန်မဟာမိတ်တွေနဲ့ စစ်ဆင်ရေးမှာပါဝင်ခဲ့ပါတယ်။
Honor Flight ဆိုတဲ့ ပါစီချီတီပါဝင်ထားတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့အစည်းကလည်း ပါစီချီတီရဲ့ သေဆုံးမှုကို ဆိုရှယ် မီဒီယာမှာ အတည်ပြုခဲ့ပြီး "သူဟာ သူ့နိုင်ငံအတွက်ရဲဝင့်စွာတာဝန်ထမ်းဆောင်ခဲ့ကြောင်း" ပြောကြားခဲ့ပါတယ်။
အကျိုးအမြတ်မယူတဲ့အဖွဲ့ဖြစ်တဲ့ အမေရိကန်စစ်မှုထမ်းဟောင်းတွေအဖွဲ့ဟာ သူတို့ တိုက်ခိုက်ခဲ့တဲ့ သက်ဆိုင်ရာစစ်ပွဲတွေရဲ့ အောက်မေ့ဖွယ်နေရာတွေကို သွားရောက်နိုင်ဖို့ ပို့ဆောင်ပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pittsfordschools
အခုသေဆုံးသူ ၁၀၂ နှစ်အရွယ်စစ်ပြန်ကြီး ရောဘတ်ဟာ ဒီဒေးကမ်းတက်တိုက်ပွဲအခမ်းအနားတက်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ နယူးအော်လန်မှာရှိတဲ့ အမျိုးသားအဆင့်ဒုတိယကမ္ဘာစစ်ပြတိုက် က သွားလာရေးကုန်ကျစရိတ်တွေကို အကုန်အကျခံစီစဥ်ပေးခဲ့တာလို့ ဘီဘီစီရဲ့ မိတ်ဖက် အမေရိကန်သတင်းဌာန CBS ကဖော်ပြပါတယ်။
'' အဲဒီကိုသွားဖို့ ကျွန်တော်တကယ့်ကိုစိတ်လှုပ်ရှားနေတယ်''လို့ WROC-TV အစီအစဥ်မှာ သူမသွားခင်တစ်ရက်ကမေးမြန်းခန်းမှာပြောခဲ့ပါတယ်။ သူ့ရဲ့ နှလုံးအထူးကုဆရာဝန်ကလည်း သူခရီးသွားဖို့ ကို တွန်းတွန်းတိုက်တိုက်ရှိခဲ့တယ်လို့လည်းသူကဖြည့်ပြောခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံမှာ မစ္စတာပါစီချီတီနဲ့ အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ အေဝမ်း ဒီကာလို ကလည်း အဲဒီခရီးစဥ်မှာပါဝင်ခဲ့ပါတယ်။ သူ့ သူငယ်ချင်း တစ်ယောက်တည်း မသေဆုံးခဲ့ပါဘူးလို့ ရိုချက်စတာ မှာရှိတဲ့ ဒေသတွင်း မီဒီယာကို ပြောခဲ့ပါတယ်။
“ဆရာဝန်က သူနဲ့အတူရှိနေတယ်… သူကတော့ ငြိမ်သက်နေပြီး သက်တောင့်သက်သာရှိနေခဲ့တယ်” လို့ ABC သတင်းဌာနရဲ့ တွဲဖက်သတင်းဌာန WHAM-TV ကထုတ်လွှင့်ပါတယ်။
'' ဆရာဝန်အမျိုးသမီးက သူ့အကြိုက်ဆုံးအဆိုတော် ဖရန့်စင်နာထွာရဲ့ သီချင်းကို ဖုန်းမှာဖွင့်ပေးခဲ့တယ်။ သူငြိမ်းငြိမ်းချမ်းချမ်းပဲ ကျွန်တော်တို့ဆီကနေထွက်ခွာသွားတာပါ''
သူတို့ နှစ်ဦးဟာ ၁၉၄၅ ခုနှစ်က နိုင်ငံရဲ့ နယ်ချဲ့စစ်တပ်က အမေရိကန်သိမ်းပိုက်ထားတဲ့ ဂျပန်ကျွန်းတစ်ခုဖြစ်တဲ့ အိုင်အိုဝါဂျီဝါ မှာ အတူတကွတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မစ္စတာပါစီချီချာရဲ့ မိတ်ဆွေ အသက် ၄၆ နှစ်အရွယ် သင်းအုပ်ဆရာ ဝီလီယမ် လီယွန်နီ က '' သူကတကယ်ကို အသက်ရှင်လိုစိတ်ရှိတဲ့သူပါ'' လို့ဆိုပါတယ်။ နောက်ပြီးတော့ '' ကျောင်းတွေမှာလည်း ကလေးတွေကို သူ့အတွေ့အကြုံတွေ မျှဝေပေးတယ် '' လို့ WHAM-TV ကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ပြန်ကြီးဟာ ကျောင်းဆရာဟောင်းလည်းဖြစ်ပါတယ်။ အခုနှစ်ဧပြီတုန်းက ဒေသတွင်းကျောင်းတစ်ခုက ကျောင်းသားတွေက သူ့မွေးနေ့ကို ဂုဏ်ပြုကျင်းပပေးခဲ့ကြပါသေးတယ်။
၂၀၂၀တုန်းက သူ့ကို နယူးယောက်ပြည်နယ်ဆီးနိတ် ရဲ့ စစ်ပြန်ဂုဏ်ပြုဆောင်မှာဂုဏ်ထူးဆောင်ဘွဲ့ကို အဲဒီအချိန်က အထက်လွှတ်တော်အမတ် Rich Funke က ပေးအပ်ခဲ့ပါတယ်။
အခုတော့ သူကွယ်လွန်ခဲ့ပါပြီ။ ရိုချက်စတာက သူ့ရဲ့ Honor Flight က အဖွဲ့သားတွေကတော့ သူ့ကိုလွမ်းဆွတ်နေကြတော့မှာပါ။
လွန်ခဲ့တဲ့ ၁၉၄၄ ခုနှစ် ဇွန် ၅ ရက်မှာ ဥရောပတိုက်ကို နာဇီ အောက်က ပြန်လည် ရယူဖို့အတွက် စစ်ဆင်ရေးကြီးစတင်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။
နောက်တနေ့ ဖြစ်တဲ့ ဇွန်လ ၆ ရက်မှာ စခဲ့တဲ့ ဒီဒေးကမ်းတက်စစ်ဆင်ရေးကြီးမှာ ရေယာဉ် ၊ လေယာဉ်ပေါင်း ထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ ဒီ နော်မန်ဒီကမ်းတက် တိုက်ပွဲတွေဟာ ဒုတိယကမ္ဘာစစ်ကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့တဲ့ တိုက်ပွဲကြီးတွေလည်းဖြစ်ပါတယ်။
Day ကမ်းတက်တိုက်ပွဲ စတင်တဲ့ပထမဆုံးနေ့ တရက်တည်းမှာပဲ မဟာမိတ်တပ်ဖွဲ့ဝင် ၄,၄၁၄ သေဆုံးခဲ့ရပြီး ဒီအထဲမှာ ၂,၅၀၁ ယောက်က အမေရိကန် စစ်သားတွေ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရခဲ့သူကတော့ ၅,၀၀၀ ကျော် ရှိခဲ့တာပါ။ ဂျာမနီတပ်ဖွဲ့တွေဘက်မှာလည်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။
ဒီဒေး စစ်ဆင်ရေးဟာ ကမ္ဘာ့စစ်သမိုင်းမှာ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးတွေထဲမှာ အကြီးကျယ်ဆုံး စစ်ဆင်ရေးကြီးလည်းဖြစ်ပါတယ်။
အဲဒီတုန်းက သင်္ဘော ၇၀၀၀ လောက်က စစ်သည် တသိန်းခွဲကျော်ကို နော်မန်ဒီနယ်က ဂျာမန် တပ်ဖွဲ့တွေ ကာကွယ်ထားတဲ့ ကမ်းခြေ ၅ ခုကို သယ်ဆောင်လာပြီး ကမ်းတက် တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။








