ဘာဘီရုပ်ရှင် - ကမ္ဘာတဝန်းရုပ်ရှင်ရုံတွေမှာ ဝင်ငွေ သန်းတစ်ထောင်ကျော်လာ

မာဂေါ့ ရော်ဘီက ဘာဘီအဖြစ် သရုပ်ဆောင်ထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မာဂေါ့ ရော်ဘီက ဘာဘီအဖြစ် သရုပ်ဆောင်ထား

ဘာဘီရုပ်ရှင်ဟာ ဖြန့်ချိပြီး ၁၇ ရက်အတွင်းမှာပဲ ကမ္ဘာတဝန်းရုပ်ရှင်ရုံမှာ ‌ဒေါ်လာ သန်း ၁ ထောင်အထိ စံချိန်တင်ဝင်ငွေရရှိသွားပြီလို့ Warner Bros ရုပ်ရှင် ထုတ်လုပ်ရေးက ပြောပါတယ်။

ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာပဲ ကမ္ဘာတဝန်းရုပ်ရှင်ရုံတွေကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ကျော်ရရှိထားတာလို့ ကုမ္ပဏီဘက်က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါဟာ ဒါရိုက်တာ ဂရီတာ ဂါဝစ် တစ်ဦးတည်းရိုက်ကူးတဲ့ ရုပ်ရှင်ကားတစ်ကားအနေနဲ့ စံချိန်တင်ဝင်ငွေရရှိမှုလည်းဖြစ်လာပါတယ်။

Warner Bros ရုပ်ရှင် ထုတ်လုပ်ရေးကတော့ ဒါဟာ ''အရေးပါတဲ့အပြောင်းအလဲဖြစ်မှု''လို့ ပြောပါတယ်။

အမေရိကန်ပြည်တွင်း ရုပ်ရှင်ဖြန့်ချိရေးဥက္ကဋ္ဌဖြစ်သူ ဂျက်ဖ် ဂိုးစတန်းကတော့ '' မျိုးဆက်အဆက်ဆက် ရင်းနှီးကျွမ်းဝင်ကြတဲ့ ဒီဇာတ်ကောင်နဲ့ သူ့ဘဝကို ရယ်ရွှင်ဖွယ်၊ ခံစားရဖွယ်ဖြစ်အောင်နဲ့ ဖျော်ဖြေမှုဖြစ်အောင် ဖန်တီးနိုင်တာ (ဒါရိုက်တာ) ဂရီတာ ဂါဝစ်က လွဲပြီး ဘယ်သူမှ မဆောင်ကျဥ်းနိုင်ဘူး။ ... ပြောရရင် တကမ္ဘာလုံးကို ပန်းရောင်ပြောင်းလိုက်သလိုပါပဲ'' လို့ပြောပါတယ်။

ကပ်ဘေးကြောင့် လော့ဒေါင်းချတာတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်ဝန်ဆောင်မှုတွေကြောင့် ရုပ်ရှင်နယ်ပယ် ထိခိုက်မှုရှိနေချိန်မှာ ရုပ်ရှင်ရုံတွေမှာ လူတန်းရှည် လက်မှတ်ဝယ်ယူနေတာနဲ့ အကြိမ်ကြိမ်ပြန်ကြည့်ရှုကြသူတွေ ရှိနေတာကိုကြည့်ရင် ''ရုပ်ရှင်တွေခေတ် ပြန်ရောက်ပြီဆိုတာ သက်သေပြနေတယ်''လို့လည်း သူက ပြောပါတယ်။

 ဒါရိုက်တာ ဂရီတာ ဂါဝစ်က ဘာဘီရုပ်ရှင်ကို ဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒါရိုက်တာ ဂရီတာ ဂါဝစ်က ဘာဘီရုပ်ရှင်ကို ဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်

အခြားအမျိုးသမီးရုပ်ရှင်ဒါရိုက်တာတွေလည်း ဝင်ငွေ သန်းတစ်ထောင်ကျော်တဲ့စံချိန်ကို ချိုးခဲ့ဖူးပေမဲ့ တခြားဒါရိုက်တာတွေနဲ့ပူးတွဲရိုက်ကူးတဲ့ရုပ်ရှင်တွေဖြစ်ပါတယ်။

Forzen အန်နီမေးရှင်း ရုပ်ရှင်ကားနဲ့ သူ့နောက်ဆက်တွဲ ရုပ်ရှင်ကားတွေဆိုရင် ရုပ်ရှင်ရုံဝင်ငွေ ဒေါ်လာ သန်း တစ်ထောင့်လေးရာ ကျော်ရရှိခဲ့ပြီး အဲဒီရုပ်ရှင်ဟာ ဂျက်နီဖာ လီနဲ့ ခရစ် ဘတ်တို့ ပူးတွဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီအတောအတွင်းမှာပဲ အမျိုးသမီးသရုပ်ဆောင် ဘရီး လာဆင် သရုပ်ဆောင်ပြီး အန်နာ ဘိုဒန်နဲ့ ရိုင်ယန် ဘလက်ခ်တို့ပူးတွဲရိုက်ကူးတဲ့ Captain Marvel ရုပ်ရှင်ဟာ ဒေါ်လာ သန်း တစ်ထောင့်တစ်ရာကျော်ရရှိထားပါတယ်။

ပန်းရောင်တွေပြည့်နေတဲ့ ဘာဘီရုပ်ရှင်ဟာ အကဲခတ်တွေထံကနေ ချီးကျူးမှုရရှိထားပြီး ဗြိတိန်နိုင်ငံမှာဆိုရင် ရုပ်ရှင်ရုံတွေမှာ အရုပ်ပုံဓာတ်ပုံ ရိုက်ကူးရေးရုံငယ် ဖန်တီးထားရှိရတဲ့အထိဖြစ်လာပါတယ်။

မာဂေါ့ ရော်ဘီက ဘာဘီအနေနဲ့သရုပ်ဆောင်ပြီး ရိုင်ယန် ဂေါ့စလင်းက ခန် အနေနဲ့ သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေ ဒေါ်လာ ၄၅၉ သန်းရထားပြီး နိုင်ငံတကာမှာဆိုရင် ဒေါ်လာ ၅၇၂ သန်းအထိရရှိထားပါတယ်။

Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက ''ဘာလီယံ'' လို့တောင်သုံးနှုန်းထားတဲ့ ဒီရုပ်ရှင်အောင်မြင်မှုဟာ တကယ်တော့ ထူးထူးခြားခြားစွမ်းဆောင်နိုင်မှု မဟုတ်ပြန်ပါဘူး။ ကပ်ဘေးကာလအလွန်ကတည်းကဆိုရင် အခုနှစ်အစောပိုင်းတုန်းက ဖြန့်ချိခဲ့တဲ့ The Super Mario Brothers Movie ၊ Spider-Man: No Way Home၊ Top Gun: Maverick၊ Jurassic World Dominion၊ the Avatar နောက်ဆက်တွဲရုပ်ရှင်ကား စတဲ့ ရုပ်ရှင်ကားတွေဟာလည်း ဝင်ငွေ ဒေါ်လာသန်းတစ်ထောင်ကျော်တဲ့ကားတွေဖြစ်ပါတယ်။

ဘာဘီရုပ်ရှင်ကို မင်းသား ရိုင်ယန် ဂေါ့စလင်းနဲ့ မင်းသမီး မာဂေါ့ ရော်ဘီတို့ အဓိက သရုပ်ဆောင်ထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘာဘီရုပ်ရှင်ကို မင်းသား ရိုင်ယန် ဂေါ့စလင်းနဲ့ မင်းသမီး မာဂေါ့ ရော်ဘီတို့ အဓိက သရုပ်ဆောင်ထား

ရုပ်ရှင်ချစ်သူတွေဟာ ဘာဘီအရုပ်လေးကို အခြေခံပြီး ဇာတ်လမ်းထွက်လာတဲ့ ဘာဘီရုပ်ရှင်ကားနဲ့ ပထမဆုံးနျူကလီးယားဗုံးကို တီထွင်မှုအကြောင်း ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်က ရိုက်ကူးထားတဲ့ အိုဖန်ဟိုင်မာ ရုပ်ရှင်တွေကို ယှဥ်တွဲပြောဆိုတာတွေပါ ရှိလာပါတယ်။

ဗြိတိန်အခြေစိုက် ရုပ်ရှင်ရုံလုပ်ငန်း Vue ကတော့ ဒီရုပ်ရှင် နှစ်ကားစလုံးဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း သီတင်းပတ်ကုန်ပိုင်းတွေနဲ့ နှိုင်းယှဥ်ရင် လာရောက်ကြည့်ရှုမှု အများဆုံးဖြစ်လာတဲ့ ရုပ်ရှင်တွေဆိုပြီး ပြောထားပါတယ်။

ဘာဘီရုပ်ရှင်မှာ ဘာဘီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး မစ္စရော်ဘီဟာ ရုပ်ရှင်အတွက် ထုတ်လုပ်ရေးမှူးတစ်ဦးလည်းဖြစ်ပါတယ်။

အွန်လိုင်း ဖျော်ဖြေရေးဆိုင်ရာ သတင်းဌာန Collider နဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ မစ္စရော်ဘီဟာ ဘာဘီရုပ်ရှင် အောင်မြင်မယ့်အကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေကို ပြောဆိုစည်းရုံးခဲ့တယ်လို့ ပြောထားပါတယ်။

''ဒေါ်လာ သန်းတစ်ထောင် ဝင်ငွေရမယ်လို့ သူတို့ကို ကျွန်မပြောခဲ့တယ်။ ကျွန်မ ပိုပြောကောင်း ပြောတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့ ရုပ်ရှင်ကတော့ ဖန်တီးရမယ်မဟုတ်လား'' လို့ သူက အဲဒီမေးမြန်းခန်းမှာ ပြောထားပါတယ်။

တဖက်မှာလည်း ဘာဘီရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ပန်းရောင်ကြော်ငြာဆိုင်းဘုတ်ကြီးတွေအစ ဓာတ်ပုံရိုက်နိုင်တဲ့ရုံငယ်လေးတွေအဆုံး ဖန်တီးပြီး စျေးကွက်မှာနေရာရအောင် ဖန်တီးနေပါတယ်။

ဘာဘီအရုပ်ထုတ်တဲ့ Mattel ကတော့ နောက်ထပ်ရုပ်ရှင်တွေဖန်တီးပြီး အခုလိုအောင်မြင်မှုမျိုး ထပ်ပေါ်လာဖို့ မျှော်လင့်နေပါတယ်။

Mattel ရဲ့ အခြားတံဆိပ်တွေဖြစ်တဲ့ ဘာနီ၊ ဟော့ဝှီးလ်စ်နဲ့ ပိုလီ ပေါ့ကတ် ကာတွန်းဇာတ်ကောင်တို့လည်း လာမယ့် ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်လာဖို့ ရှိပါတယ်။