စင်မြင့်ပေါ်မှာ အမျိုးသားနှစ်ဦး နမ်းရှုံ့ခဲ့အပြီး ကွာလာလမ်ပူ ဂီတပွဲတော် ရပ်ဆိုင်းလိုက်ရ- -ဇူလိုင် ၂၂ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က ဂီတပွဲတော်တစ်ခုမှာ စင်မြင့်ပေါ်မှာ အမျိုးသားနှစ်ဦး ဖက်ယမ်းနမ်းရှုံ့ခဲ့အပြီးမှာ မလေးရှားအစိုးရက ပွဲတော်ကို အချိန်မကျခင် ရပ်ဆိုင်းလိုက်ပါတယ်။
သောကြာနေ့တုန်းက Good Vibes တေးဂီတပွဲတော်မှာ 1975 ဆိုတဲ့ ဗြိတိသျှ တေးဂီတအဖွဲ့ ဖျော်ဖြေနေတုန်း အဆိုတော် Matty Healy က ဘေ့စ်ဂစ်တာသမားကို နမ်းရှုံ့ခဲ့ပြီး မလေးရှားနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ လိင်တူချင်းစိတ်ဝင်စားမှုကို ရာဇဝတ်မှုမြောက်စေတယ်ဆိုပြီး ဝေဖန်ပြောသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ သူတို့ရဲ့ ဖျော်ဖြေမှုကို အချိန်မကျခင် အဆုံးသတ်ခိုင်းခံခဲ့ရပြီး မလေးရှားမှာ ဖျော်ဖြေခွင့်ကိုလည်း တားမြစ်ခံခဲ့ရပါတယ်။
မလေးရှား ဆက်သွယ်ရေးဝန်ကြီးက ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပွဲတော် စီစဉ်သူတွေဆီက ရှင်းလင်းချက် တောင်းထားပါတယ်။ ဒီလုပ်ရပ်ဟာ အရမ်းကို မလေးမစား လုပ်ရာကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပြီး ကျန်တဲ့ ဖျော်ဖြေမှုတွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။
မလေးရှားမှာ လိင်တူ စိတ်ဝင်စားသူတွေနဲ့ လိင်ပြောင်းထားသူတွေအပေါ် ဖိနှိပ်မှုတွေ တစ်နေ့တခြား တိုးလာနေတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက သတိပေးထားပါတယ်။
ယူကရိန်း ဒရုန်းတိုက်ခိုက်မှု ခရိုင်းမီးယားက လက်နက်သိုလှောင်ရုံကို ထိမှန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားရဲ့ သိမ်းပိုက်ခံနယ်မြေ ခရိုင်းမီးယားကျွန်းဆွယ်ရဲ့ အလယ်မှာ ရှိတဲ့ လက်နက်သိုလှောင်ရုံတစ်ခုကို ယူကရိန်းတို့ရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း ထိမှန်ခဲ့တယ်လို့ ခရိုင်းမီးယားဒေသ အုပ်ချုပ်ရေးမှူး ဆာဂေး အက်က်ဆန်နော့ဗ် က ပြောပါတယ်။
အခုဖြစ်ခဲ့တဲ့ အခြေအနေကြောင့် လက်နက်ရုံနဲ့ ၅ ကီလိုမီတာအကွာအဝေးတွင်းက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခရိုင်းမီးယား မီးရထားလမ်းကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။
လူမှုကွန်ရက်ပေါ်က အတည်မပြုနိုင်တဲ့ သတင်းတွေအရ လေတပ်စခန်း တစ်ခုနဲ့ ရေနံသိုလှောင်ရုံတစ်ခု ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း တံတားတစ်စင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
သောကြာနေ့တုန်းက ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရုရှားစစ်တပ်အတွက် အရေးပါတဲ့ အထောက်အပံ့လမ်းကြောင်း တစ်ခုဖြစ်တဲ့ အဲဒီတံတား ထိခိုက်ပျက်စီးသွားအောင် လုပ်ဖို့ လိုနေတယ်လို့ ပြောသွားခဲ့ပါတယ်။
မဏိပူရပြည်နယ် လူမျိုးစု အကြမ်းဖက်မှုအတွင်းက ရက်စက်မှုဖြစ်စဉ်တွေ နောက်ထပ် ပေါ်ထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ မေလတုန်းက လူမျိုးစုအချင်းချင်းကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့စဉ်တုန်းက ရက်စက်မှုဖြစ်ရပ်တွေ အခုနောက်ထပ် ပေါ်ထွက်လာခဲ့ပါတယ်။
လူနည်းစု ကူကီးလူမျိုးစုထဲက အမျိုးသမီးနှစ်ဦးကို အဝတ်ဗလာနဲ့ လမ်းမပေါ် လျှောက်ခိုင်းခဲ့ပြီး လူအုပ်ကြီးနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ လုပ်ခဲ့တဲ့ ဗီဒီယိုပုံတစ်ခုကြောင့် လူတွေအကြီးအကျယ် ဒေါသထွက်နေခဲ့ကြပြီး ဖြစ်ပါတယ်။
ပြည်နယ်မြို့တော် အင်ဖါမှာ ဖြစ်ပွားခဲ့တဲ့ နောက်ထပ် ဖြစ်ရပ်အတော်များများရဲ့ ပုံတွေ အခုအခါ ပြန်ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကို အဝတ်တွေချွတ်ပြီး မီးတင်ရှို့နေတဲ့ပုံ၊ နောက်အမျိုးသမီးနှစ်ဦးကိုလည်း ကူကီးလူမျိုးစုဝင်တွေ ဖြစ်လို့ဆိုပြီး ကားဆေးတဲ့ နေရာတစ်ခုဆီ အတင်းဆွဲခေါ် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ပုံ နောက်ထပ် ဗီဒီယိုပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အင်တာနက် ကန့်သတ်မှုတွေကြောင့် ဒီဗီဒီယိုပုံတွေ အွန်လိုင်းပေါ် တက်လာဖို့ နှေးကွေးနေတာ ဖြစ်ပါတယ်။
မဏိပူရပြည်နယ်မှာ အခုလို အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်နေတာကို အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ကြာသပတေးနေ့အထိ ထုတ်ဖော်ဝေဖန်တာမျိုး မလုပ်ခဲ့တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
ဒီအတောအတွင်းမှာပဲ အမျိုးသမီးနှစ်ဦးကို အဝတ်ဗလာနဲ့ လမ်းမပေါ်ထွက် လမ်းလျှောက်ခိုင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွှယ်နေမှုနဲ့ ပဉ္စမမြောက်လူကို ဖမ်းဆီးလိုက်ပါတယ်။
ဂရိအပူလှိုင်း ကျရောက်မှုကာလ ရက်ရှည်ကြာမယ်လို့ ခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂရိနိုင်ငံမှာ အပူလှိုင်း ကျရောက်နေမှုဟာ အမြင့်ဆုံး စံချိန်တင်ခဲ့ပြီးကတည်းက ကာလအကြာဆုံး ဖြစ်ဖို့ရှိတယ်လို့ ဂရိ ရာသီဥတု ကျွမ်းကျင်သူ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
အေသင်မြို့ အမျိုးသားမိုးလေဝသ ဌာနရဲ့ သုတေသန ညွှန်ကြားရေးမှူး ကော့စ်တက်စ် လာဂိုဗာဒေါ့စ် က လေ့လာရရှိတဲ့ အချက်အလက်တွေအရ အပူလှိုင်း ကျရောက်မှုဟာ ၁၆ ရက် ၁၇ ရက်လောက် ကြာမြင့်ဖို့ ရှိတယ်လို့ ပြောပါတယ်။
ဂရိနိုင်ငံဟာ နှစ်ပေါင်း ၅၀ အတွင်း အပူဆုံး ဇူလိုင်လနောက်ဆုံးပတ်နဲ့ ရင်ဆိုင်နေရပြီး အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထက် နောက်ထပ် ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒေသပေါင်း ၁၃ ခုအနက် ၇ ခုမှာ တောမီးလောင်မယ့် အန္တရာယ် အကြီးအကျယ် ရှိနေတယ်လို့ ဂရိနိုင်ငံရဲ့ လူထုကာကွယ်စောင့်ရှောက်ရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
ရုတ်စ်ကျွန်းစုမှာတော့ တောမီးတွေ ၅ ရက်မြောက်အဖြစ် ဆက်လက် လောင်ကျွမ်းနေပါတယ်။ အဲဒီမှာ လေပြင်းတွေ တိုက်နေပြီး တောင်ဘက်ပိုင်းကို တောမီးတွေ ကူးစက်နေတဲ့အတွက် မီးငြှိမ်းသတ်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။








