၂၀၂၄ ရက်ထပ်နှစ်နဲ့ ထုံးတမ်းစဥ်လာတွေ

၂၉ ရက်ပါရှိတဲ့ ဖေဖော်ဝါရီလ ပြက္ခဒိန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုနှစ် ဖေဖော်ဝါရီလဟာ ပုံမှန် ၂၈ ရက်ရှိရမယ့်အစား ၂၉ ရက်ရှိမှာ ဖြစ်ပါတယ်။
    • ရေးသားသူ, ဆဲလင် ဂစ်ရစ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ဒီနှစ်ရဲ့ ပြက္ခဒိန်တွေမှာ ရက်တစ်ရက် ထပ်ပြီးပေါင်းထည့်ထားပါတယ်။ ဒါကြောင့် ပုံမှန် ၃၆၅ ရက်ပဲရှိရမယ့်အစား ၃၆၆ ရက်ပါဝင်တဲ့ ရက်ထပ်နှစ်တစ်နှစ် ဖြစ်လာပါတယ်။

တစ်နှစ်တာရဲ့ အတိုဆုံးလဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ရက်တစ်ရက်ထပ်တိုးလိုက်တဲ့အတွက် ဖေဖော်ဝါရီ ၂၉ ရက် ရက်ထပ်ရက် ဆိုပြီးဖြစ်လာပါတယ်။ ယဉ်ကျေးမှုထုံးထမ်းစဉ်လာအရ မတူညီတဲ့ယူဆချက်တွေနဲ့ အမှတ်အသားပြုထားတဲ့ လတစ်လလည်း ဖြစ်ပါတယ်။

ယေဘုဘျအားဖြင့် ရက်ထပ်နှစ်က လေးနှစ်တစ်ကြိမ် ဖြစ်ပေါ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ထပ်နှစ်ဖြစ်ပေါ်ခဲ့တာ ၂၀၂၀ ခုနှစ်ဆိုရင် အခု ၂၀၂၄ခုနှစ်ပြီးရင် နောက်ထပ်ရက်ထပ်နှစ်ကတော့ ၂၀၂၈ ခုနှစ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာအနှံ့အပြားက မတူကွဲပြားတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဒီရက်ထပ်နှစ် သတ်မှတ်တာအတွက် ခြွင်းချက်တွေ ရှိပါတယ်။ ဒါတွေကို နောက်ပိုင်းမှာ ရှင်းပြပေးသွားပါမယ်။

ဘာကြောင့် ရက်ထပ်နှစ်တွေ ရှိနေရတာလဲ

ပြက္ဒဒိန်နှစ်တစ်နှစ်ရဲ့ တစ်နှစ်တာဟာ ပုံမှန်အားဖြင့် ၃၆၅ ရက် ရှည်ကြာပါတယ်။ အဲဒါကတော့ ကမ္ဘာက နေကို တစ်ပတ်ပတ်တာ ပြည့်ဖို့ အဲဒီလောက် ကြာမြင့်တာ ဖြစ်ပါတယ်။ တကယ်တမ်း ၃၆၅ ရက်ဆိုတာကတော့ အနီးစပ်ဆုံး လျှော့ယူထားတဲ့ အရေအတွက်တစ်ခု ဖြစ်ပါတယ်။

နေပတ်လမ်းကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေရဲ့ ပတ်လမ်းကြောင်းတစ်ခုပြီးမြောက်ဖို့ ကမ္ဘာမြေမှာ ရက်ပေါင်း ၃၆၅ ဒသမ ၂၄၂၁၉၀ ရက်ကြာရှရှည်ပါတယ်

တကယ်တော့ ကမ္ဘာက နေကို တစ်ပတ်ပတ်တဲ့ လမ်းကြောင်းတစ်ခု ပြီးမြောက်ဖို့ ၃၆၅ ဒသမ ၂၄၂၁၉၀ ရက် တိတိ အချိန်ကြာရှည်ပါတယ်။

ပိုပြီး တိတိကျကျ ပြောပြရရင် ၃၆၅ ရက်၊ ၅ နာရီ၊ ၄၈ မိနစ်နဲ့ ၅၆ စက္ကန့်တိတိ ကြာချိန်ရှိပါတယ်။ အဲဒါက နက္ခတ်တာရာနှစ်လို့ သတ်မှတ်ပါတယ်။

အဲဒီ နက္ခတ်တာရာနှစ်က ပြက္ခဒိန်နှစ်ထက် အနည်းငယ်ပိုပြီး ရှည်ကြာတဲ့အတွက် ပိုနေတဲ့ နာရီ၊ မိနစ်နဲ့ စက္ကန့်တွေကို အချိန်လမ်းကြောင်း ပြန်မှန်စေဖို့အတွက် နုတ်ယူဖို့ လိုအပ်ပါတယ်။

ပြီးတော့မှ ရက်အပိုတစ်ရက်ကို လေးနှစ်တစ်ကြိမ် ထပ်ပေါင်းထည့်ခြင်းအားဖြင့် ပြက္ခဒိန်နှစ်တွေကို ချိန်ညှိပြီးသားဖြစ်သွားသလို ရာသီတွေနဲ့လည်း ကိုက်သွားစေတာ ဖြစ်ပါတယ်။

ရက်ထပ်နှစ်ရဲ့ ထုံးထမ်းစဥ်လာတွေက ဘာတွေလဲ

ရက်ထပ်နှစ်တွေနဲ့ ဆက်နွှယ်နေတဲ့ ဓလေ့ထုံးထမ်းတွေနဲ့ အယူအစွဲတွေက အမျိုးမျိုး ရှိနေပါတယ်။

အိုင်းရစ်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးထမ်းအရ “Ladies’ Privilege’ လို့လည်း ခေါ်ပြီး Bachelor’s Day လို့လည်း ခေါ်တဲ့ရက် ရက်ထပ်ရက်မှာ အမျိုးသမီးတွေအနေနဲ့ သဘောကျနှစ်သက်တဲ့ အမျိုးသားကို ချစ်ခွင့်ပန်ခွင့် ရှိပါတယ်။

အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ချစ်ခွင့်ပန်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်ယာလန်မှာတော့ ရက်ထပ်ရက်ဆိုတာဟာ အမျိုးသမီးတွေက အမျိုးသားတွေထံ ချစ်ခွင့်ပန်ဖို့ ဓလေ့အရ ခွင့်ပြုထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုခေတ်မှာတော့ အမျိုးသမီးတွေက အမျိုးသားတွေကို ဘယ်အချိန်မဆို ချစ်ခွင့်ပန်နိုင်ကြပါတယ်။ ဒါပေမဲ့ ရက်ထပ်ရက်မှာ ချစ်ခွင့်ပန်ခွင့်ရတဲ့ ဒီဓလေ့ဟာ ဟိုးယခင် ၅ ရာစုတုန်းက ဆင်းသက်လာခဲ့တဲ့ ဓလေ့ဖြစ်နိုင်ပါတယ်။ ဒီဓလေ့ဟာ စိန့်ဘရစ်ဂျစ်နဲ့ စိန့် ပက်ထရစ်တို့ရဲ့ ဒဏ္ဍာရီအပေါ် အခြေခံထားတယ်လို့ ယူဆနိုင်ပါတယ်။

အမျိုးသားတွေက ချစ်ခွင့်ပန်ဖို့ တုံ့ဆိုင်းတတ်ကြတာကြောင့် အမျိုးသမီးတွေအနေနဲ့ လက်ထပ်ဖို့အတွက် အချိန်အကြာကြီးစောင့်ဆိုင်းရတာနဲ့ပတ်သက်လို့ ပက်ထရစ်ဆီမှာ ဘရစ်ဂျစ်က စောဒကတက်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ချစ်ခွင့်ပန်ဖို့ အခွင့်အရေးရရှိဖို့အတွက်လည်း တောင်းဆိုခဲ့ပါတယ်။

အမျိုးသမီးရဲ့ ချစ်ခွင့်ပန်တာကို ငြင်းဆိုတဲ့အခါမှာလည်း အမျိုးသားတွေလိုက်နာရမယ့် ဓလေ့ထုံးတမ်းတွေ ရှိပါသေးတယ်။ အမျိုးသားတွေက ပုံမှန်အားဖြင့် သူတို့ငြင်းလိုက်တဲ့အမျိုးသမီးတွေကို လျော်ကြေးအနေနဲ့ လက်အိတ်တွေ ပိုးထည်ဝတ်ရုံခြုံထည်တွေ ဝယ်ပေးရတာပဲ ဖြစ်ပါတယ်။

တခြား ရိုးရာဓလေ့ယဉ်ကျေးမှု တချို့မှာတော့ ရက်ထပ်ရက်ကို “ကံဆိုးတဲ့နေ့တစ်နေ့”လို့ သတ်မှတ်ကြတာတွေလည်း ရှိပါတယ်။

ဂရိနိုင်ငံမှာတော့ ထုံးထမ်းအစဉ်အလာအရ ရက်ထပ်နှစ်မှာ လက်ထပ်ထိမ်းမြားတာကို ရှောင်လေ့ရှိပြီး အထူးသဖြင့် ရက်ထပ်ရက်ကတော့ လုံးဝကို ရှောင်လွှဲကြတဲ့ နေ့တစ်နေ့ပါပဲ။

ရှေးရိုးရာအယူတွေမှာ ရက်ထပ်နှစ်မှာ လက်ထပ်ထိမ်းမြားတဲ့ အိမ်ထောင်တွေက ကွာရှင်းပြတ်စဲခြင်းနဲ့သာ အဆုံးသတ်တယ်လို့ ဆိုပါတယ်။

မင်္ဂလာမောင်နှံနှစ်ဦး ဘုရားကျောင်းတစ်ခုဘေးမှာထိုင်ပြီး ပင်လယ်ကြည့်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဓလေ့ထုံးထမ်းတွေအရ ဂရိလူမျိုးတွေဟာ ရက်ထပ်နှစ်မှာ လက်ထပ်ထိမ်းမြားတာကို ရှောင်ကြဉ်ကြပါတယ်

စကော့တလန်က လူတွေကတော့ ရက်ထပ်ရက်မှာ စုန်းကဝေတွေ စုဝေးပြီး အန္တရာယ်ဖြစ်စေတဲ့နေ့တစ်နေ့ ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

စကော့လူမျိုးတချို့ကတော့ ဖေဖော်ဝါရီ ၂၉ ရက်မှာ ကလေးမီးဖွားဖို့ မကောင်းတဲ့နေ့လို့ အခုထိ အစွဲရှိနေတုန်းပါ။

ဝီလီယမ်ရှိတ်စပီးယားရဲ့ Macbeth ရဲ့ Scene Scene I မှာပါတဲ့ စုန်းမ ၃ ကောင်ကို ၁၉ ရာစုတုန်းက ဆွစ်ဇာလန်ပန်းချီဆရာ ဟင်နရီ ဖရုစ်လီ ရုပ်ပြပန်းချီရေးဆွဲပြီး ပုံနှိပ်ထုတ်ဝေခဲ့တဲ့လက်ရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စကော့လူမျိူးတွေက ရက်ထပ်ရက် ဖေဖော်ဝါရီ ၂၉ ရက်တိုင်းမှာ စုန်းမတွေက မကောင်းမှုတွေဖန်တီးကြတယ်လို့ ယုံကြည်ခဲ့ကြပါတယ်

ဆန့်ကျင်ဘက်အနေနဲ့ တချို့ယဉ်ကျေးမှုတွေမှာတော့ ရက်ထပ်ရက်ကို ကံကောင်းတဲ့နေ့တစ်နေ့ အဖြစ်မြင်ကြတာတွေလည်းရှိပါတယ်။ ရက်ထပ်ရက်မှာ မွေးဖွားခဲ့တယ်ဆိုရင် အဲဒီသူဟာ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ နက္ခတ္တဗေဒပညာရှင်တချို့က ယုံကြည်ကြပါတယ်။

ရက်ထပ်ရက်က ဘာကြောင့် ဖေဖော်ဝါရီလမှာ ဖြစ်ရတာလဲ

ရက်ထပ်ရက်အနေနဲ့ ရက်အပိုတစ်ရက် ထပ်ပေါင်းထည့်ဖို့ ဖေဖော်ဝါရီလကို ရွေးချယ်တာဟာ ရှေးခေတ်‌ရောမမြို့မှာ ပေါ်ပေါက်ခဲ့တဲ့ ဂျူးလီးယက်ဆီဆာရဲ့ ပြက္ခဒိန် ပြောင်းလဲပြင်ဆင်မှုကြောင့်လို့ ခြေရာကောက်နိုင်ပါတယ်။

ဆီဆာက ပြက္ခဒိန်နှစ်ကို နေနှစ်နဲ့ ချိန်ညှိဖို့အတွက် ရက်ထပ်နှစ်ပါဝင်တဲ့ ဂျူလီယမ်ပြက္ခဒိန်ကို အရင်မိတ်ဆက်ခဲ့ပါတယ်။

ဂျူလီယမ်ပြက္ခဒိန်ကနေ ၁၅၈၂ ခုနှစ်မှာ ဂရီဂေါရီးယန်းပြက္ခဒိန်လို့ ပြောင်းလဲခဲ့တဲ့နောက်ပိုင်းမှာလည်း ဖေဖော်ဝါရီလမှာ ရက်ထပ်ရက်အပိုထည့်တဲ့ ဓလေ့ထုံးထမ်းက ဆက်ရှိနေခဲ့ပါတယ်။

ဂျူလီယမ် နဲ့ ဂရီဂေါရီးယန်းပြက္ခဒိန်တွေမှာ အီစတာလို့ ခေါ်တဲ့ ခရစ်ယာန်လူမျိုးတွေရဲ့ ရက်စွဲတွေကို ဆုံးဖြတ်ဖို့ ဟာစတန်တီထွင်ခဲ့တဲ့ ကြေးဝါရောင်ပြက္ခဒိန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျူလီယမ်နဲ့ ဂရီဂေါရီးယန်းပြက္ခဒိန်တွေမှာ အီစတာလို့ခေါ်တဲ့ ခရစ်ယာန်လူမျိုးတွေရဲ့ ရက်စွဲတွေကို ဆုံးဖြတ်သတ်မှတ်ဖို့အတွက် ရှေးခေတ်ကြေးဝါရောင်ပြက္ခဒိန်ကို အသုံးပြုခဲ့ပါတယ်

ရက်ထပ်နှစ်တွေ မရှိရင် ဘာဖြစ်မလဲ

ရက်ထပ်နှစ်မရှိရင် ဖြစ်ဖြစ် ပြက္ခဒိန်နှစ်တွေကြားက အချိန်ပိုတွေကို ထည့်မတွက်ခဲ့ရင် ဖြစ်ဖြစ် အချိန်နဲ့ ရာသီတွေ မကိုက် ဖြစ်ကုန်ပါမယ်။

ဥပမာအနေနဲ့ပြောရရင် နှစ်ပေါင်း ၇၀၀ ခန့်ဝန်းကျင်ကာလမှာ ကမ္ဘာရဲ့ မြောက်ဘက်ခြမ်းမှာ နွေရာသီဟာ ဇွန်လဖြစ်ရမယ့်အစား ဒီဇင်ဘာလမှာ ပြောင်းလဲဖြစ်ပေါ်သွားမှာ ဖြစ်ပါတယ်။

 ဆောင်းရာသီကာလ နှင်းတွေဖုံးလွှမ်းနေတဲ့ ဩစတီးယားတောင်စောင်းတစ်ခုမှာ နှင်းလျှောစီးနေတဲ့လူ ၂ ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရက်ထပ်နှစ်မရှိဘူးဆိုရင် ကမ္ဘာရဲ့မြောက်ဘက်ခြမ်းက ဇွန်လမှာ ဆောင်းရာသီကို ကြုံတွေ့ရမှာဖြစ်ပြီး ကမ္ဘာရဲ့တောင်ဘက်အခြမ်းကတော့ နွေရာသီကို ကြုံတွေ့ရမှာဖြစ်ပါတယ်။
ရက်ထပ်နှစ်က ဘယ်အချိန်တွေမှာ ဖြစ်တာလဲ

ရက်ထပ်နှစ်က လေးနှစ်မှာတစ်ကြိမ်ဖြစ်ပေါ်တယ်လို့ လူအများစုက ယူဆကြပေမယ့် အဲဒါက အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် နက္ခတ်တာရာနှစ်နဲ့ ပြက္ခဒိန် နှစ် ကြား လေးနှစ်တာကာလမှာ ကွာခြားချက်က ၂၄ နာရီ တိတိ မဟုတ်လို့ပါ။

တကယ်တော့ ၂၃ ဒသမ ၂၆၂၂၂၂ နာရီပဲ ရှိပါတယ်။

ဒါကြောင့် ဒီခြားနားချက်ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ နှစ်တစ်နှစ်ကို ၄ နဲ့ စားလို့ ပြတ်ရင် ရက်ထပ်နှစ် အဖြစ်သတ်မှတ်ပါတယ်။

ခြွင်းချက်အရ ကိန်းဂဏန်း ၁၀၀ နဲ့ စားလို့ပြတ်တဲ့ ခုနှစ်တွေကို ရက်ထပ်နှစ်လို့ မသတ်မှတ်ပါဘူး။

ဒါပေမယ့် နှစ်တစ်နှစ်ကို ၄၀၀ နဲ့ပါ စားလို့ပြတ်တယ်ဆိုရင် ရက်ထပ်နှစ်လို့ သတ်မှတ်နိုင်ပါတယ်။

နားလည်ရခက်ပြီး ရှုပ်ထွေးသွားလား။ ဥပမာတချို့နဲ့ နားလည်လွယ်အောင် ရှင်းလိုက်ရအောင်။

၂၀၀၀ ခုနှစ်က ရက်ထပ်နှစ် ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်ဒီလိုသတ်မှတ်လဲဆိုတော့ ၂၀၀၀ ကို ကိန်းဂဏန်း ၄ ရော ၄၀၀ နဲ့ရော စားလို့ပြတ်တာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် ၁၇၀၀၊ ၁၈၀၀ နဲ့ ၁၉၀၀ ပြည့်နှစ်တွေတုန်းကလည်း ကိန်းဂဏန်း ၄ နဲ့စားလို့ပြတ်ပေမယ့် ၄၀၀ နဲ့စားလို့မပြတ်တဲ့အတွက် အဲဒီခုနှစ်တွေက ရက်ထပ်နှစ်မဟုတ်ခဲ့ပါဘူး။

ရက်ထပ်နှစ်မဟုတ်ဘဲ ကျော်လိုက်ရမယ့် နောက်ထပ်နှစ်တစ်နှစ်ကတော့ ၂၁၀၀ ပြည့်နှစ် ဖြစ်လာမှာပါ။