တောင်ကိုရီးယား လေယာဥ်ပျက်ကျမှုမှာ သေဆုံးသူ ၁၇၇ ဦးရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
လူပေါင်း ၁၈၁ ဦးကို တင်ဆောင်လာတဲ့ လေယာဥ်တစ်စီးဟာ တောင်ကိုရီးယား နိုင်ငံတောင်ပိုင်းက လေဆိပ်တစ်ခုမှာ ပျက်ကျခဲ့မှုမှာ သေဆုံးသူ ၁၇၇ ဦးရှိလာပြီလို့ တောင်ကိုရီးယား မီးသတ်ဌာနက ပြောပါတယ်။
လေယာဥ် မီးလောင် ပျက်စီးမှုဖြစ်ပြီးပြီးချင်း အစောပိုင်းတုန်းကတော့ ဒီလေယာဥ်ပျက်ကျမှုမှာ သေဆုံးသူ ၂၈ ဦးထက်မနည်းရှိတယ်လို့ တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက သတင်းဖော်ပြခဲ့တာဖြစ်လို့ သေဆုံးသူ အရေအတွက် မြင့်တက်လာတာဖြစ်ပါတယ်။
မီးသတ်ဌာနဟာ သေဆုံးသူအရေအတွက်ကို ပြီးခဲ့တဲ့နာရီပိုင်းတွေအတွင်းမှာပဲ အကြိမ်ကြိမ် ထုတ်ပြန်နေတာဖြစ်ပြီး အခုတော့ သေဆုံးသူ ၁၇၇ ဦးအထိ ရှိလာပြီလို ပြောလာတာဖြစ်ပါတယ်။
ဒီလေယာဥ်ဟာ ဂျယ်ဂျူးလေကြောင်းလိုင်းကဖြစ်ပြီး မူအန် နိုင်ငံတကာလေဆိပ်မှာ ပြေးလမ်းချော်ခဲ့တာဖြစ်ပါတယ်။
လေယာဥ်ဟာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဥ်ဝန်ထမ်း ၆ ဦးကို တင်ဆောင်လာတာဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေပျံသန်းလာတာဖြစ်ပါတယ်။ လေယာဥ်ဟာ ဆင်းသက်ဖို့ လုပ်နေချိန်မှာပဲ အခုလိုဖြစ်ပွားခဲ့တာပါ။
အဲဒီထဲက လေယာဥ်ဝန်ထမ်း ၂ ဦးကတော့ အသက်ရှင်လျက်နဲ့ ပြန်တွေ့ ထားပြီး ဆေးရုံ ပို့ထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရုပ်အလောင်း ၁၅၁ လောင်းကို ပြန်တွေ့ထားပြီး ရုပ်အလောင်းတွေထဲက ၇၁ လောင်းစီဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ အဲဒီထဲက နောက်ထပ် ၉ လောင်းကတော့ ကျားမ ခွဲခြားနိုင်ခြင်း မရှိပါဘူး။
လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးအတွက် မီးသတ်နဲ့ ရဲတပ်ဖွဲ့အပါအဝင် ကယ်ဆယ်ရေး လူအင်အား ၁၅၀၀ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။
လေယာဥ်ပေါ် ထိုင်းနိုင်ငံသား ၂ ဦးလိုက်ပါသွားတယ်လို့ ထိုင်းအစိုးရ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ လေယာဥ်အမြီးပိုင်းမှာရှိတဲ့လူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေတယ်လို့ လေဆိပ်အရာရှိတစ်ဦးက အစောပိုင်းမှာ ပြောပါတယ်။
လေယာဥ်ပေါ် လိုက်ပါလာသူတွေထဲမှာ တောင်ကိုရီးယားနိုင်ငံသား ၁၇၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ ဦးဖြစ်တယ်လို့ ယွန်ဟတ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
လေယာဥ်ပေါ် လိုက်ပါသွားတဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာ အသက် ၂၂ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးဖြစ်တယ်လို့ ထိုင်းအစိုးရက ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းမှာပဲ ထုတ်ပြောလာပါတယ်။ သူတို့ နှစ်ဦးရဲ့ အခြေအနေ အသေးစိတ်ကိုတော့ သိနိုင်အောင် ကြိုးပမ်းနေတုန်းလို့ ထိုင်းအစိုးရပြောခွင့်ရသူက ပြောပါတယ်။
လူမှုကွန်ရက်ပေါ် တက်လာတဲ့ အတည်မပြုနိုင်သေးတဲ့ရုပ်သံမှာတော့ လေယာဥ်ဟာ မီးမလောင်ခင်မှာ ပြေးလမ်းကနေ ချော်ထွက်သွားပြီး နံရံတစ်ခုကို ဝင်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ နောက် ရုပ်သံ တစ်ခုမှာတော့ ကောင်းကင်ကို မီးခိုးလုံးကြီးတစ်ခု ထိုးတက်နေတာ မြင်တွေ့ရပါတယ်။
လက်ရှိမှာတော့ ခရီးသည် တစ်ဦးနဲ့ လေယာဥ် ဝန်ထမ်းတစ်ဦးကို ကယ်ဆယ်ထားပြီးဖြစ်တယ်လို့ တောင်ကိုရီးယား မီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ လေယာဥ်ပျက်ကျတဲ့နေရာကို မီးသတ်ကား ၃၂ စီးအထိ စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။
လေယာဥ်မတော်တဆမှု ဘယ်နေရာမှာဖြစ်ခဲ့တာလဲ

လေယာဥ်ပျက်ကျမှုဖြစ်ခဲ့တဲ့ မူအန်နိုင်ငံတကာလေဆိပ်ဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်ရဲ့ တောင်ဘက် မိုင် ၁၈၀ နီးပါးအကွာမှာရှိပါတယ်။
အလတ်အလယ်စား နိုင်ငံတကာလေဆိပ်အဆင့်ရှိတဲ့ ဒီလေဆိပ်ကို ၂၀၀၇ ခုနှစ်မှာ ဖွင့်ခဲ့တာဖြစ်ပြီး အာရှတဝန်းက နိုင်ငံတွေနဲ့ လေကြောင်းခရီးစဥ်တွေ ရှိနေပါတယ်။
ပျက်ကျခဲ့တဲ့လေယာဥ်ဟာ ဂျယ်ဂျူးလေကြောင်းလိုင်းက 7C2216 ခရီးသည်တင် လေယာဥ်ဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက် မနက် ဒေသစံတော်ချိန်မှာ ပျက်ကျခဲ့တာလို့ တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ငှက်နဲ့ဝင်တိုက်မိတာနဲ့ ရာသီဥတုကြောင့် လေယာဥ်ပျက်မှု ဖြစ်နိုင်တယ်လို့ မီးသတ်ပြော
အစောပိုင်းသတင်းတွေအရတော့ လေယာဥ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ငှက်ကိုဝင်တိုက်ပြီး အဲဒီငှက်က လေယာဥ် စနစ်တွေထဲ ဝင်ရောက်တာကြောင့် ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားသတင်းဌာနက တွေက အစောပိုင်းမှာ သတင်းဖော်ပြပါတယ်။
ဒါပေမဲ့ မူအန် မီးသတ်ဌာန အကြီးအကဲ လီဂျောင်ဟွန်းကတော့ လေယာဥ်ပျက်ကျမှုဟာ ငှက်ကိုဝင်တိုက်မိတာနဲ့ ရာသီဥတု ဆိုးရွားတာကြောင့် ဆိုတဲ့ အချက် ၂ ချက်ကို ကနဦး မှတ်ယူထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလာပါတယ်။
ဖြစ်စဥ်အတိအကျ သိနိုင်ဖို့နဲ့ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းမယ်လို့ သူက ပြောပါတယ်။
လေယာဥ်အမြီးပိုင်းဟာ မပျက်မယွင်းပဲ မူလပုံစံအတိုင်းရှိနေပေမဲ့ ''ကျန်တဲ့နေရာတွေဟာ ဒါ လေယာဥ်အပိုင်းအစလားလို့တောင် မေးရလောက်မယ့်အထိ မမှတ်မိနိုင်အောင် ပျက်စီးသွားတယ်'' လို့ လည်း သူက ပြောပါတယ်။
အံ့သြတုန်လှုပ်စရာဖြစ်ရပ်တွေ တခုပြီးတစ်ခု ဖြစ်နေတဲ့ တောင်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, EPA
တောင်ကိုရီးယားမှာ ဂျယ်ဂျူးလေကြောင်းလိုင်းဟာ နာမည်အကြီးဆုံး အဖိုးနည်း လေကြောင်းလိုင်းဖြစ်ပြီး အာရှတလွှားကို လေကြောင်းခရီးစဥ်တွေ ပျံသန်းပါတယ်။
တောင်ကိုရီးယား လေကြောင်းပျံသန်းမှုဆိုင်ရာလုပ်ငန်း နယ်ပယ်ဟာ ဘေးကင်းလုံခြုံမှုအပိုင်းနဲ့ ပတ်သက်ရင် စံချိန် ခိုင်ခိုင်မာမာရှိတယ်လို့ မှတ်ယူခံထားရပါတယ်။
အခုလေယာဥ် ပျက်ကျမှုကတော့ ၂၀၀၅ ခုနှစ်မှာ စတင်တဲ့ တောင်ကိုရီးယားရဲ့ စရိတ်နည်း လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ဂျယ်ဂျူးလေကြောင်းလိုင်းရဲ့သမိုင်းမှာ လူသေဆုံးမှု ပထမဆုံးဖြစ်တဲ့ ဖြစ်ရပ် ဖြစ်လာပါတယ်။
ကိုရီးယားတွေအတွက်တော့ ဒီနေ့ ဖြစ်တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဟာ အံ့သြတုန်လှုပ်စရာဖြစ်ရပ် နောက်တစ်ခု တိုးသွားတယ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံ့သမ္မတရဲ့ မအောင်မြင်ခဲ့တဲ့ ရုတ်တရက် စစ်အုပ်ချုပ်ရေးကြေညာမှုအပြီးမှာ ကြီးမားတဲ့နိုင်ငံရေးအကျပ်ဆိုက်နေချိန်လည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း ယာယီသမ္မတဟာ အပျက်အစီးတွေအခြေအနေကို သိနိုင်အောင်နဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို နှစ်သိမ့်နိုင်အောင် တာဝန်ထမ်းဆောင်ပြီး ၄၈ နာရီမကြာသေးခင်မှာပဲ လေယာဥ်ပျက်တဲ့နေရာကို ရောက်နေပါတယ်။
ဂျယ်ဂျူးလေကြောင်းလိုင်း အမှုဆောင်ချုပ် တောင်းပန်

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျယ်ဂျူးလေကြောင်းလိုင်းရဲ့ အမှုဆောင်ချုပ်ဟာ လေယာဥ်ပျက်မှုမှာ သေဆုံးသွားခဲ့သူတွေအတွက် လူရှေ့ထွက်ပြီး တောင်းပန်စကားပြောလာပါတယ်။
မီဒီယာတွေနဲ့ တဒင်္ဂတွေ့ဆုံချိန်မှာ လေကြောင်းလိုင်းအမှုဆောင်ချုပ် ကင်အီဘဲနဲ့ နောက်ထပ် ကုမ္ပဏီ အကြီးတန်းအရာရှိတွေဟာ ခါးကိုင်းပြီး ခေါင်းငုံ့ တောင်းပန်သွားကြပါတယ်။ အမှုဆောင်ချုပ်ကတော့ အခုအချိန်မှာ သူတို့ ဦးစားပေးလုပ်ဆောင်မှာက ပူဆွေးနေကြတဲ့မိသားစုတွေကို ထောက်ပံ့ကူညီသွားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
လေကြောင်းလိုင်းဟာ လက်ရှိမှာ သူတို့ရဲ့ အင်တာနက် စာမျက်နှာကို အနက်ရောင်ပြောင်းလိုက်ပြီး အွန်လိုင်းမှာလည်း တရားဝင်တောင်းပန်စာကို ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မူအန် နိုင်ငံတကာ လေဆိပ်ကို ပြည်တွင်း ပြည်ပ လေယာဥ်အဝင်အထွက် ခရီးစဥ်တွေ အားလုံး ဆိုင်းထားလိုက်ပြီလို့ တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
ဒီအတောအတွင်းမှာပဲ လေယာဥ်ထုတ် ကုမ္ပဏီကြီး ဘိုအင်းကလည်း ဝမ်းနည်းကြောင်း ပြောထားပြီး ဂျယ်ဂျူးလေကြောင်းလိုင်းနဲ့ ဆက်သွယ်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
လေယာဥ်ကွင်းကို ဆင်းသက်ချိန် ပြေးလမ်းချော်ပြီး ပျက်ကျခဲ့တဲ့ ဂျယ်ဂျူး လေကြောင်းလိုင်းလေယာဥ်ဟာ ဘိုအင်းထုတ် ၇၃၇-၈၀၀ အမျိုးအစား လေယာဥ်ဖြစ်ပါတယ်။
လေယာဥ်မှူးက အရေးပေါ် အချက်ပြခဲ့ - ပို့ဆောင်ရေးအရာရှိတွေ
ဂျယ်ဂျူးလေကြောင်းလိုင်း လေယာဥ်မှူး လေယာဥ်မဆင်းသက်ခင် အရေးပေါ် အချက်ပြခဲ့တယ်လို့ဆို
လေယာဥ်ဟာ မြေပြင်ကို ဆင်းသက်ဖို့ ကြိုးစားနေချိန်မှာ လေကြောင်းထိန်းချုပ်ရေးစင်တာက ငှက်နဲ့ ဝင်တိုက်မိနိုင်တယ်ဆိုတဲ့သတိပေးချက် ပေးခဲ့တာကြောင့် မဆင်းသက်ဘဲ လေထဲမှာ ကနဦး ဝေ့ပျံနေခဲ့တယ်လို့ ကိုရီးယားအရာရှိတွေက ပြောပါတယ်။
ဒါပေမဲ့ ၂ မိနစ်လောက် အကြာမှာတော့ လေယာဥ်မှူးက အရေးပေါ် အခြေအနေ အချက်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ လေယာဥ် ထိန်းချုပ်ရေးစင်တာက လေယာဥ်ကို ပြောင်းပြန်လမ်းကြောင်းကနေ ဆင်းသက်ဖို့ ခွင့်ပေးခဲ့ပါတယ်။
လေယာဥ်မှူးကလည်း အဲဒါကို လက်ခံခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ လေယာဥ်ဟာ ပြေးလမ်းကိုဆင်းချိန် အဆင်းဘီး ကျတာမျိုး မရှိ ဆင်းသက်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီနောက် ပြေးလမ်းကနေ ချော်ထွက်ပြီး နံရံကို တိုက်ကာ မီးလောင်ပေါက်ကွဲခဲ့တာမြင်ရပါတယ်။
ကိုရီးယား လေကြောင်း ပို့ဆောင်ရေး ဌာနကတော့ ဦးဆောင်လေယာဥ်မှူးဟာ ၂၀၁၉ ခုနှစ်ကတည်းက တာဝန်စယူသူဖြစ်ပြီး လေယာဥ်ပျံသန်းမှု အတွေ့အကြုံ နာရီပေါင်း ၉,၈၀၀ ကျော် ရှိထားတယ်လို့ ပြောပါတယ်။
ဒီသတင်း နောက်ဆုံးရ အခြေအနေတွေကို အခုစာမျက်နှာမှာ ဖြည့်စွက် ဖော်ပြပေးနေပါတယ်။ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။











