COP27 ရာသီဥတု ညီလာခံ အီဂျစ် ပင်လယ်နီ ကမ်းခြေမြို့မှာ စတင်နေတဲ့ အကြောင်းနဲ့ အတူနိုဝင်ဘာ ၆ ရက် ညပိုင်း နိုင်ငံတကာ ထိပ်တန်းသတင်းများ

ကိုယ်စားလှယ်ထောင်ပေါင်းများစွာစုဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်ထောင်ပေါင်းများစွာစုဝေး

ကုလ ရာသီဥတု COP27 ညီလာခံ အီဂျစ်မှာ စတင်

ကုလသမဂ္ဂ အဖွဲ့ကြီးက ဦးဆောင် ကျင်းပတဲ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာ ထိန်းချုပ်ကိုင်တွယ်ရေး COP27 ညီလာခံ ကို အီဂျစ်နိုင်ငံရဲ့ ပင်လယ်နီဆိပ်ကမ်း အပန်းဖြေ မြို့ဖြစ်တဲ့ ရှမ်မဲလ်ရှိတ်ခ် Sharm el-Sheikh မြို့မှာ စတင်နေပြီ ဖြစ်ပါတယ်။

၁၂ ရက်တာ ကျင်းပဖို့ စီစဥ်ထားတဲ့ ဒီ ညီလာခံမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံတော် အကြီးအကဲတွေ၊ အစိုးရခေါင်းဆောင်တွေ အယောက် ၁၀၀ ကျော် လာရောက် စုဝေးကြမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးကနေ တက်ရောက်ကြမယ့် ကိုယ်စားလှယ်ပေါင်း ထောင်ဂဏန်းတချို့ ထိအောင်လည်း ရှိနေကြမှာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ စီးပွားရေး၊ စွမ်းအင်နဲ့ ထုတ်လုပ်မှု မဟာဗျူဟာ ဆိုင်ရာ ဝန်ကြီး အဖြစ်တာဝန်ယူခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ ဂလက်စကိုမြို့ COP27 ညီလာခံကို ဦးဆောင် ကျင်းပခဲ့သူ အလွတ်ခ်ရှားမားက ....

”အခုနှစ်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဦးစားပေး လုပ်ရမှာတွေများမှန်း သိပေမယ့် ရာသီဥတု ပြဿနာဆိုတာ ရွှေ့ဆိုင်းထားလေလေ ကပ်အသွင် ဆိုက်ရောက်လေလေ ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ကိစ္စချင်းရာတွေ တစ်ခုပြီးမှ တစ်ခု လုပ်တာထက်စာရင် တတ်နိုင်သမျှ ပြိုင်တူ ကိုင်တွယ်ကြပါ” ဆိုပြီး အခု ညီလာခံ အဖွင့် မိန့်ခွန်းထဲ တိုက်တွန်းသွားပါတယ်။

တွစ်တာလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုလုံး အလုပ်ဖြုတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တွစ်တာလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုလုံး အလုပ်ဖြုတ်ခံရ

တွစ်တာသူဌေးသစ် အီလွန်မာ့စ်ထံ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး အိတ်ဖွင့်စာပို့

တွစ်တာကို လောလောလတ်လတ် ဝယ်ယူထားတဲ့ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး အီလွန်မာ့စ် Elon Musk ထံကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာ တုခ် Volker Turk က အိပ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ပါတယ်။

အဲဒီစာထဲမှာ လူမှုကွန်ရက် တွစ်တာ စာမျက်နှာကို စီမံခန့်ခွဲရာမှာ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံမူတွေကို ဗဟိုပြုပြီး လုပ်ဆောင်သင့်တယ်လို့ အီလွန်မာ့စ်ကို တိုက်တွန်း ထားပါတယ်။

တွစ်တာမှာ ရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တစ်ခုလုံးကို အီလွန်မာ့စ်က အလုပ်ဖြုတ်လိုက်တဲ့ လုပ်ရပ်ဟာ အလွန် စိတ်ပျက်ဖွယ်ကောင်းတယ်ဆိုပြီးတော့လည်း လူ့အခွင့်အရေး မဟာမင်းကြီးက ဝေဖန်ထားပါတယ်။

အခုလို ကုလသမဂ္ဂရဲ့ ထိပ်တန်း တာဝန်ရှိသူ တစ်ယောက်က ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု အပေါ် လူသိရှင်ကြား တိုက်ရိုက် ဝေဖန်တာမျိုးဟာ မကြုံစဖူး ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုစရာ ရှိတယ်ဆိုရင် ကုလအဖွဲ့ အနေနဲ့ လူသိရှင်ကြား ဝေဖန်တာမျိုး မလုပ်ခင် သီးသန့် တိုးတိုးတိတ်တိတ် စပြီး ချည်းကပ်လေ့ ရှိပေမယ့်၊ အခု ဘီလျံနာ အီလွန်မာ့စ်ရဲ့ အပြုအမူတွေ အပေါ် ကုလရဲ့ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ မစ္စတာ တုခ် အတော်လေး စိုးရိမ်နေကြောင်း ထင်ရှားနေတယ် ဆိုပြီး သုံးသပ် နေကြပါတယ်။

လေယာဥ်အမြီးပိုင်းပဲ ရေပေါ် မှာ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေယာဥ်အမြီးပိုင်းပဲ ရေပေါ် မှာ ရှိနေ

တန်ဇေးနီးယားမှာ လေယာဥ်ပျက်ကျ

အာဖရိကတိုက် အရှေ့ဘက်ခြမ်း နိုင်ငံဖြစ်တဲ့ တန်ဇေးနီးယားမှာ ပရီဇစ်ရှင်းအဲ Precision Air လေကြောင်းလိုင်းက လေယာဥ် တစ်စင်း ဘူကိုဘာမြို့ အနီးက ဗစ်တိုးရီးယားလို့ နာမည်တွက်တဲ့ ရေကန်ကြီးထဲ ပျက်ကျခဲ့ပါတယ်။

မုန်တိုင်းရှိနေတဲ့ အတွက် ရာသီဥတု ဆိုးရွားနေတဲ့ကြားက ဆင်းဖို့ ကြိုးစား နေတုန်းမှာ ပျက်ကျ ခဲ့တာ ဖြစ်ပြီး၊ ရေကန်ကြီးထဲမှာ လေယာဥ် ခေါင်းပိုင်းက စလို့ တစ်ကိုယ်လုံး မြုပ်နေပြီး၊ အမြီးပိုင်းသာ ပေါ်နေပါတယ်။

လေယာဥ်ပေါ် လိုက်ပါ သွားကြသူ ၄၃ ဦး ရှိတဲ့ အနက်၊ နောက်ဆုံး အတည်ပြု ထားနိုင်သမျှ လူ ၂၆ ယောက်ကို ကယ်ဆယ် ထားနိုင်ပါတယ်။

ပါကစ္စတန်ရဲစခန်းကို လက်နက်ကိုင် ရာနဲ့ချီပြီး စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်ရဲစခန်းကို လက်နက်ကိုင် ရာနဲ့ချီပြီး စီးနင်း

ပါကစ္စတန် ရဲစခန်းစီးနင်းခံရ

ပါကစ္စတန် နိုင်ငံမှာတော့ လက်နက်ကိုင် တောပုန်း ဓားပြတွေရဲ့ လက်ချက်နဲ့ ရဲအမှုထမ်း အနည်းဆုံး ၅ ယောက် သေဆုံးခဲ့ပါတယ်။

တောင်ဘက်ပိုင်း ဆင်းဒ် ပြည်နယ်ထဲမှာ ရှိတဲ့ ရဲစခန်းတစ်ခုကို ရာနဲ့ချီတဲ့ လက်နက်ကိုင်တွေ ဝင်ရောက် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဂေါ့ထ်ကီ ဆိုတဲ့ ခရိုင်ထဲ ပြန်ပေးဆွဲ ခံရသူတွေ ပြန်လည် လွတ်မြောက်ရေး အတွက် အခြေစိုက် စခန်းအဖြစ် လတ်တလော လာဖွင့်ထားတဲ့ ရဲစခန်း ဝင်ရောက် တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။

ရဲအမှုထမ်းတချို့ကို ဖမ်းခေါ်သွားပြီး၊ မော်တော်ယာဥ်တချို့ကိုလည်း ယူဆောင်သွားကြတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

လီသီယမ်မိုင်းတွင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လီသီယမ်မိုင်းတွင်းတွေထဲက တရုတ်ရှယ်ယာတွေ ပြန်ထုတ်ရမယ်လို့ ကနေဒါ အမိန့်ထုတ်

လစ်သီယမ်မိုင်းတွင်းထဲက တရုတ်ရှယ်ယာတွေ ပြန်ရောင်းဖို့ ကနေဒါ အစိုးရ အမိန့်ထုတ်

ကနေဒါ အစိုးရဟာ ပုံမှန် လုပ်ရိုးလုပ်စဥ်မဟုတ်တဲ့ စီးပွားရေး ဆိုင်ရာ ဝင်ရောက် စွက်ဖက် ဟန့်တားမှုတွေ ပြုလုပ်နေတယ် ဆိုပြီး တရုတ် အစိုးရက ဝေဖန်ပါတယ်။

ကနေဒါ နိုင်ငံထဲက လီသီယမ် သတ္တု မိုင်းတွင်းတွေမှာ အစုရှယ်ယာတွေ ပိုင်ကြတဲ့ တရုတ် ကုမ္ပဏီ ၃ ခုကို၊ သူတို့ပိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ရောင်းရမယ် ဆိုပြီး ကနေဒါ အစိုးရက အမိန့်ထုတ်ထားပါတယ်။

အမျိုးသားလုံခြုံရေး ဆိုင်ရာ စိုးရိမ်ရမှုတွေ ရှိနေတယ်လို့ ကနေဒါ အစိုးရက အကြောင်းပြပါတယ်။

အဲဒီလို ပိတ်ဆို့မှုဟာ မတရားတဲ့ လုပ်ရပ် အဖြစ် တရုတ် အစိုးရရဲ့ စီးပွားရေး ဝန်ကြီးဌာနဘက်က ပြောနေပြီး၊ သူတို့ ကုမ္ပဏီတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့ လိုအပ်တာတွေ လုပ်ဆောင် သွားမယ်လို့လည်း ဆိုပါတယ်။