ဧပြီ ၁၂ ရက် နောက်ဆုံးရသတင်းများ - ပဇီကြီးတိုက်ခိုက်မှု စစ်ကောင်စီဘာပြောလဲ
ဘားအံရဲစခန်းအနီး ဗုံးပေါက်

ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်ပြည်နယ်၊ ဘားအံမြို့မ ရဲစခန်းအနီးမှာ ဧပြီ ၁၂ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မနက် ၅ နာရီကျော်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ သူတို့လက်ချက်လို့ HPA AN GUERILLA FORCE က ပြောပြီး ဗုံးဖြုတ်ဖို့ ကြိုးစားခဲ့တဲ့ ရဲတစ်ဦး ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် သေဆုံးမှုကို ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ဗုံးဒဏ်ကြောင့် ရဲစခန်းအနီးကအိမ်တချို့ မှန်ကွဲသွားပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ ဘားအံမြို့ခံတစ်ဦးကပြောပါတယ်။
HGF အနေနဲ့ သင်္ကြန်ပွဲတော်ရက်အတွင်းမှာ မြို့ပြပြောက်ကြား စစ်ဆင်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်သွားမှာမဟုတ်လို့ ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့သင်္ကြန်မဏ္ဍပ်တွေအနီးမသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီက ဘားအံကမ်းနားလမ်းတလျှောက်မှာ ဋ္ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်တွေနဲ့ စည်ကားအောင်ပြင်ဆင်နေသလို လမ်းလျှောက်သင်္ကြန်ပါ ပြုလုပ်မယ်လို့သိရပါတယ်။
မနှစ်ကလည်း ဘားအံမြို့ ရဲစခန်းနဲ့ စည်ပင်ရုံးအရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာကပြုလုပ်တဲ့ ကရင်ပြည်နယ်နေ့ အကြိုအခမ်းအနားမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ပဇီကြီး လေကြောင်းပစ်ခတ်ခံရလို့ သေဆုံးသူ ၈၀ အထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့သူ အယောက် ၈၀ ရဲ့ ရုပ်အလောင်း တွေကို တွေ့ရှိ သင်္ဂြိုဟ် ပြီးထားပြီလို့ ဧပြီလ ၁၂ရက်၊ မနက် ၁၀နာရီအထိ ပြုစုထားတဲ့စာရင်းတွေအရ သေဆုံးသူစာရင်း တွက်ချက်သူတွေနဲ့ သင်္ဂြိုဟ်ပေးသူတွေ ထံကသိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မနက်ပိုင်းကစလို စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဥ်တွေလည်း ထပ်မံ ဝဲပျံနေတယ်လို့ မြေပြင်မှာရှိနေသူတွေ ရဲ့ ပြောပြချက်အရသိရပါတယ်။ အဲဒီကြားကပဲ အလောင်းကောက်တာနဲ့ ဆက်လက်ရှာဖွေတာတွေကို လုပ်ဆောင်နေရတယ်လို့ မြေပြင်ရှိနေသူတွေထံကသိရပါတယ်။
ပဇီကြီးရွာကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဟာ စစ်ကောင်စီလုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု တွေထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်တဲ့တိုက်ခိုက်မှုဖြစ်လာပါတယ်။
စစ်ကောင်စီကတော့ အခု ဖြစ်စဥ်နဲ့ပတ်သက်လို့ NUG ရဲ့ ရုံးဖွင့်ပွဲပြုလုပ်နေတာကိုတိုက်ခိုက်တာဖြစ်ပြီး PDF တွေ သေဆုံးခဲ့တာကိုထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၄င်းတို့တိုက်ခိုက်မှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ အနီးတဝိုက်မှာ ထောင်ထားတဲ့မိုင်းတွေ၊ ခဲယမ်းသိုလှောင်တဲ့နေရာတည့်တည့်ကို လက်နက်တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် ပေါကက်ွဲပြီး သေဆုံးရတယ်လို့ သတင်းရရှိထားတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒေသခံတွေရဲ့အဆိုအရ သေဆုံးသူအများစုဟာ ပဇီကြီးကျေးရွာအပါအဝင် အနီးအနားက ကျေးရွာဒေသခံတွေ ဖြစ်ကြပြီး မိသားစုလိုက် သေဆုံးရသူတွေပါ ရှိနေတယ်လို့ အသက်ရှင်ကျန်ရစ်သူ တွေက ပြောကြားထားပါတယ်။
လက်ရှိ ပဇီကြီးရွာကိုရောက်ရှိကယ်ဆယ် ရေးလုပ်နေသူတွေပြောပြချက်အရတော့ အဲဒီလိုပေါက်ကွဲမှု ဖြစ်ခဲ့တာမျိုးမဟုတ်ဘဲ စုရုံးနေတဲ့နေရာကို ဗုံးတိုက်ရိုက်ထိမှန်တယ်လို့ ယူဆပြောကြပါတယ်။
ဗုံးတိုက်ရိုက်ထိမှန်တဲ့နေရာက လူအများစုရုံးနေတဲ့ အခမ်းအနားပြုလုပ်တဲ့နေရာလို့ ယူဆပြောပြကြ ပါတယ်။
ပဇီကြီးရွာဖြစ်စဥ်အတွင်း အသက်ရှင်ကျန်ခဲ့သူတွေရဲ့ ပြောပြချက်နဲ့ နောက်ဆုံးရ ပဇီကြီးကျေးရွာအကြောင်း ကိုလည်း ထပ်မံဖော်ပြပေးဖို့ရှိပါတယ်။
ဟားခါးမြို့နယ်ထဲက ပြည်ခိုင်ဖြိုးရုံးတွေကို ပြည်သူပိုင်သိမ်းတယ်လို့ CDF ကြေညာ

ဓာတ်ပုံ ရင်းမြစ်, USDP
ဟားခါးမြို့နယ်ထဲက ပြည်ခိုင်ဖြိုးရုံးတွေနဲ့ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်သိမ်းတယ်လို့ Chinland Defence Force- Hakha က ဒီကနေ့မှာထုတ်ပြန်လိုက်ပြီး လိုအပ်သလို စီမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီကြေညာချက်အရ မြို့ပေါ်မှာရှိတဲ့ ပြည်ခိုင်ဖြိုးရုံးတွေကို သိမ်းပိုက်နိုင်တဲ့အခြေအနေမရှိပေမယ့်လို့ ကြံ့ခိုင်ရေးပါတီပစ်မှတ်ထားခံရပြီလို့ နားလည်ထားကြောင်း ဟားခါးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
‘’ဟားခါးမြို့ပေါ်က ပြည်ခိုင်ဖြိုးရုံးကတော့ လုံခြုံရေးရှိတယ်။ ရွာတွေဘက်က ရုံးတွေကတော့ ဝင်စီးခံရနိုင်တယ်’’ လို့ မြို့ခံတစ်ဦးကပြောပါတယ်။
CDF-Hakha အနေနဲ့ ဘယ်လို စီမံဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ မှတ်ပုံပြန်တင်တဲ့ ပါတီတွေကို မတရားအသင်းအဖြစ်ကြေညာပြီးတဲ့နောက် ပြည်ခိုင်ဖြိုးရုံးတွေကို ပြည်သူပိုင်သိမ်းတယ်လို့ CDF က ဆက်တိုက် ကြေညာလာတာဖြစ်ပါတယ်။
ချင်းပြည်နယ်အခြေစိုက်ပါတီတွေထဲက ချင်းပြည်သူ့ပါတီ၊ ခူမီးအမျိုးသားပါတီ နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် တို့ မှတ်ပုံတင်ထားပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ ချင်းတိုင်းရင်းသားများပါတီ နဲ့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ တို့ ကတော့ မှတ်ပုံပြန်မတင်ခဲ့ကြပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံး ဗုံးခွဲခံခဲ့ရပါတယ်။
ထားဝယ်သပိတ်ကော်မတီဝင်တစ်ဦးကို သိန်းသုံးရာ ဆုငွေထုတ်

ဓာတ်ပုံ ရင်းမြစ်, DMSC-Dawei
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ဖမ်းဆီး၊သတင်းပေးနိုင်ရင် ငွေကျပ် သိန်းသုံးရာ ချီးမြှင့်မယ်လို့ စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။
နယ်မြေအေးချမ်းသာယာမှုကို ထိခိုက်ပျက်ပြားစေလို့ဆိုပြီး လောင်းလုံးမြို့နယ်အတွင်းက လမ်းတချို့မှာ ကိုမင်းလွင်ဦးရဲ့ ဓာတ်ပုံကိုကပ်ပြီး ဆုငွေထုတ်ထားတာဖြစ်ပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကတော့ ကိုမင်းလွင်ဦးနဲ့ သူတို့ကော်မတီဟာ အကြမ်းဖက်မှုတွေကို မကျူးလွန်ဘဲ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ကိုမင်းလွင်ဦးဟာ ၂၀၂၁ ခုနှစ် မတ်လ က ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး ပြီးခဲ့တဲ့ မတ်လမှာ အကြမ်းဖက်ဥပဒေနဲ့ တရားထပ်စွဲခံထားရတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ထားဝယ်သပိတ်ကော်မတီဟာ အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်အထိ အာဏာသိမ်းမှုဆန့်ကျင်ရေးမြေပြင်သပိတ်လှုပ်ရှားမှုတွေလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက လောင်းလုံးက စျေးတစ်ခုမှာ သူတို့အဖွဲ့စည်းရုံးရေးဆင်းနေတုန်း သေနတ်နဲ့ပစ်ဖောက် လူစုခွဲခံခဲ့ရပါတယ်။
သကြင်္န် နဲ့ ပွဲလမ်းတွေကို ရှောင်ဖို့ ရန်ကုန်မှာ သတိပေး

ဓာတ်ပုံ ရင်းမြစ်, YRF
သကြင်္န် နဲ့ ပွဲလမ်းတွေကို ရှောင်ဖို့ သတိပေးတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ရဲ့ လူကူးခုန်းကျော်တံတားတစ်ခုမှာ Yangon Revolution Force က ဧပြီ ၁၂ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” ဆိုတဲ့ ဘန်နာကို YRF ရဲ့ Soft Strike Community က ချိတ်ထားခဲ့တာဖြစ်ပါတယ်။
မနေ့က ဖြစ်ခဲ့တဲ့ ကန့်ဘလူ၊ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် တစ်နိုင်ငံလုံးက စစ်ဘေးဒဏ်ခံစားနေကြရတဲ့ ပြည်သူတွေကို စာနာကိုယ်ချင်းစာဖို့ ရည်ရွယ်တယ်လို့ YRF က ဆိုပါတယ်။
ရန်ကုန်မှာ အခုလို လှုပ်ရှားမှုတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့လို့ လှုပ်ရှားမှုတွေလျော့နည်းသွားပေမယ့် ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအပြီးမှာ အခုလိုပြန်လည်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း သကြင်္န်ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပဖို့ပြင်ဆင်နေချိန်မှာ မဏ္ဍပ်တွေကို ဗုံးခွဲမှုတချို့ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သကြင်္န်ကို တိုက်ခိုက်ဖို့ကြံစည်နေသူတွေဆိုပြီး ဖမ်းဆီးမှုတွေဆက်တိုက်ရှိနေပါတယ်။
ပဇီကြီးတိုက်ခိုက်မှု စစ်ကောင်စီဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, social media
ကုလ နဲ့ နိုင်ငံတကာ ပဇီကြီးဖြစ်စဥ် ကို ရှုတ်ချ
ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ စစ်ကောင်စီကဝန်ခံလိုက်ပြီး NUG ရုံးကို တိုက်ခိုက်ချေမှုန်းတာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါတယ်။
လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဧပြီ ၁၁ ရက် ပဇီကြီးရွာ ဖြစ်စဥ်ဟာ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ နေရာတည့်တည့်ကို လက်နက်ထိမှန်လို့ ပေါက်ကွဲ သေဆုံးမှုတွေ ပိုများခဲ့တာလို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဇီကြီးရွာမှာ NUG ရုံးဖွင့်ပွဲ လုပ်မယ့် အချိန်နဲ့နေရာကို စစ်ကောင်စီက သတင်းအတိအကျရခဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ပဇီးကြီးကျေးရွာဥက္ကဋ္ဌကို PDF က မတ်လအတွင်းက သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ကိုင်းတိုင်းထဲမှာ PDF တွေရဲ့ တိုက်ခိုက်မှုတွေကို ဖော်ပြထားပါတယ်။
မနေ့က တိုက်ခိုက်မှုကို မျက်မြင်တွေ့ရှိသူတွေကတော့ တိုက်လေယာဥ်အပါအဝင် စစ်ရဟတ်ယာဥ်နှစ်စင်းနဲ့ တိုက်ခိုက်မှုမှာ ဗုံးကြဲမှုရော သေနတ်နဲ့ပစ်ခတ်မှုပါ ရှိခဲ့တယ်လို့ ဘီဘီစီကိုဖြေကြားထားပါတယ်။
ပဇီကြီးတိုက်ခိုက်ခံရမှုမှာ လူတစ်ရာကျော်အထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပြီး ပြည်တွင်းပြည်ပကလည်း ဒီတိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုတ်ချနေကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ် နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးတို့ကလည်း ကြေညာချက်တွေထုတ်ပြီး အပြင်းအထန်ရှုတ်ချကြပါတယ်။
အမေရိကန်သံရုံးကလည်း ပဇီကြီးတိုက်ခိုက်ခံရမှုကို ကြေညာချက်ထုတ်ခဲ့ပြီး ဒီကျူးလွန်မှုတွေအပေါ် စစ်ကောင်စီက တာဝန်ခံဖို့ နိုင်ငံတကာနဲ့အတူ အမေရိကန်ကဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း ဒီဖြစ်စဥ်ကို ရှုတ်ချခဲ့ပြီး စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉)ကို လိုက်နာပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။








