ကလေး ၉၉ ယောက် သေဆုံးခဲ့ရတဲ့နောက် အင်ဒိုနီးရှားမှာ သောက်ဆေးရည်တွေ အားလုံးပိတ်

Syrup

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သောက်ဆေးရည် အားလုံးကို ယာယီပိတ်လိုက်ပြီလို့ အင်ဒိုနီးရှား အစိုးရကပြော

ဖရန်စစ် မောင်

ဘီဘီစီ သတင်းဌာန

အင်ဒိုနီးရှားမှာ ကလေးငယ် အယောက် ၁၀၀ လောက် သေဆုံးခဲ့ရတဲ့နောက် အင်ဒိုနီးရှား အစိုးရက သောက်ဆေးရည် ရောင်းချမှုအားလုံးကို ရပ်ဆိုင်းထား လိုက်ပါတယ်။

ဂမ်ဘီယာမှာ ချောင်းဆိုးပျောက်ဆေးရည် တမျိုးကြောင့် ကလေးငယ် အယောက် ၇၀ နီးပါး သေဆုံးခဲ့ရတဲ့ သတင်းထွက်လာပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အခု အင်ဒိုနီးရှားက သတင်းထွက်လာတာပါ။

တချို့ သောက်ဆေးရည်မှာ ပါဝင်တဲ့ အရာတွေက ကျောက်ကပ်ကို ရုတ်ခြည်း ထိခိုက်စေတာ (acute kidney injuries - AKI) ကိုတွေ့ရပြီး အဲဒါကြောင့် ဒီနှစ် အတွင်း ကလေးငယ် ၉၉ ယောက် သေဆုံးခဲ့ရတယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။

ဒီဆေးရည်တွေကို တခြားနိုင်ငံကနေ တင်သွင်းခဲ့တာလား၊ နိုင်ငံတွင်းမှာပဲ ထုတ်လုပ်ခဲ့တာလား ဆိုတဲ့အချက်နဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

AKI ဖြစ်လို့ ကျောက်ကပ်ထိခိုက်နေတဲ့ ကလေးလူနာပေါင်း ၂၀၀ လောက်ရှိနေတယ်၊ သူတို့ထဲက အများစုက ၅ နှစ်အောက် ကလေးတွေဖြစ်တယ် ဆိုတဲ့ အစီရင်ခံစာကို သူတို့ရထားတယ်လို့ အင်ဒိုနီးရှား ကျန်းမားရေးဆိုင်ရာ အရာရှိတွေက ကြာသပတေး နေ့မှာ ပြောပါတယ်။

 ဂမ်ဘီယာက ကလေး အယောက် ၇၀ နီးပါး သေဆုံးမှုဟာ ချောင်းဆိုးပျောက် ဆေးရည် ၄ မျိုး နဲ့ ဆက်စပ်တယ် ဆိုတာကို နိုင်ငံတွေ အားလုံး သတိထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) အနေနဲ့ ဒီလ အစောပိုင်းတုန်းက ထုတ်ပြန်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိန္ဒိယ ဆေးဝါးကုမ္ပဏီ တခုက ထုတ်လုပ်တဲ့ ဒီချောင်းဆိုး ပျောက်ဆေးရည် ၄ မျိုးထဲမှာ ဒိုင်အက်သလင်း ဂလိုင်ကေါ နဲ့ အက်သလင်း ဂလိုင်ကေါ (diethylene glycol and ethylene glycol) တွေ “လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ ပမာဏ အထိ” ပါဝင်နေတယ်လို့ WHO က တွေ့ရှိခဲ့ပါတယ်။ ဒီချောင်းဆိုးပျောက် ဆေးရည်တွေဟာ “ကျောက်ကပ်ကို ထိခိုက်တာတွေနဲ့ ဆက်စပ်နေတယ်” လို့လည်း WHO က ပြောပါ တယ်။

သူတို့နိုင်ငံတွင်းမှာ သုံးစွဲနေကြတဲ့ ဆေးရည်တချို့ထဲမှာလည်း အလားတူ ဓာတု ဒြပ်ပေါင်းတွေ ပါဝင်နေတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီးက ကြာသပတေး နေ့မှာ ပြောပါတယ်။

“ကျောက်ကပ် ထိခိုက် (AKI) နေတဲ့ ၅ နှစ်အောက် ကလေးလူနာတွေ သောက်ခဲ့တဲ့ တချို့ ဆေးရည်တွေကို ကြည့်လိုက်ရင် မပါဝင်သင့်တဲ့ ဒါမှမဟုတ်လည်း ပမာဏ မဆိုစလောက် အနည်းအကျဉ်းလောက်သာ ပါဝင်သင့်တဲ့ ဒိုင်အက်သလင်း ဂလိုင်ကေါ နဲ့ အက်သလင်း ဂလိုင်ကေါတွေ အများကြီး ပါဝင်နေတာကို တွေ့ရတယ်” လို့ ဘူဒီ ဂူနာဒီ ဆဒစ်ကင်က ပြောပါတယ်။

ဒီအဆိပ်အတောက်ဖြစ်စေတဲ့ ဆေးတွေကြောင့် လူနာပေါင်း ဘယ်လောက်ရှိနေလဲ ဆိုတဲ့ အရေအတွက်ကိုတော့ သူက ထုတ်ဖော်ပြောမသွားပါဘူး။

ဂမ်ဘီယာမှာ သုံးခဲ့ကြတဲ့ ချောင်းဆိုးပျောက် ဆေးရည်မျိုးတွေ သူတို့ နိုင်ငံတွင်းမှာ ရောင်းချတာမျိုး မရှိခဲ့ပါဘူးလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

တကယ်သေဆုံးခဲ့ရတဲ့ အရေအတွက်က အခု သတင်းတွေ ထွက်လာတဲ့ အရေ အတွက်ထက် ပိုများလိမ့်မယ်လို့ ရောဂါပျံ့နှံ့မှု ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာရှင် တယောက်က ပြောပါတယ်။

Griffith University က ဒေါက်တာ ဒစ်ကီ ဘူဒီမန်က “ဒီလို ရောဂါဖြစ်နေသူတွေကို တွေ့ရတဲ့ အခါ၊ ကျွန်တော်တို့ တွေ့လိုက်ရတာက ရေပေါ် မျောနေတဲ့ ရေခဲတုံးကြီးရဲ့ ထိပ်စွန်း‌ပိုင်းလောက်လေးကို မြင်လိုက်ရတာပါ။ အဓိပ္ပါယ်ကတော့ ဒီလို ဖြစ်နေတဲ့ လူနာတွေ ဒီထက် အများကြီး ရှိနေနိုင်ပါတယ်” လို့ ဘီဘီစီ အင်ဒိုနီးရှား ဌာနကို ပြောပါတယ်။

အခုကလေးလူနာတွေနဲ့ ဆက်စပ်နေတဲ့ ဆေးရည်တွေက ဘာ တံဆိပ်လဲ၊ ဘယ်လို ရောဂါတွေအတွက်သောက်ရတဲ့ ဆေးရည် အမျိုးအစားလဲ ဆိုတာတွေကို အင်ဒိုနီးရှား အာဏာပိုင် တွေက ထုတ်ဖော် မပြောသေးပါဘူး။ ဒါပေ သောက် ဆေးရည် မှန်သမျှကို ရောင်းချတာရော၊ သောက်ဖို့ ဆေးညွှန်းပေးတာတွေရော အားလုံးကို သူတို့က ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။