လေကြောင်းရန်ကာ လက်နက်တွေ နိုင်ငံတကာက ပေးလာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလက လေကြောင်းရန် ကာကွယ်ရေး စစ်လက်နက် ပစ္စည်းတွေ ပေးဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
ဧပြီလ ၁၆ ရက်၊ NUG ထူထောင်တာ ၂ နှစ် ပြည့်မြောက်တဲ့ အထိမ်းအမှတ် ပြောကြားတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲ အဲဒီလို ထည့်သွင်း တောင်းဆိုတာ ဖြစ်ပါတယ်။
လူရာကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက် ခံရတဲ့ ဖြစ်ရပ် အကြောင်း ယာယီ သမ္မတကြီးက ပြောဆိုရင်းမှာပဲ၊ စစ်ကောင်စီ နိုင်ငံအနှံ့ ပြုမူနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အကာအကွယ် ပြုနိုင်ရေး အလေးပေး ပြောသွားတာ တွေ့ရပါတယ်။
လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမှုတွေကို NUG ဘက်က တိုးမြှင့် လုပ်ဆောင်သွားမယ် ဆိုပြီး ကတိပြုရင်းမှာပဲ၊ မြန်မာနိုင်ငံထဲက အရပ်ဘက် အဖွဲ့တွေ၊ NGO တွေ အနေနဲ့လည်း ဒီ အသိပညာပေး လုပ်ငန်းတွေမှာ ဆတက်ထမ်းပိုး ပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။
ဒါ့အပြင် လေကြောင်းရန်ကာ စစ်လက်နက်တွေကိုပါ ပံ့ပိုးကြဖို့ ယာယီသမ္မတကြီး ဒူဝါလရှီးလက နိုင်ငံတကာကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းထားရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တပ်တွေကို လက်နက်တပ်ဆင် ပေးနိုင်ရေးမှာလည်း စိန်ခေါ်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ယာယီ သမ္မတကြီးက ပြောပါတယ်။
ဒါပေမယ့်လည်း PDF တစ်ယောက်ချင်းစီ မကျန် လက်နက် တပ်ဆင် ပေးနိုင်ဖို့ ဆက်လက် လုပ်ဆောင်မယ် ဆိုပြီး ယာယီ သမ္မတကြီးရဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောခဲ့ပါတယ်။
၂၀၂၃ တစ်နှစ်တာစီမံကိန်း ဘယ်အခြေအနေမှာ ရှိနေလဲ

ဓာတ်ပုံ ရင်းမြစ်, NUG
NUG က စစ်အာဏာရှင် စနစ် အမြစ်ပြတ် ဖယ်ရှားရေး ဘက်ပေါင်းစုံကနေ ဖိအားပေး ထိုးနှက် နိုင်ဖို့ ဆိုပြီး အခု ၂၀၂၃ ခုနှစ် အတွက် တစ်နှစ်တာ စီမံကိန်း ဆိုပြီး ပြီးခဲ့တဲ့ နှစ်ကတည်းက ချမှတ် ကြေညာထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
NUG အဓိက ပြောထားတာကတော့ အခု ၂၀၂၃ ခုနှစ် အတွင်း အရှုံးအနိုင်ကို သိသားစေမယ့် အဆုံးသတ် တိုက်ပွဲအတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ အခြေအနေမျိုး ရှိလာစေရမယ်လို့ ဆိုပါတယ်။
အခု ၂၀၂၃ ပထမ ၄ လ တာ ကာလကို ကြည့်ရင် ရည်မှန်းချက်တွေရဲ့ ၈၀% လုပ်ဆောင် နိုင်ခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဘဏ္ဍာရေး ဆိုင်ရာ စိန်ခေါ်မှုတွေ၊ လက်နက် ရရှိဖို့ အတွက် ကြိုးစားရုန်းကန် ရတာတွေ ရှိနေပေမယ့် ရည်မှန်းချက် အတိုင်း တစိုက်မတ်မတ် လုပ်ဆောင် နေတယ်လို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။
လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ ပတ်သက်ပြီး တချို့နေရာတွေမှာ တချို့ အမျိုးအစားတွေ ရှိနေပြီ ဖြစ်ပေမယ့်၊ နေရာတိုင်းမှာ လွှမ်းခြုံမှု ရှိနိုင်အောင် ဆက်လက် ကြိုးစား နေရတဲ့ အခြေအနေ ဖြစ်တဲ့ အကြောင်းလည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။
အဲဒီလို လက်နက် အမျိုးအစား ရှိလာတဲ့ အချက် အပေါ် မူတည်ပြီး NUG ထိန်းချုပ် စိုးမိုး မြေတွေမှာ ဆိုရင် စစ်ကောင်စီရဲ့ လေယာဥ်၊ ရဟတ်ယာဥ်တွေ ပေနိမ့်နိမ့် ပျံသန်းတာမျိုး မလုပ်နိုင်တော့တဲ့ အတွက် သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်တွေ မပြည့်မီအောင် ဟန့်တားနိုင်တာမျိုးတွေ ရှိလာနေပြီလို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေး တင်ကြို အသိပေး စနစ် early warning system တွေ ရလာနိုင်ဖို့ အတွက်လည်း နိုင်ငံတကာကို တောင်းဆိုနေတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။
အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် တကယ်တမ်း ဖြစ်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတော့ အခု လက်ရှိ မြေပြင် အခြေအနေတွေ၊ စစ်ရေး အနေအထားတွေနဲ့ နိုင်ငံတကာရဲ့ ရပ်တည်မှုတွေကို ကြည့်ရင် ၂၀၂၃ ခုနှစ် အတွင်း အပြောင်းအလဲ ကြီးကြီးမားမား တွေ့လာရနိုင်လား ... အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် ဆိုတာ တကယ်တမ်း ဖြစ်နိုင်မလား ....စတာတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး မြန်မာ့အရေးကို နှစ်ပေါင်းများစွာ အနီးကပ်စောင့်ကြည့် နေတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆန် David Mathieson ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ ဒေးဗစ်လည်း သိတဲ့အတိုင်း NUG ကြေညာထားတာက စစ်အာဏာရှင် စနစ် ဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အခုနှစ်ထဲမှာ အဆုံးအဖြတ်ဖြစ်စေမယ့် အပြောင်းအလဲတွေ တွေ့လာရမယ်လို့ ပြောထားပါတယ်။ အခုအချိန်က NUG ထူထောင်တာ ၂ နှစ် ပြည့်ချိန်လည်းဖြစ်၊ အခုနှစ်ရဲ့ ပထမ ၄ လတာလည်း ရောက်လာပြီ ဖြစ်တော့ .... တကယ့်ကို အပြောင်းအလဲ ဖြစ်စေမယ့် အခြေအနေမျိုးဆီ ဦးတည်နေပြီလို့ မြင်မိလားခင်ဗျ။
ဒေးဗစ်မက်သီဆန်။ ။ အခု ၂၀၂၃ ပထမ ၄ လထိကတော့ ကြီးမားတဲ့ တိုးတက် ပြောင်းလဲမှုမျိုး ကျွန်တော်တို့ မတွေ့မြင်ရသေးပါဘူး။ ပဋိပက္ခတွေကိုကြည့်ရင် တစ်ဖက်ဖက်က အနိုင်ရနေတယ် ဆိုပြီး ပြောမရနိုင်တဲ့ အနေအထားမျိုး ရောက်နေပါတယ်။
ဒီလို ပြောပေမယ့်လည်း လူမျိုးစုလက်နက်ကိုင်တပ်တွေ အပါအဝင် NUG အောက်က PDF တွေရော၊ ဒေသတွင်း ကာကွယ်ရေး အဖွဲ့တွေရော ဖော်ဆောင်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကတော့ လူတွေ မျှော်လင့် ထားတာထက်တောင် ပိုပြီး လုပ်လာနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ အသိအမှတ်ပြု ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ရေးနည်းနဲ့ ရယူမယ့် အဆုံးသတ် အောင်ပွဲဟာ လက်တကမ်းမှာ ဆိုပြီး ပြောလို့ မရနိုင်ပါဘူး။ သေချာတာကတော့ ဒီနှစ်ထဲမှာ မဖြစ်နိုင်သလို၊ တချိူ့ သုံးသပ်ပြောဆိုနေကြသလို မဝေးတော့တဲ့ ကာလမှာ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ဘီဘီစီ။ ။ NUG ဖော်ဆောင်နေတာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ် ဆိုတော့ ... စစ်ရေးနည်းနာမှာ သူတို့ အနေနဲ့ တွေ့ကြုံနေရတဲ့ အဓိက အခက်အခဲ အဟန့်အတားတွေက ဘာတွေလဲလို့ ဒေးဗစ် သတိထားမိလဲ။ သူတို့ အဲဒါတွေကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းမျိုးတွေရော ရှိရဲ့လား။
ဒေးဗစ်မက်သီဆန်။ ။ အကြီးမားဆုံး အခက်အခဲ အဟန့်အတားဆိုရင် ထောက်ပံ့ ပို့ဆောင်ရေးပိုင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အတွက် လက်နက် ခဲယမ်းမီးကျောက်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပိုပြီး လိုအပ်နေပါတယ်။ လူအင်အား အနေနဲ့ ကြည့်ရင်တော့ စစ်အာဏာရှင် စနစ် ဖယ်ရှားရေး လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ၊ စိတ်အားတက်ကြွနေသူတွေ အရေအတွက်ဟာ လုံလောက်အောင် ရှိနေတယ်လို့ မြင်ပါတယ်။ ဒီတော့ လက်တွေ့ စစ်မျက်နှာပြင်တွေမှာ တိုးတက် အောင်မြင်မှုတွေ ရလာဖို့ရာ သူတို့ကို လိုအပ်တဲ့ လက်နက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ ပံ့ပိုး တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။
အခု မြင်တွေ့နေရတာက အင်မတန် အချိုးအစား မမျှတလှတဲ့ စစ်ပွဲ ဖြစ်ပါတယ်။ စကစဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တနိုင်ငံလုံး အနှံ့ အားပြု သုံးစွဲ နေပါတယ်။ ဒီလို ပြောပေမယ့်လည်း စစ်တပ်က အနိုင်ရသွားမယ်လို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ စစ်ပွဲဆိုတာ လေကြောင်း အင်အားတွေ၊ လက်နက်ကြီးတွေပေါ်မှာပဲ မှီခိုတာမျိုး မဟုတ်ပါဘူး။ တော်လှန်ရေး အင်အားစုတွေ ဘက်ကတော့ အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ဘယ်လို တန်ပြန် ကိုင်တွယ်မလဲ ဆိုတာကို ဗျူဟာမြောက် စဥ်းစားကြဖို့ လိုပါတယ်။
လက်ရှိမှာတော့ အောင်ပွဲဆိုတာကို စကစဘက်က ဘယ်နှစ်ယောက် သေဆုံးသွားပြီ ဆိုတဲ့ အရေအတွက်နဲ့ ယှဥ်ထိုးပြီး ပြောနေကြပါတယ်။ အဲဒါဟာ အခြေအနေ ဖြစ်ရပ်မှန်တွေ အပေါ် အရင်းခံ အတိုင်း နားလည် သဘောပေါက်မှု လွဲမှား စေနိုင်ပါတယ်။ ဒီတော့ ဒေသအလိုက် ကိုက်ညီတဲ့ စစ်ရေးဆိုင်ရာ ဗျူဟာတွေ ချမှတ် ထားရှိဖို့ လိုတယ်လို့ ကျွန်တော် မြင်ပါတယ်။
ကရင်နီမှာ ဆင်နွှဲနေတဲ့ စစ်နဲ့ အညာဒေသမှာ ဆင်နွှဲတဲ့ စစ် ပုံစံမျိုး မတူပါဘူး။ အေအေ ဆိုရင်လည်း ရခိုင်ထဲမှာ သူတို့ရဲ့ ကိုယ်ပိုင်စစ်ပွဲ အနေနဲ့ ဆင်နွှဲ ကြတာ မဟုတ်လား။
ဒီတော့ စစ်ရေး အရ လိုအပ်ချက်တွေ ဆိုတာကို ပြန်ချုပ်ရရင်တော့ ထောက်ပို့ပိုင်းမှာ၊ လက်နက်တပ်ဆင်မှု အပိုင်းမှာ NUG အနေနဲ့ အဓိက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အခြေခံ အကျဆုံး မေးခွန်းက ဘယ်ကနေ လက်နက်ရနိုင်မလဲ၊ လက်နက် ဝယ်နိုင်မလဲ ဆိုတဲ့ အခက်အခဲကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။ လက်နက် ခဲယမ်း မီးကျောက်တွေ ပုံမှန် စီးဝင်နေနိုင်တဲ့ လမ်းကြောင်းမျိုးတွေ ရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့ အပိုင်းကတော့ အားလုံး သိတဲ့ အတိုင်း လေကြောင်းရန် ကာကွယ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။
ပြောရရင်တော့ အခု ကျွန်တော် ထောက်ပြခဲ့တဲ့ အချက်တွေဟာ အခုမှ တွေ့ကြုံလာရတဲ့ အသစ်အဆန်းတွေ မဟုတ်ပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ နှစ်နှစ် ကတည်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဒီ ကာလ အတိုင်းအတာ အတွင်းမှာ အဲဒီ အခက်အခဲတွေကို အတော်အတန် ဖြေရှင်း ကျော်လွှား နိုင်လာတယ် ဆိုတာမျိုး မမြင်ရသေးဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။
ပဇီကြီးဖြစ်ရပ်နောက်ပိုင်း နိုင်ငံတကာ ဘယ်အတိုင်းအတာထိ တုံ့ပြန်လာနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီ။ ။ မြေပြင် အခြေအနေတွေကတော့ ထိတ်လန့် တုန်လှုပ်ဖို့ ကောင်းနေပါတယ် ဒေးဗစ်ရေ ... ခင်ဗျားလည်း သိမှာပါပဲ ... အခုရက်ပိုင်းက ဖြစ်ခဲ့တဲ့ ပဇီကြီး လေကြောင်း တိုက်ခိုက်မှုဆိုရင် မြေပြင်ကူညီရေး လုပ်ဆောင်နေသူတွေရဲ့ အဆိုအရ လူပေါင်း ၁၀၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါတယ်။ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။
ဆိုတော့ကား ... ဒီလောက် အခြေအနေတွေ တွေ့ကြုံနေရချိန်မှာ NUG အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကနေ ဘာတွေ ရလာအောင် တောင်းဆို နိုင်လဲ ... လေကြောင်းရန် ကာကွယ်ရေး လက်နက်မျိုးတွေ၊ လေကြောင်းရန် ကြိုတင် သတိပေး စနစ်တွေ တောင်းဆိုနိုင်မလား။ နိုင်ငံတကာ အသိုင်းအဝိုင်းကရော ဘယ်အတိုင်းအတာအထိ လုပ်ဆောင် ပေးနိုင်လဲ .... ။
ဒေးဗစ်မက်သီဆန်။ ။ လေယာဥ်ပစ်လက်နက် အမျိုးအစားတွေ မကြာခင်မှာပဲ နိုင်ငံတကာက ပေးလာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အဲဒီလို မျှော်လင့်နေရင်လည်း ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအပေါ် အခြေခံတဲ့ စိတ်ကူးယဥ်မှုမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ မြေပြင်မှာ လက်တွေ့ ရင်ဆိုင် ကြုံတွေ့ နေရသူတွေ အပေါ် မျှော်လင့်ချက် အမှားတွေ ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်က တကယ်တမ်း လုပ်ပေးနိုင်တဲ့ ... အဖြစ်နိုင်ဆုံး အရာ ဆိုရင် “early warning system” လို့ ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ ကြိုတင် သတိပေးမှု စံနစ်မျိုး ဖြစ်ပါတယ်။
အဲဒီလို စနစ်မျိုး ထားရှိလာနိုင်ရင် လေကြောင်း တိုက်ခိုက်လာ တော့မယ့် လက္ခဏာမျိုးတွေ ရှိလာပြီ ဆိုတာနဲ့ အရပ်သားတွေကို ဘေးကင်းရာ နေရာတွေဆီ ရွှေ့ပြောင်း စေတာမျိုးတွေ လုပ်နိုင်ဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် အညာဒေသ စစ်ကိုင်း၊ မကွေးတော့မှာတော့ အတော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်။ မြေမျက်နှာ သွင်ပြင်ဟာ ပြန့်ပြူးပြီး၊ ပုန်းဖို့ ကွယ်ဖို့ တောတောင် နေရာတွေ ရှားပါးပါတယ်။
ဘာပဲပြောပြော အနောက်နိုင်ငံက အလှူရှင်တွေနဲ့ စာနာမှု ဆိုင်ရာ အကူအညီ ပေးနေကြသူတွေထံမှာ လက်နက်မဟုတ်တဲ့ ထောက်ပံ့ရေးတွေရဲ့ အစိတ်အပိုင်း အနေနဲ့ အဲဒီ လေကြောင်းရန် သတိပေးမှု ဆိုင်ရာ နည်းပညာကို ပံ့ပိုးပေးလိုစိတ် ရှိနေပါတယ်။ သူတို့မှာ ပံ့ပိုးနိုင်စွမ်းလည်း ရှိပါတယ်။ တင်ကြို သတိပေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်မယ်ဆိုရင် တကယ် လက်တွေ့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
မြန်မာပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိအောင်၊ ကိုယ့်သားသမီးတွေကို ဘေးလွတ်ရာ ခေါ်သွားနိုင်အောင် နိုင်ငံတကာ မိသားစု အနေနဲ့ ပံ့ပိုးပေးရမယ့် တာဝန်လည်း ရှိပါတယ်။ အဲဒါကို “moral obligation” လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို လက်တွေ့ လုပ်ဆောင် ကျင့်ကြံဖို့ လိုတဲ့ “ကိုယ်ကျင့်တရား ဆိုင်ရာ တာဝန် ဝတ္တရား” ဖြစ်ပါတယ်။ စိုးရိမ်ကြောင်း၊ ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွေကတော့ လက်တွေ့ ခံစားနေရတဲ့ မြန်မာပြည်သူတွေကို စော်ကား နေသလိုမျိုးတောင် ဖြစ်နေပါပြီ။ မြန်မာပြည်ရဲ့ အခြေအနေဟာ အဲဒီ ထုတ်ပြန်ချက်တွေ ထုတ်ရတဲ့ အနေအထားရဲ့ အလွန်ကို ရောက်သွားပြီ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အခုနက ပဇီကြီး ဖြစ်ရပ်ကိုပဲ ရည်ညွှန်းပြောရရင် ... အဲဒီလောက် အတိုင်းအတာ ပမာဏမျိုးဆိုရင် မြန်မာ့ပြည်ထဲက စစ်ပွဲဟာ အရပ်သား ထိခိုက် သေဆုံးရမှုကအစ ဆီးရီးယားစစ်၊ ယူကရိန်းစစ်တွေနဲ့ ပြင်းထန်မှု လေးနက်မှု မတူသေးဘူးလား ဒေးဗစ်ရေ .. ဒီတော့ နိုင်ငံတကာရဲ့ တုံ့ပြန် ဆောင်ရွက်မှုဟာ “လက်နက်မဟုတ်သော” ဆိုတဲ့ ဘောင်အတွင်းမှာပဲ ဆက်ပြီး ရှိနေဦးမှာလား။
ဒေးဗစ်မက်သီဆန်။ ။ နိုင်ငံတကာ အနေအထားမှာရော၊ ဒေသတွင်းမှာပါ မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခထဲ စာနာမှု ဆိုင်ရာ အကူအညီ ပေးတာတွေရဲ့ အလွန် စစ်ရေး အရ တိုက်ရိုက် ပါဝင် စွက်ဖက်မှုမျိုး တွေ့လာရဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။
ကမ္ဘာပေါ်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေကိုရော၊ စစ်ကောင်စီကိုပါ လက်နက်တပ်ပေးနေတဲ့ ပြည်ပ နိုင်ငံရယ်လို့ တရုတ်ပဲ ရှိတယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက်သင့်ပါတယ်။ အဲဒီ အချက်အပေါ် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိမြင်ကြဖို့၊ မျက်မှောက်ပြုမိကြဖို့ လိုအပ်တယ်လို့ လည်း ကျွန်တော်ထင်ပါတယ်။
အနောက်နိုင်ငံတွေ ဝင်လာပြီး တစ်ဘက်ဘက်ကနေ စစ်တိုက်ပေးမယ် ဆိုရင် အခြေအနေတွေဟာ ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။ ဒေသတွင်း တရုတ်နိုင်ငံကလည်း လက်ခံမှာ မဟုတ်ပါဘူး။
နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံ အနေနဲ့ အခု ပဋိပက္ခထဲကနေ ထွက်လာဖို့ရာ ဆီးရီးယားနဲ့ ဖြစ်စေ၊ ယူကရိန်းနဲ့ ဖြစ်စေ၊ တခြား နိုင်ငံတွေက ဖြစ်ရပ်တွေနဲ့ ထပ်တူပြု ပြောနေမယ် ဆိုရင် လမ်းလွဲနေမယ်လို့ ကျွန်တော် ရှုမြင်ပါတယ်။
မြန်မာ့ အရေးပါ နိုင်ငံတကာ အကူအညီတွေ မလားဘူးလား ဆိုရင် ... လာမယ် ... ဒါပေမယ့် စစ်ရေးနည်းနဲ့တော့ မဟုတ်ပါဘူး။ ဒီတော့ NUG အနေနဲ့ ဖြစ်စေ၊ EAO အဖွဲ့တွေ အနေနဲ့ ဖြစ်စေ သူတို့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပုံဖော်တဲ့ အခါ စစ်ရေး အကူအညီ ရလာမလား ဆိုတဲ့ မျှော်လင့်ချက်ကို စွန့်ပစ်ဖို့ လိုပါတယ်။
ကုလသမဂ္ဂတပ်တွေ ဝင်လာပြီး တစ်နည်းနည်းနဲ့ ကြားဝင် အကာအကွယ် ပြုပေးလာမလား ဆိုတာမျိုးကလည်း စွန့်လွှတ်သင့်တဲ့ ရော်ရမ်း မှန်းဆချက်မျိုး ဖြစ်ပါတယ်။ ဒါတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ဘာဖြစ်နိုင်တယ်၊ ဘာမဖြစ်နိုင်ဘူးလဲ ဆိုတာတွေ အပေါ် ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှပဲ၊ ကိုယ်က ဘာတွေ တောင်းဆို ရမလဲ ဆိုတာလဲ သိမြင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုနက ကျွန်တော်တို့ ပြောခဲ့ကြတဲ့ လေကြောင်းရန် ကြိုတင် သတိပေး စနစ်မျိုးဆိုတာ တကယ် လက်တွေ့ ဖြစ်နိုင်ပါတယ်။
နိုင်ငံတကာ ဟိုတယ်တွေရဲ့ ခန်းမတွေမှာ မဖြစ်နိုင်တာတွေကို ဆွေးနွေး နေကြမယ့် အစား မြေပြင်ကသူတွေ၊ အရပ်သားတွေကို ဘယ်လို အကာအကွယ် အကူအညီတွေ လက်တွေ့ ပေးနိုင်သလဲ ဆိုတဲ့ အပေါ်မှာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
အဲဒီသူတွေဟာ စကစရဲ့ ရက်စက်ကျူးလွန်မှုတွေကို နေ့စဥ်နဲ့အမျှ လက်တွေ့ တွေ့ကြုံ ခံစားနေကြရသူတွေ ဖြစ်ပါတယ်။ သူတို့ကို အကာအကွယ် မပေးနိုင်ဘူး ဆိုရင် မြန်မာပြည်အရေးမှာ ကျွန်တော်တို့ ကျရှုံး နေတာပါပဲ။
တက်ကြွလှုပ်ရှားသူတို့ရဲ့ နိုင်ငံခြားရေးမူလား၊ တော်လှန်ရေး အစိုးရရဲ့ နိုင်ငံခြားရေးမူလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ NUG ရဲ့ တစ်နှစ်စီမံကိန်းကို ကြည့်မယ် ဆိုရင် သူတို့ အနေနဲ့ စစ်အာဏာရှင် စနစ် ဖယ်ရှားရေးမှာ မျက်နှာစာ ပေါင်းစုံကနေ လုပ်ဆောင် နေတာ ဖြစ်တယ်။ စစ်ရေးနည်းနာ တစ်ခုတည်း မဟုတ်ဘူး။ စစ်ရေးတင်မက ဘဏ္ဍာရေး၊ သံတမန်ရေး စသဖြင့် မျက်နှာစာ ပေါင်းစုံ ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ NUG အနေနဲ့ ဘယ်အပိုင်းမှာ ရလဒ်ကောင်းနဲ့ အားသာချက်တွေ ရှိနေလဲ .. ၂၀၂၃ ဟာ အဆုံးအဖြတ်နှစ် တကယ်တမ်း ဖြစ်လာနိုင်လား။
ဒေးဗစ်မက်သီဆန်။ ။ ကျွန်တော့် အနေနဲ့ ပထမဆုံး အချက်အနေနဲ့ အကြံပြု လိုတာကတော့ time frame လို့ ခေါ်တဲ့ တစ်နှစ် အတွင်း၊ ဘယ်အချိန် အတွင်း ဆိုပြီး ကာလ အပိုင်းအခြားနဲ့ ပြောနေတာတွေ မလုပ်သင့်ဘူး၊ ရပ်သင့်တယ်လို့ ထင်ပါတယ်။
အင်မတန်မှ မှန်းဆ တွက်ချက်ဖို့ ခက်လှတဲ့ ဝန်းကျင် အခြေအနေမျိုးမှာ အဒီလို အချိန်ကာလ အတိုင်းအတာ ကန့်သတ်တာမျိုး ဆိုတာ လုပ်ရမယ့် အရာ မဟုတ်ပါဘူး။ အဲဒီလို တစ်နှစ်အတွင်း ဆိုတဲ့ ပြောဆိုမှုဟာ လူတွေကို လမ်းလွဲစေတဲ့ အပြင်၊ စီမံခန့်ခွဲမှု ညံ့တာတွေ၊ ခေါင်းဆောင်မှု ညံ့တာတွေကို ပြသရာလည်း ရောက်ပါတယ်။
NUG အနေနဲ့ အလုပ်ဆောင်သင့်ဆုံး အရာကတော့ တိုင်းရင်းသား အင်အားစုတွေနဲ့ အကြား collective leadership လို့ ခေါ်တဲ့ စုပေါင်း ခေါင်းဆောင်မှုကို ထူထောင်ရမှာ ဖြစ်ပါတယ်။ NUG အနေနဲ့ သူတို့ကိုသူတို့ စကစကို တွန်းလှန်နေတဲ့ အင်အားစုတွေထဲက တစ်ခုလို့ သတ်မှတ် ပြောဆိုသင့်ပါတယ်။ အားလုံးရဲ့ premier အခေါင်အချုပ်အဖြစ် ပုံ မဖော်သင့်ပါဘူး။ သူတို့ အဓိက လိုအပ်ချက် အရှိဆုံး အပိုင်းဆိုရင် အဲဒီ အပိုင်းလို့ ကျွန်တော် ထောက်ပြချင်ပါတယ်။ သူတို့ဟာ အားလုံး အတူတကွ ပါဝင်ကြတဲ့ မဟာမိတ် ညွန့်ပေါင်း တစ်ခု အသွင် ဖွဲ့စည်းရေးမှာ အားနည်း နေတယ်လို့ ကျွန်တော် မြင်ပါတယ်။
EAO တွေထဲမှာ စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေတာ ဆယ်စုနှစ် ၇ ခု ကျော် ရှိနေပြီ ဖြစ်တဲ့ အဖွဲ့မျိုးလည်း ပါဝင်ပါတယ်။ သူတို့ အနေနဲ့လည်း NUG ကို စပြီး ပြောမယ့် စကားက တော်လှန်ရေးမှာ ရက်စွဲ မတတ်နဲ့ ဆိုတဲ့ စကားမျိုး ဖြစ်မယ် ထင်ပါတယ်။
ဒုတိယ အချက်ကတော့ .... ဝါရှင်တန်မြို့မှာ ရုံးခန်းဖွင့်တာမျိုးဖြစ်စေ၊ အနောက်နိုင်ငံတွေရဲ့ ဘယ်နေရာ ဘယ်နေရာတွေမှာ ရုံးခန်းတွေ ထားရှိတာကို လက်ညှိုးထိုးပြီး .. တိုးတက်မှုတွေ ရှိနေပြီလို့ ပြောလို့ မရနိုင်ပါဘူး။ မပြောသင့်ပါဘူး။ အနောက်နိုင်ငံတွေ တစ်နိုင်ငံချင်းစီအလိုက် ဘယ်လောက် ထောက်ပံ့နေလဲ ဆိုတာကို ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဥ်ကြည့်မယ် ဆိုရင် ပမာဏဟာ တကယ်တမ်း လျော့နည်း ကျဆင်းလာပါတယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ ကုလသမဂ္ဂရော ဥရောပ သမဂ္ဂအဖွဲ့ အီးယူရော ဆက်လက် ထောက်ပံ့ နေကြပါတယ်။
နောက်တစ်ချက်ကတော့ ကုလသမဂ္ဂရော ... အနောက်နိုင်ငံတွေကပါ မြန်မာ့အရေး အဖြေရှာရာမှာ အာဆီယံက ဦးစီးဦးဆောင် လုပ်သင့်တယ် ဆိုတာကို တစိုက်မတ်မတ် စွဲကိုင်ထားကြပါတယ်။ ဘုံသဘောတူချက် ၅ ရပ် အလုပ် မဖြစ်ရုံမက ဘယ် အခြေပဲ စိုက်စိုက် သူတို့က အဲဒီလို ပြောနေတာ ဖြစ်ပါတယ်။ ဆိုတော့ကား ... NUG အနေနဲ့လည်း bilateral ဆက်ဆံရေး လို့ခေါ်တဲ့ အာဆီယံ တစ်နိုင်ငံချင်းစီနဲ့ကြား ဆက်ဆံရေး ပိုပြီး တိုးမြှင့် တည်ဆောက်ဖို့ လိုပါတယ်။ ထိုင်းနိုင်ငံလည်း အခရာ ကျပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးကိုလည်း အာရုံစိုက် သင့်ပါတယ်။ ဒါတွေရဲ အဓိက အချက်ကတော့ NUG ဆိုတာ အနောက်အုပ်စု ဖန်တီးထားတဲ့ အနောက်အုပ်စု ကိုယ်ပွား ပရောက်ဇီ မဟုတ်ဘဲ၊ အရှေ့တောင်အာရှ၊ အာရှတွင်းက မိသားစုဝင် ဖြစ်တယ်ဆိုတာကို အများက ထင်ထင်ရှားရှား မြင်လာနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်ဟာ တော်လှန်ရေးရဲ့ ရေရှည် နိုင်ငံခြားရေး မူဝါဒကို မြင်တွေ့လိုပါတယ်။
ပြန်ချုပ်ပြီး ပြောရရင် NUG ရဲ့ အဓိက အားနည်းချက် အဖြစ် ကျွန်တော် ရှုမြင်တာကတော့ သူတို့ဟာ activist တက်ကြွလှုပ်ရှားသူများ သဖွယ်သာ နိုင်ငံခြားရေး မူမျိုး ထားရှိခဲ့ပါတယ်။ လူ့အခွင့်အရေး ချိူးဖောက် ခံရမှုတွေ အပေါ် အာရုံစိုက် အသားပေးပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ စွက်ဖက်မှု တစုံတရာ ရရှိလာဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါဟာ မှားယွင်းတယ်လို့ ကျွန်တော် မြင်ပါတယ်။ တော်လှန်ရေး အစိုးရ ဆိုရင် တော်လှန်ရေး အစိုးရရဲ့ နိုင်ငံခြားရေး မူမျိုး ရှိရမှာ ဖြစ်ပြီး၊ activist တွေ သဖွယ် မပြုမူ မကျင့်ကြံသင့်ပါဘူး။ activist တွေ ပြောနေတာတွေကို နားထောင်ပြီး လိုက်လုပ်နေတာမျိုးကိုလည်း ရပ်သင့်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စစ်ရေး ကြားဝင် စွက်ဖက်မှု၊ အကာအကွယ်ပြုမှု တစ်စုံတရာ ရှိလာမလား ဆိုတဲ့ မျှော်လင့်ချက်ဟာ အခု ၂ နှစ်တာမှာ မပြည့်မြောက် ခဲ့ဘူး ဆိုရင် လာမယ့် ၂ နှစ်တာမှာလည်း ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ မျက်မှောက် ပြုမိသင့်ပါတယ်။
ဒီတော့ တရားဝင်မှု legitimacy ဆိုတာဟာ ကုလသမဂ္ဂထံကနေ တောင်းနေရုံနဲ့ ရလာမယ့် အရာမျိုး မဟုတ်ပါဘူး။ ကုလသမဂ္ဂ မျက်နှာစာမှာ credential အရေး လုပ်ဆောင်နေတာတွေဟာ ကျင့်ဝတ်အရ မှန်ကန်တဲ့ အရာ၊ လုပ်သင့် လုပ်ထိုက်တဲ့ အရာ မလို့ လုပ်ဆောင်နေတဲ့ သင်္ကေတဆောင် လုပ်ဆောင်ချက်မျိုး အဖြစ်သာ သဘောထားသင့်ပါတယ်။၊
ဒါပေမဲ့ အခြေခံ အကျဆုံးကတော့ ကိုယ်ဟာ ဘာလဲ ဆိုတဲ့ လေးစားခံရမှုကို ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကနေသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ legitimacy ဆိုတာလည်း ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကနေသာ တည်ဆောက်ရတာမျိုး ဖြစ်ပါတယ်။ ငါတို့ ရသင့်လို့ ငါတို့တောင်းဆိုတယ် ဆိုတာမျိုးဟာ activist တွေရဲ့ ချည်းကပ်မှုမျိုး ဖြစ်ပါတယ်။
တကယ့် နိုင်ငံခြားရေးမူဆိုတာ ကိုယ်ဘာကို လက်တွေ့ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်လဲ၊ တကယ် လက်တွေ့ လုပ်ဆောင်ပြသလဲ ဆိုတဲ့ အပေါ် မူတည်ပြီး အားပေး ပံ့ပိုးသူတွေဟာလည်း ကိုယ့်ရဲ့နောက်မှာ လာပြီး ရပ်တည် ပေးလာကြမှာ ဖြစ်ပါတယ်။
မျှော်လင့်ရည်မှန်းတာတွေ ဖြစ်မလာခဲ့ရင်လည်း အဲဒီ အပေါ်မှာပဲ သောင်တင် ပြောဆို နေတာမျိုး မလုပ်ပဲ၊ တစ်နည်းမဟုတ်ရင် နောက်တစ်နည်း ဆိုတဲ့ အရန်စီမံကိန်းတွေ ဆိုတာ အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး ထားရှိသင့်ပါတယ်။
ကျွန်တော် အကြံပြုချက်ကတော့ အောင်မြင်မှုတွေ အကူအညီတွေ ဆိုတာ အပြင်က လာမှာ၊ မိုးပေါ်က ပြုတ်ကျလာမှာ မဟုတ်ဘဲ၊ ကိုယ်တိုင် တာဝန်ယူပြီး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အရအမိ ဖမ်းဆုပ် လုပ်ကိုင် ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အမြဲတမ်း မိတ်ဆွေ၊ ထာဝရ မဟာမိတ် ဆိုတာ မရှိဘဲ၊ အားလုံးဟာ အကျိုးစီးပွား ဆိုတာကို နားလည်ရမှာ ဖြစ်ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








