နိုင်ငံကူးလက်မှတ်လျှောက်မှု အားလုံးကို ရပ်ဆိုင်းထားပြီ

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ရင် လိုအပ်တဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု တွေ အခုအချိန်မှာ လုပ်လို့ မရတော့ပါဘူး။
နိုင်ငံကူးလက်မှတ် (Passport - ပတ်စ်ပို့) လျှောက်တာတွေ အားလုံးကို အင်္ဂါနေ့ (ဇန်နဝါရီလ ၁၇ ရက်) ကတည်းက ရပ်ဆိုင်းလိုက်တာလို့ သိရပါတယ်။
ရပ်ဆိုင်းတဲ့ကာလက ဘယ်လောက်လဲဆိုတာကို မသိကြရသလို၊ ဘာ့ကြောင့် ရပ်ဆိုင်းလိုက်တာလဲ ဆိုတဲ့ အကြောင်းရင်းကိုလည်း အခုထိ မသိရပါဘူး။
ဘီဘီစီက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဆက်သွယ်ပြီး ဒီအကြောင်းတွေကို မေးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားတာတွေကို စတင် ရပ်ဆိုင်း ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့ ကြိုတင်စာရင်းပေးတိုကင်ယူတဲ့ ဝက်ဘ်ဆိုက်ဆော့ဖ်ဝဲ ပြင်ဆင်ပြီးရင် ပြန်ဖွင့်ပေးမယ်လို့ ပြောထားခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအချိန်က Green Channel လို့ ခေါ်တဲ့ လျှောက်လို့ရတဲ့ လမ်းကြောင်း တကြောင်းပွင့်ခဲ့ ပါသေးတယ်။
အဲဒီလမ်းကြောင်းကနေ နှစ်နိုင်ငံချင်း သဘောတူညီမှုနဲ့ ပြည်ပကို အလုပ်သမား စေလွှတ်တဲ့ MOU အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွား မယ့်သူတွေ အတွက် နိုင်ငံကူးစာအုပ်လျှောက်ထားတာ ကို ဆက်ပြီး ခွင့်ပြုပေး ခဲ့ပါတယ်။
အခုတော့ အားလုံးရပ်သွားပါပြီ။
ရန်ကုန်မြို့ ရန်ကင်းမြို့နယ် စက်မှု ၁ လမ်းမကြီးမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဟာ လုံးဝပိတ်သွားပါပြီ။
တခြားမြို့တွေမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေလည်း ပိတ်ထားတယ် လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
“နိုင်ငံကူးလက်မှတ်လုပ်ပေးမယ်”ဆိုတာ လိမ်လည်တာသာဖြစ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနိုင်ငံတွင်း ဘယ်နေရာကနေမှ နိုင်ငံကူးလက်မှတ်လျှောက်လို့ မရတော့သလို နိုင်ငံကူးလက်မှတ်ရဖို့ ဘယ်လို လမ်းကြောင်းမှလည်း မရှိဘူးလို့ ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီတွေက ဆိုကြပါတယ်။
“သူတို့ရုံးကအစ ပိတ်ထားတာဆိုတော့ ဒီပြင် ဘယ်အပေါက်ကမှ ဝင်လို့မရတော့ဘူး။ ဘာ ချန်နယ် (Channel) မှလည်း သူတို့ဖွင့်ထားတာမရှိဘူး။ လိုင်းပေါ်မှာတော့ တင် ထားကြတာတွေ့တယ် ပတ်စ်ပို့လုပ်ဖို့ ဝန်ဆောင်မှုပေးတယ်တို့၊ အမြန်လုပ်ပေး တယ်တို့ ဘာညာစသဖြင့်တွေ၊ အဲဒါတွေက အကုန်လိမ်ဆင်တွေချည်းပဲ” လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တခုကို ဦးဆောင်နေတဲ့ အမျိုးသမီးတယောက်က ဘီဘီစီကို ပြောပါတယ်။
အခုလို နိုင်ငံကူးလက်မှတ် ထုတ်ပေးတာကို ပိတ်ထားတဲ့အချိန်မှာပဲ ဖေ့ဘွတ်ခ် နဲ့ ဗိုက်ဗာစတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကနေ ပတ်စ်ပို့ ရအောင် ပြုလုပ် ပေးတယ် ဆိုပြီး ကြော်ညာနေတာတွေ၊ ဝန်ဆောင်ခက ဘယ်လောက် ၊ ဘယ်လောက် ဆိုပြီး ငွေတောင်းနေတာတွေက ဆက်ရှိနေဆဲပါ။
ပြည်ပကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း အတွက်ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ ထွက်ကြသူတွေ ရှိပေမယ့် ထွက်တဲ့သူ အများစုက ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ကြမယ့် သူတွေပါ။
နိုင်ငံတွင်းမှာ အလုပ်တွေရှားပါးလာလို့ နိုင်ငံပြင်ပကို ထွက်ပြီးအလုပ်လုပ်ကြတဲ့ သူတွေထဲ ပြည်ပကို ထွက်နိုင်ဖို့ ကုန်ကျစရိတ်တွေအတွက် အတိုးနဲ့ ငွေချေးလာ ကြတဲ့သူတွေ၊ ကိုယ်ပိုင်ဆိုင်တဲ့ အိမ်ခြံမြေ၊ ဆိုင်ကယ် စတာတွေ ပေါင်နှံရောင်းချလာသူတွေ အများအပြားပါ။
နိုင်ငံကူးလက်မှတ်ရမယ်လို့ ဆိုရင် အခုအချိန်မှာ အဲဒါတွေက လိမ်တာသာဖြစ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ တယောက်က သတိပေးပါတယ်။
“ပွဲစားတွေကနေပြီးတော့ တချို့ဆို ၄ သိန်းနဲ့ အပြတ် ရမယ်။ တချို့ကလည်း ၂ သိန်းခွဲနဲ့ အပြတ် လုပ်ပေးမယ်လို့ ပြောကြတယ်။ ကိုယ့်တောင် လာဆွယ် နေကြသေးတာ။ ဟိုက တရားဝင်ပိတ်ထားတဲ့ အချိန်မှာ ဒါတွေက လိမ်တာဆိုတာ အသေအချာပဲလေ။ မယုံလို့ မလုပ်ဘူး။”
ပြီးခဲ့တဲ့ နှစ် ဇွန်လအတွင်းမှာပဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အနီးမှာ နိုင်ငံကူး လက်မှတ် အမြန်လုပ်ပေးမယ်ဆိုပြီး လူတယောက်ကို ကျပ် ၂သိန်းခွဲနှုန်းနဲ့ လူ ပေါင်း ၁၉ ယောက် ဆီကနေ လိမ်လည်ခဲ့တဲ့ သူတယောက်ကို ဖမ်းမိထားတယ်လို့ သက်ဆိုင်ရာ ရုံးက ထုတ်ပြန်ခဲ့ ပါသေးတယ်။








