အာတိတ်ကို ဖြတ်ပြီး မြောက်ပင်လယ်ရေလမ်းဖွင့်ဖို့ ရုရှား-တရုတ် ကြေညာ

russia

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ပင်လယ်ရေကြောင်းမှာ သုံးတဲ့ အဏုမြူ စွမ်းအင်သုံး ရေခဲခွဲ သင်္ဘောတွေ

အာတိတ် သမုဒ္ဒရာကို ဖြတ်ပြီး မြောက်ပင်လယ်ရေလမ်းဖွင့်ဖို့ ရုရှားနဲ့ တရုတ် အစိုးရတွေ ကြေညာခဲ့ပါတယ်။ ဒါဟာ မူလသုံးနေကျ ဆူးအက်တူးမြောင်းလမ်းနဲ့ အာဖရိကတိုက်ပတ်တဲ့လမ်းတွေထက် ပိုပြီးတိုတဲ့လမ်းကို ရှာတာပါ။

ရုရှား အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း (ရော့စ်အက်တမ်)နဲ့ ဟိုင်နန် ရန်ဖူး တရုတ်သင်္ဘောလိုင်း ကုမ္ပဏီကြား စိန့်ပီတာစဘတ်မှာ ကျင်းပတဲ့ နှစ်ပတ်လည် စီးပွားရေး ဖိုရမ်မှာ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။

တနှစ်ပတ်လုံး အာတိတ်ရေပြင်မှာ ပြေးဆွဲနိုင်တဲ့ ကုန်တင်သင်္ဘောငါးစင်း တည်ဆောက်ပြီး ဥရောပနဲ့ အာရှ-ပစိဖိတ် ဒေသအတွင်း ကုန်စည် ပို့ဆောင်ရေးလုပ်ဖို့အတွက် ဖက်စပ်လုပ်ငန်းတည်ထောင်ဖို့ ဒီစာချုပ်မှာ ပါဝင်ပါတယ်။

ရာသီဥတု ပူနွေးပြီး ပင်လယ်ရေခဲတွေ အရည်ပျော်ချိန်မှာ ရုရှားနိုင်ငံ မြောက်ဘက်က အာတိတ်လမ်းကြောင်း ပွင့်တတ်ပါတယ်။ ဒီလမ်းက ဥရောပနဲ့ အာရှကြား ဆက်တဲ့ တခြား ရေကြောင်းလမ်းတွေနဲ့ စာရင် ပိုပြီးတိုပါတယ်။

russia

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ပင်လယ်ရေကြောင်းကနေ အာရှနဲ့ ဥရောပ ဆက်သွယ်လို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အာတိတ်စင်္ကြံလမ်းကြောင်းဖွင့်ဖို့ အလားအလာတွေ ပြောခဲ့ကြောင်း ရိုက်တာ သတင်းမှာ ပါရှိပါတယ်။

ယူကရိန်းစစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကုန်သွယ်ရေးကလည်း အရှေ့ဘက်ကို ယိမ်းလာပါတယ်။

russia

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားမြောက်ပိုင်းက မမ်မန့်စ် ဆိပ်ကမ်းမြို့

၂၀၂၄ မှာ ခရီးစဉ် ၁၂ ခေါက် ပြေးဆွဲဖို့ ပြင်ဆင်ထားပြီး တနှစ်ကို ကုန် တန်ချိန် သန်း ၅ဝ ထိ ပို့နိုင်ဖို့ မျှော်လင့်ကြောင်း ရော့စ်အက်တမ်ရဲ့ အာတိတ် ဖွံ့ဖြိုးမှု အထူးကိုယ်စားလှယ် ဗလာဒီမာ ပါနော့ဗ် က ပြောပါတယ်။

ရော့စ်အက်တမ်ဟာ မနှစ်ကလည်း ဒူဘိုင်းက ဒီပီကမ္ဘာ ကုမ္ပဏီနဲ့ ပေါင်းပြီး အာတိတ်ကို ဖြတ်တဲ့ ကုန်တင်သင်္ဘောလိုင်း ထူထောင်ဖို့ ဖက်စပ် လုပ်ခဲ့ပါသေးတယ်။ ရာသီဥတု ပြောင်းလဲပြီး အာတိတ် ရေခဲတွေ ပျော်လာမှုကြောင့် ဒီလမ်းက ပိုပြီး သွားရလွယ်လာပါတယ်။

ရော့အက်တမ်အနေနဲ့ ၂၀၂၃ မှာ ကုန်စည် တန်ချိန် နှစ်သန်းကျော် စံချိန်တင် ပို့နိုင်ခဲ့ကြောင်း ပါနော့ဗ်က ပြောပါတယ်။

ဒီနှစ်မှာတော့ တန်သုံးသန်းထိ စံချိန်ထပ်တင်ပြီး ပို့ဖို့ သင်္ဘောကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်သုံး ဓာတ်ငွေ့အတွက် ကမ္ဘာအရပ်ရပ်က တင်သွင်း

မြောက်ပင်လယ် ရေကြောင်းက သင်္ဘောကုန်စည် ပို့ဆောင်ရေးမှာ အရေးကြီးတဲ့ အပြောင်းအလဲသစ် ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့တယ်လို့ ဒီပီကမ္ဘာရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ ဆူလတန် အာမက်ဘင် ဆူလေယမ်က ပြောပါတယ်။

စျေးကွက်အတွင်း ကုန်စည် ထုတ်လုပ်မှု ပြဿနာတွေနဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်တွေကြောင့် သမားရိုးကျ ပင်လယ်ရေကြောင်း တင်ပို့မှုတွေကို လမ်းသစ်တွေနဲ့ အစားထိုးဖို့ လိုနေပြီလို့ ပြနေပါတယ်။

russia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရုရှားဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးပါဆဲလို့ဆို

ဒီအချိန်မှာပဲ ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုရှိပေမယ့်လည်း ရုရှားဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးကြီးတဲ့နေရာက ဆက်ရှိနေဆဲ ဖြစ်ကြောင်း စိန့်ပီတာစဘတ်က စီးပွားရေး ဖိုရမ်မှာ ရုရှား သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေနဲ့ ကုန်သွယ်ရေး သိသိသာသာ တိုးတက်လာတယ်လို့ သူက ဆိုပါတယ်။

အာရှနဲ့ ကုန်သွယ်ရေးမှာတော့ ၂၀၂၀ နဲ့ ၂၀၂၃ ကြား ၆ဝ ရာခိုင်နှုန်းထိ တိုးတက်လာတယ်လို့ ပြောပါတယ်။

ရုရှားကုန်စည်တွေကို မိတ်ဆွေမပီသတဲ့ နိုင်ငံတွေက ငွေကြေးနဲ့ ဝယ်ယူမှုတွေလည်း ၅ဝ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းလည်း မစ္စတာ ပူတင်က ပြောကြားခဲ့ပါတယ်။

ဒီထဲမှာ အမေရိကန်ဒေါ်လာ၊ ဗြိတိသျှပေါင်စတာလင်နဲ့ ယူရိုငွေနဲ့ ပေးချေတာတွေ ပါပါလိမ့်မယ်။

ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်တဲ့ ဘရစ်အုပ်စုဝင် နိုင်ငံတွေမှာ သုံးတဲ့ ငွေနဲ့ ငွေပေးငွေချေ ကိစ္စတွေ ပိုတိုးလာဖို့လည်း ရည်မှန်းတယ်လို့ ပူတင်က ဆိုပါတယ်။