ယူကရိန်းစစ်ပွဲ - တရုတ်က ရုရှားကို ဘာတွေ ထောက်ပံ့ပေးနေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ဟာ ရုရှားကို လက်နက်ခဲယမ်းမီးကျောက်တွေ တင်ပို့ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကစွပ်စွဲတာကို တရုတ်က ငြင်းပါတယ်။
ဒါပေမဲ့ တရုတ်ဟာယူကရိန်းရောက်ရုရှားတပ်တွေကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေပံ့ပိုးကူညီပေး နေပြီးသားတောင် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတချို့က ယူဆကြပါတယ်။ တရုတ်ဟာ ရုရှားအတွက် အရေးပါတဲ့ ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်လာပါတယ်။
တရုတ်ဟာရုရှားကို လက်နက်ထောက်ပံ့နေသလား
တရုတ်ဟာ စစ်လက်နက်ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့မြှင့်တင်နေတဲ့အတွက် အခုဆိုရင် ကမ္ဘာမှာ စတုတ္ထမြောက် လက်နက်အများဆုံးရောင်းချတဲ့နိုင်ငံကြီး ဖြစ်နေပါပြီ။ တရုတ်ရဲ့ လက်နက်တင်ပို့ရောင်းချမှုဟာ တကမ္ဘာလုံးလက်နက်တင်ပို့ရောင်းချမှုရဲ့ ၄.၆ ရာနှုန်းရှိပါတယ်။ အမေရိကန်က ၃၉ ရာနှုန်းနဲ့ ပထမ၊ ရုရှားက ၁၉ ရာနှုန်းနဲ့ ဒုတိယ၊ ပြင်သစ်က ၁၁ ရာနှုန်းနဲ့ တတိယဖြစ်ပါတယ်။
အခုအခါ တရုတ်လက်နက်တွေဟာ အဆင့်ပိုမြင့်လာနေပြီလို့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနက ဆိုင်မွန်ဝက်ဇမင်ကဆိုပါတယ်။
“တရုတ်လုပ်ဒရုမ်းတွေကိုဆိုရင် ရုရှားကသိပ်စိတ်ဝင်စားမှာပဲ” လို့လည်း သူက ဆိုပါတယ်။
တရုတ်ဟာရုရှားကို တိုက်ခိုက်ရေးလက်နက်မဟုတ်တဲ့ ထောက်ပို့ပစ္စည်းတွေကူညီနေတယ်လို့ အမေရိကန်က စွပ်စွဲထားပြီးသားပါ။ အခုတော့ တိုက်ခိုက်ရေးလက်နက်တွေပါ ပို့နေတာဖြစ်နိုင်တယ်လို့ ထပ်မံစွပ်စွဲလိုက်တာပါ။
အကူအညီတိုးမြှင့်ထောက်ပံ့ခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေက မသေးဘူးလို့ အမေရိကန်က တရုတ်ကို သတိပေးပါတယ်။ တရုတ်ဟာရုရှားကို လက်နက် ပြောင်ပြောင်တင်းတင်း ထောက်ပံ့တာမျိုးမလုပ်ပေမဲ့ စစ်ရေးအသုံးပြုနိုင်တဲ့ နည်းပညာအဆင့်မြင့်ပစ္စည်းတွေကို တိတ်တဆိတ်ရောင်းချနေတာမျိုးတော့ ဖြစ်နိုင်တယ်လို့ International Institute of Strategic Studies ရဲ့ စီးပွားရေးပိတ်ဆို့မှုရေးရာကျွမ်းကျင်သူ မာရီယာရှာဂီနာက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“တရုတ်ဟာ ဆီမီးကွန်ဒတ်တာတင်ပို့ရောင်းချတဲ့ အကြီးဆုံးနိုင်ငံဖြစ်ပြီး တခါတလေမှာ ဟောင်ကောင်နဲ့ ယူအေအီးနိုင်ငံ ရှဲလ် ကုမ္ပဏီတွေကနေတဆင့် ရုရှားကိုရောင်းချနေကြောင်း အထောက်အထားရှိတယ်” လို့လည်း သူကဆိုပါတယ်။
“တချို့တရုတ်ကုမ္ပဏီတွေဟာ အရပ်ဖက်သုံးဒရုမ်းတွေကို ရောင်းချပေးနေပါတယ်။ အရပ်ဖက်သုံးဒရုမ်းတွေဟာ စစ်လက်နက်ဟုတ်မဟုတ် အဖြူအမည်းမသဲမကွဲဖြစ်နေတာကို အခွင့်ကောင်းယူ အသုံးချနေတာ” လို့လည်း သူကဆိုပါတယ်။
လေယာဉ်ပစ်မစ်ဇိုင်းရေဒါအတွက် ရုရှားတို့လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေကိုလည်း တရုတ်ကုမ္ပဏီတွေက ပို့ကောင်းပို့နေလိမ့်မယ်လို့ အမေရိကန်အခြေစိုက် Center for Advanced Defense Studies ကဆိုပါတယ်။
ယူကရိန်းကို ရုရှားဘက်ကနေ တိုက်ပေးနေတဲ့ ကြေးစားတပ်ဖွဲ့တွေအတွက် ဂြိုဟ်တုရုပ်ပုံတွေ ပေးပို့နေတယ်လို့ အမေရိကန်တို့ယူဆတဲ့ တရုတ်ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပါတယ်။
စီးပွားရေးအရ ဘယ်လိုအကူအညီပေးနေသလဲ
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ရုရှားပို့ကုန်ရေနံနဲ့ နည်းပညာအဆင့်မြင့်ပစ္စည်းတွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူခဲ့ပါတယ်။ အဲသလိုအရေးယူလိုက်တဲ့အတွက် အမေရိကန်၊ ဗြိတိန်၊ အီးယူနိုင်ငံကုမ္ပဏီတွေဟာ ရုရှားကို အဆက်ဖြတ်ပေးလိုက်ရပါတယ်။ ကုန်သွယ်မှုပမာဏလည်း ထိုးကျသွားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ရုရှားကုန်သွယ်မှုပမာဏကတော့ ၂၀၂၂ ခုနှစ်မှာ ၃၀ ရာခိုင်နှုန် းမြင့်တက်သွားပြီး စုစုပေါင်းပမာဏ ဒေါ်လာ ၁၉၀ ဘီလျံအထိ စံချိန်သစ်တင် ရောက်ရှိသွားပါတယ်။

တရုတ်ကနေ ရုရှားကို ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးက ဒေါ်လာ ၇၆ ဘီလျံရှိတဲ့အတွက် ၁၃ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။ ရုရှားကနေ တရုတ်ကိုကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးကတော့ ဒေါ်လာ ၁၁၄ ဘီလျံရှိတဲ့အတွက် ၄၃ ရာခိုင်နှုန်းမြင့်တက်သွားခဲ့ပါတယ်။
အနောက်နိုင်ငံတွေနဲ့ ရုရှားရဲ့ ကုန်သွယ်ရေးထိုးကျသွားခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တရုတ်နဲ့ကုန်သွယ်ရေးဟာ ကျမသွားရုံသာမက အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သွားပါတယ်။

ရုရှားရေနံနဲ့ဓာတ်ငွေ့ကို တရုတ်နိုင်ငံဝယ်ယူတဲ့ပမာဏ
၂၀၂၂ ခုနှစ်အတွင်း ရုရှားကနေ တရုတ်နိုင်ငံဆီတင်ပို့တဲ့ LPG ရေနံဓာတ်ငွေ့အရည်ပမာဏဟာ အရင်နှစ်ထက် ၂ ဆက်မြင့်တက်သွားခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့တင်ပို့မှုကတော့ အရင်တနှစ်ကထက် ၅၀ ရာခိုင်နှုန်းတိုးသွားပါတယ်။ ရေနံစိမ်းတင်ပို့မှုကလည်း ၁၀ ရာခိုင်နှုန်းတိုးသွားပါတယ်။ တရုတ်တို့ တိုးရသွားတဲ့ အဲဒီပမာဏဟာ ဥရောပသမဂ္ဂလက်လွှတ်ဆုံးရှုံးလိုက်ရတာတွေရဲ့ တစိတ်တဒေသပါပဲ။
၂၀၂၁ ခုနှစ်မှာ ရုရှားက ဥရောပသမဂ္ဂနိုင်ငံတွေဆီကို သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းတင်ပို့ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းပဲ တင်ပို့ပါတော့တယ်။ ရေနံတင်ပို့မှုကတော့ ၂၀၂၁ ခုနှစ်မှာ ၂၆ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်းသာရှိပါတော့တယ်။
ရုရှားအစိုးရ နှစ်စဉ်ရရှိနေတဲ့ ဝင်ငွေရဲ့ တဝက်နီးပါးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ရတာပါ။ ရုရှားရဲ့ ဝင်ငွေ အသက်သွေးကြောမကို ဖြတ်တောက်ဖို့အတွက် အနောက်နိုင်ငံတွေက သူတို့ဝယ်ယူနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို လျှော့ချဖြတ်တောက်ပစ်ပေမဲ့ သူတို့ဖြတ်တောက်သမျှဟာ တရုတ်နိုင်ငံအမြတ်ထွက်ဖို့သာ ဖြစ်ခဲ့ပါတယ်။
ရုရှားရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့အတွက် ရုရှားဆီကနေ ဝယ်ယူတဲ့ ရေနံနဲ့ ဓာတ်ငွေ့ကို ဘယ်လောက်ထက် ပိုမဝယ်ရ၊ ဘယ်စျေးထက်ပိုမပေးရဆိုတဲ့ အမြင့်ဆုံးသတ်မှတ်ချက်တွေထားဖို့ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ သြစတြေးလျတို့က သဘောတူခဲ့ကြပေမဲ့ တရုတ်က ငြင်းဆိုပယ်ချခဲ့ပါတယ်။ ဥရောပနိုင်ငံတွေဆီ ရောင်းချမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဟာ တရုတ်နိုင်ငံဆီ ရောက်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ရုရှားဟာ ဆိုက်ဘေးရီးယား ၂ ဆိုတဲ့ ဓာတ်ငွေ့ပိုက်လိုင်းအသစ်တည်ဆောက်ဖို့ သဘောတူထားခဲ့ကြပါပြီ။ လက်ရှိပိုက်လိုင်းကို ၂၀၁၉ ခုနှစ်တုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ စာချုပ်ချုပ်ဆိုထားပါတယ်။ နှစ် ၃၀ အတွင်းမှာ ဒေါ်လာဘီလျံ ၄၀၀ ကျော်ရောင်းချဖို့လည်း သဘောတူထားပါတယ်။ အခုအသစ်ဆောက်လုပ်ဖို့ သဘောတူထားတဲ့ ဆိုက်ဘေးရီးယား ၂ ပိုက်လိုင်းသစ်မှာ ဓာတ်ငွေ့တွေ ဘယ်တော့ပို့လွှတ်မယ်ဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။








